သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ နယ်စပ်ဒေသ ဥပဒေမဲ့လုပ်ငန်းတွေမှာ Starlink အသုံးပြုမှုတွေရှိ


SpaceX ကုမ္ပဏီရဲ့ Starlink ဆက်သွယ်ရေးစနစ် အင်တာနာ
SpaceX ကုမ္ပဏီရဲ့ Starlink ဆက်သွယ်ရေးစနစ် အင်တာနာ

မြန်မာနိုင်ငံ နယ်စပ်ဒေသတွေက အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေ အပါအဝင် ဥပဒေမဲ့ လုပ်ရပ်တွေမှာ SpaceX ကုမ္ပဏီရဲ့ Starlink ဆက်သွယ်ရေးစနစ်ကို အသုံးချတာတွေ ရှိနေတယ်လို့ နယ်စပ်ဒေသ အကဲခတ်တချို့က ပြောပါတယ်။ ဂြိုဟ်တုကနေ အင်တာနက်ကို ချိတ်ဆက် အသုံးပြုနိုင်တာကြောင့် ဝေးလံခေါင်ဖျားဒေသတွေမှာ အသုံးဝင်တဲ့ Starlink ကို သုံးစွဲမှုတွေ တွင်ကျယ်လာတာနဲ့အမျှ စိန်ခေါ်မှုတွေလည်း ရှိလာနေတာပါ။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာ ထိုင်းနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံနဲ့ ထိုင်းမြန်မာနယ်စပ်တွေမှာတော့ မြန်မာဘက်က တရုတ်ကျားဖြန့် အွန်လိုင်းလိမ်လည်ဂိုဏ်းတွေကို နှိမ်နင်းဖို့အတွက် ပိုပြီးတင်းတင်းကြပ်ကြပ်လုပ်လာပါတယ်။ မြန်မာတော်လှန်ရေး အင်အားစုတွေက အင်တာနက်လိုင်းတွေလွယ်ကူချောမွေ့စေဖို့ starlink ဆက်သွယ်ရေးစနစ် ကို အသုံးပြုလာချိန်မှာ အွန်လိုင်းလိမ်လည်ဂိုဏ်းတွေကလည်းအစိုးရတွေကိုမှီခိုစရာမလိုတဲ့ဆက်သွယ်ရေးစံနစ်ကို အသုံးပြုလာတယ်လို့ Synergy လူမှု သဟဇာတ ဖော်ဆောင်ရေးအဖွဲ့က အမှုဆောင်ဒါရိုက်တာဦးသက်ဆွေဝင်းကအခုလိုပြောပြပါတယ်။

"starlinkက တရုတ်ကျားဖြန့်ဂိုဏ်းတွေအနေနဲ့ မြန်မာဘက်ကဖိအားပေးလာတဲ့အခါ ထိုင်းဘက်ကကျပ်လာတဲအ့ခါမှာ အဲဒီ starlinkကို သူတို့က သုံးလာတယ် သူတို့က IDတွေ ခြေရာခံလို့မရအောင်လုပ်တဲ့အခါမှာပိုခက်အောင်အဲဒါကိုသုံးလာတယ်၊ အင်တာနက်လိုင်းမမိတဲ့နေရာမှာပိုပြီးအဆင်ပြေအောင်သုံးလာကြတယ် အရာရာထိုင်းကိုပဲမှီခိုပြီးလုပ်တဲ့အခါမှာထိုင်းဘက်ကပိတ်ဆို့လာတဲ့အခါမှာ ထိုင်းကိုမှီခိုစရာမလိုအောင်လုပ်တဲ့ဆက်သွယ်ရေးလိုင်း စနစ်တခုသို့မဟုတ် မြန်မာပြည်ကိုမှီခိုစရာမလိုအောင်လုပ်တဲ့စနစ်တခုလုပ်ကြပုံရပါတယ်။"

ထိုင်းအာဏာပိုင်တွေကတော့ starlink ဝယ်ယူတဲ့ အွန်လိုင်းလိမ်လည်ဂိုဏ်းတွေကို သူ့နိုင်ငံထဲမှာ နှိမ်နင်းဖို့အတွက်ကြိုးစားရင်းနဲ့ starlink ကိုအသုံးပြုနေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ စစ်ကောင်စီကိုဆန့်ကျင်နေတဲ့ သူတွေလည်း စစ်ဆေးဖမ်းဆီးတာတွေကြုံရတယ်လို့လည်းဦးသက်ဆွေဝင်းကပြောပါတယ်။

"starlinkစတားလင့်ကို ကျားဖြန်ံဂိုဏ်းတွေနဲ့ပတ်သက်ပြီးတော့စစ်တဲ့အခါမှာstarlinkစတားလင့်ဝယ်တဲ့ လိပ်စာတွေလိုက်လံစုံစမ်းတော့ ကျနော်တို့ တော်လှန်ရေးနဲ့ပတ်သက်တဲ့ရုံးတွေအိမ်တွေ စစ်ဆေးခံရတယ် "

အခုဆိုရင်မြန်မာနိုင်ငံကရင်ပြည်နယ် ရွှေကုက္ကိုလ်မြို့သစ်မှာအခြေတည်လှုပ်ရှားနေတဲ့ အွန်လိုင်းလိမ်လည်ဂိုဏ်းကို နိင်ငံတကာကပိုမို့သတိထားလာပြီး အဲဒီထဲမှာပိတ်မိနေတဲ့ သူတို့နိုင်ငံသာေးတွ လွတ်မြောက်အောင်ကြိုးစားနေရာမှာပြီးခဲ့တဲ့ရက်ပိုင်းကပဲ မြန်မာနယ်စပ်မှာအဖမ်းခံထားရတဲ့ မော်ရိုကို နိုင်ငံသား ၂၀၀ကျော် ပြန်လွတ်မြောက်ရေးအတွက်ကြိုစားလာကြပါတယ်။ မော်ရိုကိုနိုင်ငံသားတွေဟာ မြန်မာနယ်စပ်က တရုတ်လူမျိုးတွေရဲ့အွန်လိုင်းလိမ်လည်ဂိုဏ်းတွေမှာအလုပ်လုပ်နေရတယ်လို့ယူဆပြီး ညှဉ်းပန်းနှိပ်စက်ခံရမှု၊ အာဟာရချို့တဲ့မှု၊ ဆေးကုခွင့်မရမှုစတဲ့ပြသနာတွေအပြင် အတင်းအကျပ်အလုပ်ခိုင်းစေခံရတာတွေခံနေရတယ်လို့ ဆိုပါတယ်။ ဒီထဲကနေ ပြန်လွတ်လာသူတွေကို ကိုးကားပြီး သတင်းတွေကဖော်ပြခဲ့တာပါ။

အဖမ်းခံရတဲ့မော်ရိုကို နိုင်ငံသားတွေပြန်လွတ်မြောက်အောင် ကူညီဖို့ မော်ရိုကိုမြို့တော် ရာဘတ်မှာရှိတဲ့ တရုတ်သံရုံး၊ မော်ရိုကို နိုင်ငံခြားရေးဝန်ကြီးရုံးနဲ့ အာဖရိကန်ပူးပေါင်းဆောင်ရွက်ရေးရုံးတွေရှေ့မှာ မေလ ၁၆ ရက်နေ့က မိသားစုဝင်တွေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဒါအပြင် တရုတ်နိုင်ငံကလာကြတဲ့ တရုတ်နိုင်ငံသား လင်မယား ၂ ဦးဟာ ထိုင်းနိုင်ငံထဲကို ရောက်ပြီးမှ ပျောက်ဆုံးသွားခဲ့ကြောင်း သူတို့ဟာမြ၀တီက တရုတ်ကျားဖြန့် လိမ်လည်ဂိုဏ်းတွေမှာ ရောင်းစာခံရတယ်လို့သံသယရှိကြောင်း တရုတ်ရဲတွေကိုအမှုဖွင့်တိုင်ကြားတာကြောင့် တရုတ်ရဲတွေကလိုက်လံစုံစမ်းနေတယ်လို့ ဒီရက်ပိုင်းမှာပဲ တရုတ်နိုင်ငံကသတင်းတွေမှာလည်းဖော်ပြကြပါတယ်။သူတို့တွေဟာ မြ၀တီမြို့မှာပိတ်မိနေတယ်လို့ မိသားစုကိုကိုးကားပြီးတရုတ်နိင်ငံထုတ်သတင်းတွေမှာ ဖော်ပြကြပါတယ်။

၂၀၂၃ ခုနှစ် ဇူလိုင်လကနေ စပြီး အခု မေလအထိ အင်တာနက်ငွေလိမ်လည်မှုရာဇဝတ်မူတွေနဲ့ဆက်စပ်နေတဲ့ သံသယရှိသူ လူ၄၉,၀၀၀ ကျော်ကို တရုတ်အစိုးရထံ မြန်မာနိုင်ငံက လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တရုတ်နိုင်ငံပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန (MPS) က မေလ ၂၇ရက်နေ့က လည်းသတင်းထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာအစိုးရတွေကဖိအားပေးမူတွေဖြစ်လာချိန်မှာတော့ ကရင်ပြည်နယ်၊ မြ၀တီခရိုင်အတွင်းက ရွှေကုက္ကိုလ်မြို့မှာရှိတဲ့ အွန်လိုင်း လိမ်လည်ဂိုဏ်းတွေ၊ ရာဇဝတ်မှုလုပ်ငန်းတွေ လုပ်နေတဲ့ ကျားဖြန့် အွန်လိုင်း လိမ်လည်ဂိုဏ်းတွေ ထွက်ခွာပေးကြဖို့ သူတို့ကိုမြေနေရာဌားရမ်းပေးပြီး လစဉ်ဝင်ငွေ ဘတ်ငွေသန်းနဲ့ချီဝင်နေတဲ့ ကရင်ပြည်နယ်အတွင်းက နယ်ခြားစောင့်တပ် BGF က မေလ ၁၅ရက်နေ့က လိုက်လံနှိုးဆော်တာ၊ ပိုစတာတွေကပ်တာတွေ လုပ်ခဲ့ပါတယ်။

ငွေလိမ်လုပ်ငန်းတွင် အဓိကပါဝင်သူတွေထဲမှာ ကရင်ပြည်နယ်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ၃ ဦးပါဝင်တယ်လို့ United States Institute of Peace (USIP) အဖွဲ့က ဧပြီလ ၂၂ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဗိုလ်မှူးကြီး စောချစ်သူနဲ့ ဗိုလ်မှူး တင်ဝင်းတို့ကတော့ အွန်လိုင်လိမ်လည်ဂိုဏ်း ကျားဖြန့်လုပ်ငန်းတွေအတွက် လက်ခံနေရာချပေးတာ၊ လုံခြုံရေး အကာအကွယ်ပေးထားတာတွေ၊ တခြား အကူအညီပေးမှုတွေ လုပ်ဆောင်နေပြီး မြဝတီမြို့နယ်နဲ့ ရွှေကုက္ကိုလ်မြို့က အွန်လိုင်းလိမ်လည်ဂိုဏ်း ကျားဖြန့်စင်တာတွေကို လုပ်ကိုင်ဆောင်ရွက်နေတယ်လို့ USIP က ပြောဆိုထားပါတယ်။ ဒီလိုပြောဆိုပြီးနောက်ပိုင်းမှာ BGF ဘက်ကလည်း သူတို့နယ်မြေအတွင်းမှာနိုင်ငံခြားသား ၃သောင်းလောက်ရှိနေတယ်ဆိုတာကိုဝန်ခံခဲ့ပေမယ့် အွန်လိုင်းလိမ်လည်ဂိုဏ်းလုပ်တာတွေကို သူတို့မသိရဘူးလို့လည်း တုံ့ပြန်ထားပါတယ်၊အခုဆိုရင်နိုင်ငံပေါင်း ၃၀ကျော်ကနိုင်ငံခြားသားတွေဟာ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေမှာအတင်းအကြပ် စေခိုင်းခံနေရတယ်လို့လည်း နိုင်ငံတကာသတင်းတွေမှာလည်း ဖော်ပြကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG