သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေကုက္ကိုလ်က ကျားဖြန့် အွန်လိုင်း လိမ်လည်ဂိုဏ်းတွေ ထွက်ခွာသွားဖို့ BGF လိုက်လံ​ နှိုးဆော်


ရွှေကုက္ကိုလ်မြို့ကို ထိုင်းနိုင်ငံဘက်မှ လှမ်းမြင်ရပုံ (ဓာတ်ပုံ - BNI)
ရွှေကုက္ကိုလ်မြို့ကို ထိုင်းနိုင်ငံဘက်မှ လှမ်းမြင်ရပုံ (ဓာတ်ပုံ - BNI)

ကရင်ပြည်နယ်၊ မြ၀တီခရိုင်အတွင်းက ရွှေကုက္ကိုလ်မြို့မှာရှိတဲ့ အွန်လိုင်း လိမ်လည်ဂိုဏ်းတွေ၊ ရာဇဝတ်မှုလုပ်ငန်းတွေ လုပ်နေတဲ့ ကျားဖြန့် အွန်လိုင်း လိမ်လည်ဂိုဏ်းတွေ ထွက်ခွာပေးကြဖို့ မေလ ၁၅ရက်နေ့က နယ်ခြားစောင့်တပ် BGF က လိုက်လံနှိုးဆော်တာ၊ ပိုစတာတွေကပ်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။​ ဒီလုပ်ငန်းတွေလုပ်နေတာဟာ ကရင်ပြည်နယ် အစိုးရအဆက်ဆက်နဲ့ နယ်ခြားစောင့်တပ်တွေက သိရှိပြီးသားဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။

ကရင်ပြည်နယ် မြ၀တီခရိုင်ထဲမှာရှိတဲ့ အွန်လိုင်းလိမ်လည်ဂိုဏ်းတွေ ရာဇဝတ်မူ့လုပ်ငန်းတွေလုပ်နေတဲ့ ရွှေကုက္ကိုလ်မြို့က လိမ်လည် လုပ်ငန်းလုပ်ကိုင်နေသူတွေ ထွက်ခွာပေးကြဖို့ နယ်ခြားစောင့်တပ်-BGFက မေလ ၁၅ရက်နေ့က အသံချဲ့စက်မိုက်တွေနဲ့ လိုက်လံနှိုးဆော်တာ၊ ပိုစတာတွေကပ်တာ တွေလုပ်နေတယ်လို့ နယ်စပ်နေဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

"သူတို့ပြန်ကြဖို့ဆိုပြီး စာတွေလိုက်ကပ်နေတယ်။ ပိုစတာအကြီးကြီးတွေလည်းကပ်၊ မိုက်တွေနဲ့လည်း လိုက်အော်နေတယ်။ အဓိက လုံခြုံရေးယူပေးတာက BGF တွေလေ။ BGF က ဘယ်လိုပြန်ပို့မလဲ။​ ဒီတရုတ်တွေက တရားမဝင်တဲ့နည်းနဲ့ ဝင်လာကြတာလေ။ အဲဒီတော့ သူတို့ကို ဘယ်လိုပြန်ပို့မလဲဆိုတာ ကြည့်ရမှာပေါ့။"

ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းကို ၂၀၁၇ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်တဲ့ နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ဟောင်ကောင်မှာ မှတ်ပုံတင်ထားတဲ့ တရုတ်ကုမ္ပဏီ "ယာထိုင်" နိုင်ငံတကာ ဦးပိုင်အုပ်စု (Yatai International Holdings Group) က ပူးပေါင်းလုပ်ကြတာ ဖြစ်ပါတယ်။

ဒီစီမံကိန်းစပြီးနောက် ၂၀၁၈ခုနှစ်လောက်မှာ တရုတ်လူမျိုး အများအပြား ဝင်ရောက်လာခဲ့ပြီး အဆောက်အဦးတွေကိုဆောက်လုပ်တာတွေ စတင်ခဲ့ပါတယ်။ အခုဆိုရင် အဆောက်အဦးတွေ အတော်များများရှိပြီး တရုတ်စာပါတဲ့ဆိုင်တွေ အများအပြား ရှိလာတာပါ။ ဒီအတွက် အဲဒီနေရာကို China Town တရုတ်မြို့အဖြစ် လူသိလာများလာပါတယ်။

အဲဒီနောက် ဒီနေရာမှာ အွန်လိုင်းလိမ်လည်ဂိုဏ်းတွေ၊ လူကုန်ကူးဂိုဏ်းတွေနဲ့ ရာဇဝတ်မူတွေ အခြေချလုပ်ကိုင်လာတယ်လို့နိုင်ငံတကာက ဝေဖန်ခဲ့ပါတယ်။ ဒါတွေဟာ မြန်မာပြည်မှာအစိုးရအဆက်ဆက်က သိရှိနေတာဖြစ်ပြီး ခွင်ပြုထားတဲ့အတွက် ဒီလောက်ထိ ကြီးထွားလာတာလို့လည်း ဒေသခံတွေကဆိုပါတယ်။

"ဒီဟာက အစိုးရအဆက်ဆက် တက်လာတဲ့ ဝန်ကြီးချုပ်တွေ၊ BGF တွေ၊ ဝန်ထမ်းတွေ အားလုံးက ဒီမှာရှိတဲ့ တရုတ်တွေအကုန်လုံး ဒီလုပ်ငန်းတွေလုပ်တာကို အကုန် လုံခြုံရေးတွေလည်း ယူထားပေးတယ်။ အပေါ်ပိုင်းတွေကော၊ အောက်ပိုင်းတွေကော၊ အကုန်သိတာပဲ ဒီလုပ်ငန်းကို သိသိကြီးနဲ့ ခွင့်ပြုထားတာပဲလေ။ ပြီးတော့ ဒီဥစ္စာနဲ့ပဲ စီးပွာရှာစားနေကြတာလေ။"

နိုင်ငံပေါင်း ၃၀ ကျော်လောက်က လူတွေဟာအဲဒီအွန်လိုင်းလိမ်လည်ဂိုဏ်းတွေ ရောင်းစားခံရတာ၊ နှိပ်စက်ညှင်းပမ်းခံရတဲ့အချက်အလက်တွေ၊ မှတ်တမ်းတွေကို နိုင်ငံတကာက အစိုးရတွေနဲ့ နိုင်ငံတကာသတင်းတွေမှာ ခပ်စိတ်စိတ် ထုတ်ဖော်လာတာ တွေ့ရပါတယ်။

အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ယူဂန်ဒါ စတဲ့ နိုင်ငံသားတွေကိုလည်းသူတို့အစိုးရတွေက အဲဒီနေရာကနေ ကယ်ထုတ်တာတွေလုပ်ခဲ့ပါတယ်။ နောက်ထပ်လည်း ရောင်းစားခံရသူတွေ ရှိနေသေးတယ်လို့ နိုင်ငံတကာအစိုးရတွေကဆိုပါတယ်။ တရုတ်နိုင်ငံကအလိုရှိနေတဲ့ သူတွေ၊ ထိုင်းနိုင်ငံကအလိုရှိနေတဲ့သူတွေဟာ အဲဒီ လိမ်လည်ဂိုဏ်းတွေမှာ ရှိနေတဲ့အတွက် တရုတ်၊ ထိုင်းနဲ့ အမေရိကန်တို့ကလည်း အဲဒီနေရာကို အာရုံစိုက်လာကြပါတယ်။

ဒီနေရာကိုမြေဌားရမ်းပေးတာ၊ အွန်လိုင်းလိမ်လည်ဂိုဏ်းတွေ လုပ်နေတဲ့အဆောက်အဦတွေကို လုံခြုံရေးယူပေးတာတွေကို နယ်ခြားစောင့်တပ် BGF က လုပ်ဆောင်ပေးပြီး လစဉ် ဘတ်ငွေသန်းနဲ့ချီ ဝင်ငွေတွေရနေတာလို့လည်း နယ်ခြားစောင့်တပ်တာဝန်ရှိသူတချို့ထံကနေ သိရှိရပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒီ ရွှေကုက္ကိုလ်မြို့သစ်ထဲက အွန်လိုင်းလိမ်လည်ဂိုဏ်းတွေကို ထိုင်း၊​ တရုတ်နဲ့ အမေရိကန်အပါအဝင် နိုင်ငံတကာက ထိရောက်စွာအရေးယူနိုင်ရေး ဖိအားပေးမှုတွေဖြစ်လာပြီးတဲ့နောက် အွန်လိုင်းလိမ်လည်ဂိုဏ်းတွေ၊ ရာဇဝတ်ဂိုဏ်းတွေကို လက်နက်ကိုင်အင်အားနဲ့ စောင့်ကြပ်ပေးနေတဲ့ ကရင်နယ်ခြားစောင့်တပ်က တရားမဝင် နိုင်ငံခြားသားတွေကို ၆လအတွင်း ထွက်ခွါဖို့အတွက် မေလ ၃ရက်နေ့က စာတစောင်ထုတ်ပြန်ခဲ့ပါတယ်။

အခုအခါမှာတော့ ထွက်ခွါဖို့ လိုက်လံနှိုးဆော်တာ၊ ပိုစတာတွေကပ်တာတွေကိုလုပ်လာတာ ဖြစ်ပါတယ်။

မကြာသေးခင် ဧပြီလက မြ၀တီမြို့မှာတိုက်ပွဲတွေဖြစ်အပြီး ရွှေကုက္ကိုလ်မြို့သစ်က လောင်းကစားလုပ်ငန်းတွေကို အကာကွယ်ပေးထားတဲ့ နယ်ခြားစောင့်တပ်က ဖိအားပေးခံရတာတွေ ရှိလာပါတယ်။ ငွေလိမ်လုပ်ငန်းတွင် အဓိကပါဝင်သူတွေထဲမှာ ကရင်ပြည်နယ်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ၃ ဦးပါဝင်တယ်လို့ United States Institute of Peace (USIP) အဖွဲ့က ဧပြီလ ၂၂ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဗိုလ်မှူးကြီး စောချစ်သူနဲ့ ဗိုလ်မှူး တင်ဝင်းတို့ကတော့ အွန်လိုင်လိမ်လည်ဂိုဏ်း ကျားဖြန့်လုပ်ငန်းတွေအတွက် လက်ခံနေရာချပေးတာ၊ လုံခြုံရေး အကာအကွယ်ပေးထားတာတွေ၊ တခြား အကူအညီပေးမှုတွေ လုပ်ဆောင်နေပြီး မြဝတီမြို့နယ်နဲ့ ရွှေကုက္ကိုလ်မြို့က အွန်လိုင်းလိမ်လည်ဂိုဏ်း ကျားဖြန့်စင်တာတွေကို လုပ်ကိုင်ဆောင်ရွက်နေတယ်လို့ USIP က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG