သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆယ်မှာ ကျားဖြန့်ငွေလိမ်ဂိုဏ်းကို ဝင်ဖမ်းစဉ် ပစ်ခတ်မှုဖြစ်ပွား


မူဆယ်မြို့ မင်္ဂလာမူဆယ် ဈေးဝယ်စင်တာ (ယခင်ပုံဟောင်း)
မူဆယ်မြို့ မင်္ဂလာမူဆယ် ဈေးဝယ်စင်တာ (ယခင်ပုံဟောင်း)

ရှမ်းပြည်နယ်၊ မူဆယ်မြို့မှာ ဆက်ရှိနေတဲ့ ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေ အပါအဝင် လောင်းကစားဝိုင်းတွေကို မြန်မာရဲနဲ့ စစ်တပ်က ဒီကနေ့ မနက်ပိုင်းမှာ ၀င်ရောက်နှိမ်နင်းရာက အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ မျက်မြင်တွေက ဗွီအိုအေကို ပြောပါတယ်။ လက်ရှိမှာတော့ မူဆယ်မြို့ အဝင်အထွက် လမ်းတချို့လည်း ပိတ်ထားတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

တရုတ်-မြန်မာ နယ်စပ်ဂိတ်နားက မင်္ဂလာမူဆယ် စျေးဝယ်စင်တာဝန်းထဲမှာ ဒီနေ့မနက်ပိုင်းက ပစ်ခတ်မှုတချို့ဖြစ်ခဲ့ပြီး စျေးဆိုင်ခန်းတွေနဲ့ အနီးနားက အဓိက လမ်းမတချို့ကိုလည်း ပိတ်ထားလိုက်ကြောင်း မူဆယ်ဒေသခံတချို့က ပြောပါတယ်။ ကျားဖြန့် အွန်လိုင်း ငွေလိမ်နဲ့ လောင်းကစားတွေ လုပ်ကိုင်နေတဲ့ တရုတ်လူမျိုးတွေကို မြန်မာရဲ၊ ပြည်သူ့စစ်အဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးရာက ကျားဖြန့် လုပ်ငန်းရှင်တွေဘက်က ပြန်ပြီး ပစ်ခတ်ခဲ့တယ်လို့ မျက်မြင်ကြုံတွေ့သူတချို့က ပြောပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့စစ်အဖွဲ့က လမ်းပေါ်မှာတွေ့သမျှ တရုတ်လူမျိုးတွေကို အကုန်လိုက်လံ ဖမ်းဆီးနေကြောင်း မျက်မြင်ကြုံခဲ့သူတဦးက အခုလိုပြောပါတယ်။

" အခုက ဆိုင်ခန်းတွေထဲမှာ တံခါးပိတ်ပြီးတော့ နေနေရတာ၊ စစ်သားတွေ၊ ရဲတွေ၊ ပြည်သူ့စစ်တွေက ဝန်းရံထားတယ်ပေါ့။ လမ်းမှာ တရုတ်လို့ပြောရင် ဖမ်းနေတာ၊ မှတ်ပုံတင်တွေ စစ်ပြီးတော့ဖမ်းနေတာ။ ဒီနေ့ပစ်ခတ်မှုက ဘာဖြစ်လို့လဲတော့မသိဘူး ဒါပေမဲ့ တရုတ်တွေတော့ ဖမ်းတယ်၊ ဒီမင်္ဂလာမူဆယ်နားမှာ ကုမ္ပဏီ (တခု)ရှိတယ်၊ အဲဒီထဲမှာ မှောင်ခို တရုတ်တွေပေါ့နော် ကားအကြီးကြီးနဲ့ ဝင်ဖမ်းတာ။ ဘယ်အဖွဲ့နဲ့ ဖြစ်လဲတော့မသိဘူး အခုထိတော့ မင်္ဂလာမူဆယ်ထဲမှာ သုံးဖွဲ့ ပေါင်းထားတယ်ပေါ့။ လူရာချီဆန့်တဲ့ ထော်လာဂျီ အကြီးကြီးနဲ့ ဖမ်းသွားတာ တွေ့တယ်၊ လမ်းမကြီးဘက်မှာ။ မူဆယ်က စီးပွားရေးမြို့တော်ဆိုတော့ တရုတ်တွေ အဓိကစီးပွားရေးလုပ်တဲ့ မြို့ဖြစ်နေတော့လေ ဒီညတော့ အခြေအနေကြည့်ထားလို့ ပြောတယ်၊ ညီမတို့ အိမ်ပြန်လို့မရသေးဘူး၊ လမ်းတွေပိတ်ထားတာ။ ဒီဘက်မူဆယ်မြို့ကိုပဲ ချိန်နေကြတာ အားလုံး၊ တိုင်းရင်းသား လက်နက်ကိုင်တွေရော၊ ကချင်တွေ၊ ပလောင်တွေ၊ ရှမ်းတွေရော အများကြီးပဲပေါ့။ ပြောရမယ်ဆိုရင် သိမ်းချင်နေတာ။"

လူမှုကူညီရေးတချို့ကလည်း မြန်မာစစ်တပ်က ဒီလုပ်ငန်းတွေကို ဝင်ဖမ်းရင်း ကျားဖြန့်မှာ လုံခြုံရေးယူထားတဲ့ လက်နက်ကိုင်တချို့နဲ့ ပစ်ခတ်မှု ဖြစ်ခဲ့တာလို့ ပြောပါတယ်။

"ကျားဖြန်တွေကို တပ်ကဝင်ဖမ်းတယ်လို့ ပစ်ခတ်မှုဖြစ်တယ်လို့ ကြားတယ်။ မြို့အစွန် တရုတ်ပြည်နဲ့ ရွှေလီမြစ်ပဲခြားတဲ့ နယ်စပ်ဘေးမှာပေါ့နော်။ ကြာတော့ကြာပြီ လုပ်နေတာ၊ ကြည့်ရတာ အယောင်ပြပဲလား၊ တကယ်ဖမ်းပြတာလားတော့ မသိဘူး။"

ဒီနှစ် မတ်လ ၂၉ရက်ကလည်း မူဆယ်မြို့က ရွှေဆင်ဟိုတယ်အပါအဝင် ကျားဖြန့်အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေနဲ့ လောင်းကစားလုပ်ငန်းပေါင်း ၆၀ နီးပါးကို စစ်ကောင်စီတပ်နဲ့ တရုတ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး သုံးရက်ကြာ စစ်ဆင်ရေးမှာ လူပေါင်း ၃၀၀ နီးပါးဖမ်းဆီးခဲ့တာပါ။

အခုတကြိမ် ဖမ်းဆီးတာမှာလည်း တရုတ်နယ်ခြားစောင့် လုံခြုံရေး တပ်ဖွဲ့တွေလည်း စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းပါ၀င်ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ ဗွီအိုအေအနေနဲ့ သီးခြား အတည်ပြုလို့တော့ မရသေးပါဘူး။

မူဆယ်က ကျားဖြန့်လုပ်ငန်းတွေဟာ စစ်ကောင်စီရဲ့ တပ်မ (၉၉)ရဲ့ အကာကွယ်နဲ့ ရပ်တည်နေကြပြီး စစ်ထောက်လှမ်းရေးနဲ့ ရဲတပ်ဖွဲ့တွေလည်း ဒီလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို မေးမြန်းဖို့ ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းပြန်လည် ဖြေကြားခြင်းတော့ မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG