သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပဋိပက္ခ တရုတ်စွက်ဖက်မှု သုံးသပ်ချက် ”နှစ်ချုပ်အထူး”


စစ်ရေး အကျပ်အတည်း ကြုံနေရတဲ့ အာဏာသိမ်း စစ်ကောင်စီ အတွက် လာမယ့် ၂၀၂၅ ခုနှစ်မှာတော့ “တရုတ်ကို အသုံးချ အားပြုတဲ့ China Card” က အလုပ် ဖြစ်မလားဆိုတာ အပေါ် လေ့လာသူတွေက မေးခွန်းထုတ်လာကြပါတယ်။
စစ်ရေး အကျပ်အတည်း ကြုံနေရတဲ့ အာဏာသိမ်း စစ်ကောင်စီ အတွက် လာမယ့် ၂၀၂၅ ခုနှစ်မှာတော့ “တရုတ်ကို အသုံးချ အားပြုတဲ့ China Card” က အလုပ် ဖြစ်မလားဆိုတာ အပေါ် လေ့လာသူတွေက မေးခွန်းထုတ်လာကြပါတယ်။

မြန်မာ့အရေး မှာ “တရုတ် မုန်းတီးရေး” ကို ရှေ့တန်းတင်လို့ မရဘူးလို့ သုတေသီ တချို့က သုံးသပ်သလို တရုတ်နဲ့ ဆက်ဆံရေးကို NUG အနေနဲ့ ပိုပြီး နားလည်ဖို့ လိုကာ စစ်ကောင်စီကလည်း တရုတ်နဲ့ လုံခြုံရေး ပူးပေါင်းမှု အထိ လုပ်လာရနိုင်ဖွယ် ရှိတယ် သုံးသပ်ပါတယ်။ ကိုငြိမ်းချမ်းအေး မေးမြန်းတင်ပြထားပါတယ်။

၂၀၂၄ ခုနှစ် အတွင်း မြန်မာ့ပဋိပက္ခမှာ တရုတ်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှုတွေကို ပြန်ကြည့်ရင် ဟိုင်ဂင် ဆွေးနွေးပွဲတွေနဲ့ ရှမ်းမြောက်မှာ စစ်ရပ်အောင် ကြိုးစားခဲ့တာကနေ စပြီး နှစ်ကုန်မှာ နောက်တခေါက် ပြန်ပြီး ရှမ်းမြောက် စစ်ရပ်ရေး တွန်းအားပေးလုပ်နေတာကို တွေ့ရမှာပါ။ ဒီဖြစ်ရပ်နှစ်ခုကြားမှာ တရုတ်ရဲ့ ပါဝင်ပတ်သက်မှု အနိမ့်အမြင့် အလှည့်အပြောင်းတွေ ဖြစ်ခဲ့သလို မြန်မာ့စစ်ရေးမှာလည်း အာဏာသိမ်း စစ်ကောင်စီဟာ သူ့ရဲ့ အဓိက စစ်တိုင်းကြီး နှစ်ခုလုံးကို လက်လွှတ်ခဲ့ရတဲ့ အထိ စစ်ရေး ပြင်းထန်ခဲ့ပါတယ်။

တရုတ်နိင်ငံရဲ့ အခန်းကဏ္ဍကလည်း စစ်ကောင်စီ အတွက် ဂျက်တိုက်လေယာဥ်တွေ ပံ့ပိုးပေးတာက အစ နိုင်ငံရေးခြားရေး ဝန်ကြီး အဆင့် မြန်မာပြည် ခရီးစဥ် သြဂုတ်လမှာ ဖြစ်လာခဲ့သလို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း တရုတ်နဲ့ မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံများ အစည်းအဝေးတက်ဖို့ အကြောင်းပြချက်နဲ့ တရုတ်နိုင်ငံကို ဖိတ်ကြားပြီး နိုဝင်ဘာလထဲမှာ ဝန်ကြီးချုပ် အဆင့် ထိတွေ့ဆက်ဆံမှုတွေ မြှင့်တင်ခဲ့သလို တခြား ဒေသတွင်းနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ လမ်းပေါက်စေခဲ့ပါတယ်။

ဒါဟာ အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင်ကို နိုင်ငံတကာ စင်မြင့်ထက် ပထမဆုံးအကြိမ် လူသိထင်ရှား ပွဲထုတ်လာတဲ့ အထိ သံတမန်ရေးပံ့ပိုးပေးမှု တွေ လုပ်လာခဲ့ပြီး နောက်ဆုံး ဒေသတွင်း အာဆီယံ အဆင့်မှာ ဆွေးနွေးမှုတွေ ပြန်စတဲ့ အထိ သက်ရောက်ခဲ့တယ်လို့ ဗွီအိုအေက မေးမြန်းတဲ့ ကျွမ်းကျင်သူ သုတေသီတွေက တညီတညွတ်တည်း သုံးသပ်ကြပါတယ်။

စစ်ကောင်စီဘက်ကလည်း ရွေးကောက်ပွဲကို ထွက်ပေါက် အဖြစ် ရှုမြင်ခံရဖို့ ကြိုးစားပြီး တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေကို အကာအကွယ်ပေးမယ်လို့ အကြိမ်ကြိမ် ထုတ်ဖော် အာမခံတာတွေ ရှိသလို တရုတ်ကိုယ်ပိုင် လုံခြုံရေးတပ်တွေ ခွင့်ပြုလာနိုင်ခြေ ရှိတဲ့ ပြင်ဆင်မှုတွေ လုပ်ပြခဲ့တဲ့ အထိ ဆက်ဆံရေးကို မြှင့်တင်ခဲ့ပါတယ်။

တဘက်မှာလည်း တရုတ်နိုင်ငံဟာ အထူးသဖြင့် သူ့နယ်စပ်က တိုင်းရင်းသားအဖွဲ့တွေကို ဖိအားပေးတာတွေ လုပ်ခဲ့ပေမယ့် နှစ်ကုန်ခါနီး အဆုံးသတ်မှာတော့ စစ်ရေး ရေချိန် သိသိသာသာ ပြောင်းလဲလာလို့ တိုင်းရင်းသား အဖွဲ့တချို့နဲ့ ညှိနှိုင်းရတာတွေ အထိ ဖြစ်လာတယ်လို့ သုံးသပ်ကြတာတွေ ရှိပါတယ်။

၁၀၂၇ စစ်ဆင်ရေးနဲ့ သက်ရောက်မှု

၂၀၂၄ ခုနှစ်ကို ပြန်ကြည့်ရင် နှစ်စက စပြီး နှစ်ကုန် အထိက ၂၀၂၃ ခုနှစ် အောက်တိုဘာမှာ စတင်ခဲ့တဲ့ ရှမ်းမြောက်က တိုင်းရင်းသား ညီနောင်မဟာမိတ် အဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးက ဆက်ပြီး ရိုက်ခတ်နေတာကို တွေ့ရမှာပါ။ ဒီ ၁၀၂၇ စစ်ဆင်ရေးနဲ့ တရုတ်ရဲ့ အခန်းကဏ္ဍ အပေါ် မတူညီတဲ့ ဆွေးနွေးငြင်းခုံမှုတွေလည်း ရှိပါတယ်။

မြန်မာ့ နိုင်ငံရေးနဲ့ စစ်ရေး လေ့လာသူ ဒေါက်တာစိုင်းကြည်ဇင်စိုးကတော့ ၁၀၂၇ စစ်ဆင်ရေး ကိုယ်တိုင်က တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေနဲ့ ဆက်စပ်နေတယ်လို့ ရှုမြင်ပါတယ်။

“ဒီ ၁၀၂၇ စစ်ဆင်ရေးကလည်း တကယ်ဆိုရင် တရုတ်ရဲ့ မီးစိမ်းမပြဘဲနဲ့ လုပ်ဖို့ အင်မတန် ခက်တယ်။ ဘာလို့လဲ ဆိုတော့ စစ်ရေး စစ်ဆင်ရေး ဖြစ်ဖို့ အတွက် လိုအပ်တဲ့ ထောက်ပံ့ရေးနဲ့ တခြား အပိုင်း အရာအားလုံးက အထူးသဖြင့် နယ်နိမိတ်ချင်း ကပ်နေတဲ့ တရုတ်ရဲ့ နားလည်မှု ဒါမှမဟုတ် မီးစိမ်း မပြဘဲနဲ့ လုပ်ဖို့ ခက်တယ် ဆိုတာကို ရှမ်းနဲ့ ကချင်ဘက်မှာ နေဖူးတဲ့သူ အတော်များများ သိကြတယ်ပေါ့နော်။”

တရုတ် လိုလားတဲ့ အွန်လိုင်း လိမ်လည်တဲ့ ဂိုဏ်းတွေ ချေမှုန်းရေး ရည်မှန်းချက်ကိုလည်း ၁၀၂၇ စစ်ဆင်ရေးက ဖြေရှင်းပေးနိုင်ခဲ့လို့ ဒါဟာ တိုင်းရင်းသားအဖွဲ့တွေရဲ့ အချိန်ကိုက် ဗျူဟာ မြောက် ဆောင်ရွက်ကြမှု အဖြစ်လည်း ပြည်တွင်း ပြည်ပ လေ့လာသူ အတော်များများက ယူဆထားကြပါတယ်။

ကနေဒါနိုင်ငံ၊ ယော့ခ် (York) တက္ကသိုလ်၊ အာရှလေ့လာရေး ဌာနက မြန်မာ သုတေသီ ကိုထက်မင်းလွင်ကတော့ ၁၀၂၇ စစ်ဆင်ရေးဟာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးနဲ့ တပါတည်း တွဲပြီးပါတာတဲ့ လှုပ်ရှားမှုလို့ ရှုမြင်ပါတယ်။ တရုတ်က တိုင်းရင်းသားအဖွဲ့တွေကို ထိန်းထားနိုင်ပြီဆိုတဲ့ မူဝါဒ ချမှတ်သူတွေ ကြား စဥ်းစားချက်ကို ထင်ဟပ်တဲ့ သုံးသပ်ချက် တချို့ လွဲမှား ခဲ့တာကို သူက ဥပမာပေး ထောက်ပြပါတယ်။

“ပြန်ပြီးတော့ သုံးသပ်ချက်တွေကို ကြည့်မယ် ဆိုရင်လည်း ၁၀၂၇ စစ်ဆင်ရေး မတိုင်ခင် ၅ လ လောက်မှာပဲ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ထင်ရှားတဲ့ သုတေသန အဖွဲ့အစည်းကြီး တခုက ထုတ်ပြန်တဲ့ သုတေသန စစ်တမ်း တစောင်မှာ ဆိုလို့ရှိရင် တရုတ်ဟာ မူဝါဒ အားဖြင့် မြန်မာနိုင်ငံရဲ့ အခြေအနေကို ထက်ထက်သန်သန် ဆောင်ရွက်နေပြီပေါ့။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ကြီးထွားမလာအောင်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) တွေရဲ့ အပေါ်မှာ ရှိနေတဲ့ သူ့သြဇာကို သုံးပြီးတဲ့ အခါကျတော့ ထိန်းချုပ်ထားနိုင်ပြီ၊ ကန့်ထားနိုင်ပြီ၊ ခွေထားနိုင်ပြီ။ ပြီးတဲ့ အခါကျတော့ တရုတ်ရဲ့ စီးပွားရေး စီမံကိန်းကြီးတွေကိုလည်း တိုက်ပွဲ ဖြစ်တဲ့ လမ်းကြောင်းကနေ လွတ်လွတ်ကင်းကင်း ထားနိုင် ဆိုတဲ့ဟာမျိုး။ အဲဒီလို အခြေအနေရောက်တဲ့ အတွက်ကြောင့် တရုတ်နိုင်ငံက ရွေးကောက်ပွဲ လမ်းကြောင်း တင်တဲ့ဟာကို လုပ်တော့မယ် ဆိုတဲ့ သုတေသန စာတမ်းတစောင် ထွက်ပါတယ်။ အဲဒီ အယူအဆ မကြာဘူး ၁၀၂၇ စစ်ဆင်ရေး ဖြစ်တယ်။ ဖြစ်တဲ့ အခါမှာလည်း အများစု စဥ်းစားတာက ဒါ တရုတ် လုပ်ခိုင်းလို့ ဖြစ်တာလို့ ယူဆကြတယ်။ အဲဒါကို မဟုတ်ဘူးလို့ ကျနောတို့ကတော့ ငြင်းဆိုလိုတယ်။ ဒါဟာ တော်လှန်ရေး အရှိန်အဟုန်နဲ့ ပါလာတဲ့ တော်လှန်ရေးရဲ့ အသီးအပွင့် ရလဒ်လို့ ကျနော်တို့က ပြောချင်တယ်။

၁၀၂၇ စစ်ဆင်ရေး ဟာ စစ်ကောင်စီဘက်က အာဏာသိမ်းပြီးကတည်းက စစ်မျက်နှာစုံမှာ အလွန်အကျွံ စစ်မြူ စစ်ကစားတဲ့ ရလဒ်၊ စစ်မျက်နှာ အစုံဖွင့်ပြီး တိုက်တဲ့ အတွက်ကြောင့်မလို့ လူနည်းစု လက်နက်ကိုင်တပ်တွေနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF အပါအဝင် တော်လှန်ရေး မဟာမိတ်တပ်တွေက ပြန်တိုက်ရတဲ့ ဖြစ်စဥ် အစိတ်အပိုင်း အဖြစ်လည်း ရှုမြင်နိုင်ဖို့ လိုတယ်လို့ သုတေသီ ကိုထက်မင်းလွင်က ယူဆပါတယ်။

တဘက်မှာလည်း ရှမ်းမြောက် တရုတ်နယ်စပ်က ရာဇဝတ်ဂိုဏ်းတွေ အရေး ဖြေရှင်းပြီးချိန်မှာတော့ တရုတ်ဟာ နယ်စပ်တည်ငြိမ်ရေးနဲ့ စေ့စပ်ဆွေးနွေးရေးဘက်ကို ပို ဦးတည်လာခဲ့တာကလည်း ထင်ရှားခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) က မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး သုတေသီ ဂျေဆင်တာဝါကတော့ အဲဒီနောက်ပိုင်းမှာ တရုတ်ဟာ ကျားဖြန့် လိမ်လည်မှု လုပ်ငန်းတွေ နှိမ်နှင်းရေးထက် စစ်ကောင်စီ မပြိုလဲရေးကို ဦးစားပေးခဲ့တယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“စစ်တပ် မပြိုလဲရေး” ဆိုတာကလည်း ၁၀၂၇ စစ်ဆင်ရေးရဲ့ အကျိုးဆက်ဖြစ်ပြီး တိုင်းရင်းသားအဖွဲ့တွေက စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ အားနည်းနေမှုကို လှစ်ဟာ ပြလိုက်တာလို့ ဗွီအိုအေက မေးမြန်းတဲ့ လေ့လာသုံးသပ်သတွေ အားလုံးက သုံးသပ်ကြပါတယ်။ ဒါကပဲ တရုတ်ရဲ့ စဥ်းစားချက်ကို ပြောင်းစေတယ်လို့ သုတေသီ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ထောက်ပြပါတယ်။

“[တရုတ်] သူတို့အနေနဲ့ ထင်လိုက်တာက စစ်တပ်က အဲဒီလောက်အထိ ပျက်စီးသွားပြီး ဒီလောက် အထိ အင်အား ချည့်နဲ့ နေမယ်လို့ သူတို့ မထင်ထားဘူးလို့ ကျနော်တို့ ယူဆတယ်။ ဒါပေမယ့် တကယ်တမ်း ၁၀၂၇ စစ်ဆင်ရေး ပြီးသွားတဲ့ အချိန်မှာ စစ်တပ်က ထင်ထားသလောက် ဟုတ်မနေဘူး ဆိုတာ တော်တော်ပေါ်သွားတယ်။ အခုတောက်လျှောက်ပေါ်နေတာကလည်း အဲဒီကိစ္စ ပေါ်နေတာ။ သူတို့ရဲ့ တပ်သား အရေအတွက်က ဖောင်းပွ ချဲ့ကား ပြောထားတယ်။ အကျင့်ပျက် မှုတွေ ကြောင့် ဖြစ်နေတာတွေ။ ပြီးရင် သူတို့ထဲမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ အရ သူတို့ ကျနေတာတွေ၊ အဲဒါတွေ အတော်များများက 1027 စစ်ဆင်ရေး နောက်ပိုင်းမှာ တွေ့လိုက်ရတယ်။ တွေ့လိုက်ရတဲ့ အတွက် [တရုတ်] က Power Vacuum ဖြစ်သွားမှာကို [သြဇာအာဏာပါဝါ ကြီးသူ ထိန်းချုပ်နိုင်မှု ဆုံးရှုံးသွားရင် အစားထိုးမယ့်သူ မရှိဘဲ လစ်ဟာသွားမှာ] ပြန်စိုးရိမ်သွားတယ်။ တကယ်လို့ တော်လှန်ရေး အဖွဲ့တွေသာ နိုင်သွားရင် ဆိုတဲ့ စိုးရိမ်မှုတွေဟာ သူတို့ဘက်မှာ ပြန်ရှိသွားပုံရတယ်။ ရှိသွားတဲ့ အတွက်ကြောင့် အဲဒါကို ပြန်ပြီး recover [အဖတ်ဆည်] ဖို့ ဟိုင်ဂင်ကြိုးစားတယ်၊ ပြီးရင် အပစ်ရပ်ဖို့ ကြိုးစားတယ်။ ”

၂၀၂၃ ခုနှစ် အောက်တိုဘာနောက်ပိုင်း ပြီးခဲ့တဲ့ ၁၄ လ ကာလအတွင်း စစ်ကောင်စီဟာ စစ်ရေး အရ အရေးနိမ့်ခဲ့ပြီး အားနည်းလာချက်ကို တရုတ်နိုင်ငံဟာ ၂၀၂၄ ခုနှစ် နှစ်စမှာ ကတည်းက သဘောပေါက်ခဲ့တယ်လို့ USIP က သုတေသီ ဂျေဆင်တာဝါကလည်း ရှုမြင်ပါတယ်။

“စစ်မြေပြင်မှာ အရှက်တကွဲ ရှုံးနိမ့်ပြီး နောက်မှာတော့ တရုတ်ဦးဆောင်တဲ့ ကြားဝင်ဖျန်ဖြေရေး လုပ်ငန်းစဉ်မှာ မြန်မာစစ်တပ်က စတင်ပါဝင်လာခဲ့တာကို ဇန်န၀ါရီလအစောပိုင်းမှာတွေ့မြင်ရမှာပါ။ အဲဒီမှာ ဟိုင်ဂင် (Haigeng) သဘောတူညီချက် ထွက်လာပြီး ရှမ်းမြောက်မှာ ပဋိပက္ခတွေ ရပ်စေခဲ့ပါတယ်။”

တရုတ်နိုင်ငံရဲ့ စေ့စပ်ပေးမှုနဲ့ မြောက်ပိုင်းညီနောင် မဟာမိတ် အဖွဲ့ နဲ့ စစ်တပ်တို့ကြား ၃ ကြိမ်ထက်မနည်း တွေ့ဆုံခဲ့ပြီး ရှမ်းမြောက်မှာ ယာယီ အပစ်ရပ်ဖို့ သဘောတူခဲ့ကြတာပါ။ အဓိက မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) လို့ ခေါ်တဲ့ ကိုးကန့်တပ်၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) တို့နဲ့ ခေတ္တ အပစ်ရပ်နိုင်ခဲ့ပါတယ်။ အဲဒီ အချိန်မှာ သူတို့ရဲ့ မဟာမိတ် မြောက်ပိုင်း ညီနောင် မဟာမိတ် အဖွဲ့ဝင် အာရက္ခတပ်တော် (AA) ကတော့ ၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲ အဖြစ် ၂၀၂၃ ခုနှစ် နိုဝင်ဘာကတည်းက ရခိုင်မှာ တကျော့ပြန် စခဲ့တဲ့ စစ်ပွဲကို ဆက်ပြီး တိုက်နေခဲ့ပါတယ်။

တချိန်တည်းမှာ တရုတ်နိုင်ငံဘက်က ကူမင်း ဆွေးနွေးပွဲတွေမှာ စေ့စပ်ညှိနှိုင်းမှုတွေ ဆက်လုပ်ပြီး နယ်စပ်ကုန်သွယ်ရေးနဲ့ ဗျူဟာမြောက် အကျိုးစီးပွားတွေ အတွက် တဆင့်မြှင့်ကာ ရှမ်းမြောက်မှာ “Ceasefire Capitalism” ”အပစ်ရပ် စီးပွားရေး” လို့ ခေါ်နိုင်တဲ့ လမ်းကြောင်းကို တွန်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ဂျေဆင်တာဝါက သုံးသပ်ပါတယ်။

“တရုတ်နိုင်ငံဘက်က နှစ်ဘက်သဘောတူညီနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ တချိန်တည်းမှာပဲ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တို့ကလည်း မြန်မာစစ်တပ် ဘယ်လောက် အားနည်းလာနေတယ်ဆိုတာကို သတိပြုမိလာကြပါတယ်။ ကချင်၊ ရခိုင်၊ ချင်း၊ ကရင်နီ ဒေသတွေမှာ ခုခံတော်လှန်ရေး လှုပ်ရှားမှုလှိုင်းလုံးကြီးတွေ ဆက်တိုက် မြင့်တက်လာပြီး စစ်ကောင်စီ စစ်တပ်က မြေပြင်မှာ ပိုလက်လွှတ်ဆုံးရှုံးသွားခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ မျှော်လင့်ထားသလိုပဲ တရုတ်ရဲ့ ဟိုင်ဂင် ဆွေးနွေးပွဲတွေ ပျက်သွားပါတယ်။ တရုတ်က သဘောတူညီချက်တခုခု ရနိုင်ဖို့ အတင်း ကြိုးစားခဲ့ပေမယ့် ဒါက အလုပ် မဖြစ်ခဲ့ပါဘူး။”

သဘောတူညီချက် ပျက်တာမှာ နှစ်ဘက် အပြန်အလှန် အပြစ်တင်ခဲ့ကြပါတယ်။ မြောက်ပိုင်း အဖွဲ့တွေကလည်း တရုတ်နိုင်ငံကို အကြောင်းပြချက် ပေးနိုင်ဖို့ ဟိုင်ဂင် အသက်ဝင်နေဆဲကာလမှာ စစ်ကောင်စီ ဘက်က လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်တာကို စနစ်တကျ သတင်းထုတ်ပြန်ခဲ့ပြီး စစ်ရေး လှုပ်ရှားမှု ပြန်စဖို့ စနစ်တကျ ပြင်ဆင်ခဲ့တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

ဇွန်လ (၂၄)ရက်နေ့ မှာ မန္တလေးပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေ၊ တခြား ကာကွယ်ရေး တပ်ဖွဲ့တွေေနဲ့အတူ တအာင်း TNLA က ကျောက်မဲမြို့ကို ထိုးစစ်ဆင်ခဲ့ပါတယ်။ ဇူလိုင်လ ၅ ရက်နေ့မှာတော့ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရှိရာ လားရှိုးမြို့ကို ကိုးကန့် MNDAA က တိုက်ခိုက်ခဲ့ပါတယ်။ ခုခံတော်လှန်ရေး အင်အားစုတွေက ရက်ပိုင်း အတွင်းမှာပဲ ရှမ်းပြည် မြောက်ပိုင်း နောင်ချို၊ မိုးမိတ်ကနေ မန္တလေးတိုင်းထဲက မတ္တရာ၊ စဥ့်ကူး၊ မိုးကုတ်တို့ကို ထိုးစစ်ဆင်နိုင်ခဲ့ပြီး “၁၀၂၇ ဒုတိယပိုင်း” နဲ့ “ရှမ်း-မန်း စစ်ဆင်ရေး” လို့ အမည်ပေးပြီး ရှမ်းပြည်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းထဲက စစ်ရေးပစ်မှတ်တွေကို ဦးတည် တိုက်ခိုက်ခဲ့ပါတယ်။

MNDAA ကိုးကန့်ဟာ အဲဒီကာလ တိုက်ပွဲအတွင်းမှာ နှစ်ကြိမ်တိုင်တိုင် တဘက်သတ် အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ရပြီး ဒါဟာ တရုတ်နိုင်ငံရဲ့ ဖိအားတွေကို လျှော့ချဖို့ ရည်ရွယ်ခဲ့တာလို့ USIP ရဲ့ လေ့လာမှု စာတမ်းတခုမှာ မြန်မာ သုတေသီ ကိုရဲမျိုးဟိန်းက ထောက်ပြပါတယ်။

စစ်ကောင်စီဘက်ကလည်း အရေးပါတဲ့ လားရှိုး စစ်ဌာနချုပ် ဆုံးရှုံးရမယ့် အရေးအတွက် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ခေါင်းဆောင်ပိုင်းကို စည်းရုံးပြီး MNDAA ရဲ့ ထိုးစစ်တွေကို နှောင့်ယှက်ဖို့ ကြိုးစားခဲ့တယ်လို့ USIP က ဆိုပါတယ်။

အမှန်တကယ်လည်း ဇူလိုင် ၂၅ ရက်နေ့မှာ လားရှိုးကို သိမ်းနိုင်ခဲ့ပြီလို့ MNDAA က ကြေညာအပြီး ဇူလိုင် ၂၇ ရက်မှာ ‘ဝ’ တပ်ဖွဲ့တချို့ လားရှိုးကို ဝင်လာခဲ့လို့ အခြေအနေတွေ ပို ရှုပ်ထွေးခဲ့ပေမယ့် နောက်ဆုံးမှာ ‘ဝ’ တပ်ဖွဲ့က သူတို့ရဲ့ လားရှိုးက ဆက်ဆံရေးရုံးကို ကာကွယ်ဖို့ နဲ့ အရပ်သားတွေ ကယ်ထုတ်ဖို့သာ ဖြစ်ပြီး စစ်ပွဲမှာ ပါဝင်မှာ မဟုတ်ဘူးလို့ ကြေညာပါတယ်။ တိုင်းရင်းသား အဖွဲ့ချင်းကြား စစ်ရေး ထိပ်တိုက်တွေ့မလား ဆိုတဲ့ ယူဆချက်တွေလည်း မှားယွင်းခဲ့ပြီး ဩဂုတ်လ ၃ ရက်မှာတော့ MNDAA ဟာ လားရှိုးနဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် နှစ်ခုလုံးကို အပြီးတိုင် သိမ်းပိုက်နိုင်ပြီလို့ ကြေညာခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ တိုင်းရင်းသား အဖွဲ့တွေအနေနဲ့ တရုတ်ဖိအားကို အပေါ်ယံတုံ့ပြန်ပြီး သူတို့ရဲ့ မဟာဗျူဟာပန်းတိုင်တွေကို တစိုက်မတ်မတ် ဦးတည်တဲ့ပုံစံလို့ USIP က ကိုရဲမျိုးဟိန်းကသုံးသပ်ပါတယ်။

တရုတ်နိုင်ငံဘက်ကလည်း အစောပိုင်းကာလမှာ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ တည်ငြိမ်မှု ပျက်ပြားသွားတာကို မလိုလားလို့ စစ်ကောင်စီနဲ့ ဆက်ဆံရေးမှာ အတိုင်းအတာ တခုအထိ သတိထားပြီး ဟန်ချက်ညီတဲ့ ထိန်းညှိမှုတွေ လုပ်ခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD နဲ့ ဆက်ဆံရေးတွေ လမ်းဖွင့်ထားတဲ့ အထိ ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အထူးသဖြင့် စစ်တိုင်းတွေ ဆုံးရှုံးတဲ့ အထိ ဖြစ်လာချိန်မှာတော့ သူ့ရဲ့ ဦးစားပေး စဥ်းစားချက်တွေ ပြောင်းလာခဲ့တယ်လို့ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ရှုမြင်ပါတယ်။

“အခု အချိန်မှာတော့ တော်လှန်ရေး အင်အား ဆက်ကြီးသွားမယ့်ဟာကို သူ စိုးရိမ်နေပုံရတယ်။ စိုးရိမ်နေတဲ့ အတွက်ကြောင့် သူက ရွေးကောက်ပွဲ ဆိုတာကို အရမ်း တွန်းတွန်းတိုက်တိုက် လုပ်နေတယ်။ ပြီးရင် စစ်တပ်ကို ပြန်ပြီးတော့ ဒီ အာဏာ ဗဟိုမှာ ပြန်ထားပြီး သူ့ရဲ့ တော်လှန်ရေး အစုအဖွဲ့တွေကလည်း သက်ဆိုင်ရာ ဒေသတွေမှာ သူ့နယ်သူ ပြန်ရပြီး သူ့ရဲ့ စီးပွားရေးနဲ့ အုပ်ချုပ်ခွင့် ရသွားတဲ့၊ အထူးသဖြင့် ‘ဝ’ ပုံစံမျိုး ဖြစ်လာမယ် ဆိုရင် ဒီ တော်လှန်ရေး အင်အားစုတွေတော့ ငြိမ်သွားမှာပဲလို့ သူတို့ နားလည်ပုံရတယ်။ အဲ့ပုံစံမျိုးနဲ့ ပြန်လည် ချဥ်းကပ် နေပုံရတယ်လို့ မြင်ရတယ် ခင်ဗျာ။ ”

စစ်ကောင်စီဟာ လားရှိုးကို လျင်လျင်မြန်မြန်နဲ့ လက်လွှတ်ခဲ့ရတာက တရုတ်ကို တုန်လှုပ်သွားစေပြီး စိုးရိမ်ချက်တွေ ကြီးလာစေတယ် ဆိုတာကို ဂျေဆင်တာဝါကလည်း သဘောတူပါတယ်။

“အရေးကြီးတဲ့ အခြေခံ အချက်ကတော့ ၃၅ ရက် အတွင်းမှာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ပြိုကျခဲ့တာပါ။ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပါအဝင် ကာကွယ်ရေးတပ်တွေနဲ့ မြောက်ပိုင်း ညီနောင် အဖွဲ့တွေကြား အလွန် ခိုင်မာတဲ့ မဟာမိတ် တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒီပေါင်းစည်းမှုကို တရုတ်နိုင်ငံက အတော့်ကို ရှင်းရှင်းလင်းလင်းနဲ့ မြင်သွားခဲ့ပါတယ်။ အဲဒီအခါမှာ မြောက်ပိုင်းက တိုင်းရင်းသား အဖွဲ့တွေကို ထိုးစစ်တွေရပ်ဖို့ ပြင်းပြင်းထန်ထန် ဖိအားပေးလာပါတယ်။”

ဒါပေမယ့် တော်လှန်ရေး အင်အားစုတွေရဲ့ စစ်ရေး အရှိန်က လားရှိုး တိုက်ပွဲ အပြီးမှာလည်း ဆက်မြင့်တက်နေပါသေးတယ်။ ဝါရှင်တန် အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးအဖွဲ့ (CSIS) ရဲ့ အရှေ့တောင် အာရှလေ့လာရေး အစီအစဥ်က သုတေသီလည်း ဖြစ်၊ ဝါရင့် မြန်မာ့နိုင်ငံရေး အကဲခတ်လည်းဖြစ်တဲ့ မိုက်ကယ်မာတင်ရဲ့ အကဲဖြတ်ချက် အရ ဆိုရင် “TNLA ၊ MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက နေပြည်တော်ဘက်ကို ဦးတည်တဲ့ စစ်ရေး လှုပ်ရှားမှုတွေ ထင်ထင်ရှားရှား ရှိခဲ့တယ်” လို့ ဆိုပါတယ်။

တကယ်တမ်းမှာလည်း ဩဂုတ်လ ပထမ ပတ်တွေထဲအထိ ခုခံရေး အင်အားစုတွေဟာ မန္တလေးကို ဝင်မယ် အရိပ်အယောက်ပြတဲ့အထိ ထိုးစစ်တွေ ဆင်ခဲ့ပါတယ်။ USIP ရဲ့ သုံးသပ်ချက် စာတမ်း တစောင်မှာ MNDAA နဲ့ NUG ကြား လားရှိုးမှာ ရုံးဖွင့်ဖို့နဲ့ တော်လှန်ရေး အပြီးမှာ MNDAA ခေါင်းဆောင် ဦးဖုန်တာရွှင်ကို ဒုသမ္မတ အဖြစ် ပေးအပ်ဖို့ သတောဘူညီချက်တွေ ရှိတယ် ဆိုတဲ့ ကောလဟလ တွေ တရုတ် လူမှုကွန်ရက်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့တာတွေကို ထောက်ပြထားပါတယ်။

ဒီသဘောတူညီချက် ဆိုတာကို MNDAA ကတော့ သတင်းတု သတင်းမှား အဖြစ် ငြင်းပေမယ့် တရုတ်ဘက်က နောက်ဆက်တွဲ ဖိအားပေး အရေးယူမှုနဲ့ ပြင်ဆင် လှုပ်ရှားမှုတွေကတော့ ရပ်တန့်မသွားပါဘူး။

ဩဂုတ်လမှာ ရှမ်းမြောက်ကို အင်တာနက်၊ လျှပ်စစ်မီး အပါအဝင် ထောက်ပံ့ရေး လမ်းကြောင်းတွေ ပိတ်ဆို့ ဖြတ်တောက်ခဲ့သလို သူ့နယ်စပ် အင်အားကြီး လက်နက်ကိုင် အဖွဲ့ ဖြစ်တဲ့ UWSA ‘ဝ’ တပ်ဖွဲ့ ကိုလည်း MNDAA ကိုးကန့်နဲ့ TNLA တအာင်း တပ်တွေကို ကူညီတာတွေ မလုပ်ဖို့ ဖိအားပေးခဲ့တယ်လို့ လေ့လာမှုတွေက ထောက်ပြကြပါတယ်။

ဩဂုတ်လထဲမှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိရဲ့ မြန်မာ ခရီးစဥ် ဖြစ်လာခဲ့ပြီး သူက မြန်မာ့ ပြဿနာကို ပြင်ပ အင်အားစု ဝင် မစွက်ရေး သတိပေးချက် အပါအဝင် စည်း ၃ စည်း တားမြစ် သတ်မှတ်ခဲ့သလို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ လမ်းကြောင်းကို ဒေသတွင်းမှာ တွန်းတင်တာတွေ လုပ်ခဲ့ပါတယ်။

ဩဂုတ်လလယ်လောက်ကစပြီး တရုတ်က စစ်တပ်ကို အရင်က မကြုံဖူးတဲ့ အတိုင်းအတာနဲ့ စစ်တပ်ကို ထောက်ခံမှုတွေ တိုးမြင့်လာခဲ့တယ်လို့ ဂျေဆင်တာဝါက ထောက်ပြပါတယ်။

“၃ နှစ်ကျော် ငြင်းဆန်ခဲ့ပြီးနောက်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သူတောင်းဆိုခဲ့သလို တရုတ် ပြည် ခရီးစဉ် တံခါးဖွင့်ပေးခဲ့ပါတယ်။ အရင်က မကြုံဖူးတဲ့ အတိုင်းအတာနဲ့ ဝင်ရောက်စွက်ဖက်မှုတွေ လုပ်လာသလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတချို့ကို ဒဏ်ခတ်အရေးယူမှုတွေ လုပ်ခဲ့ပါတယ်။ တိုင်းရင်းသားအဖွဲ့တွေ အထူးသဖြင့် MNDAA အပေါ်မှာ လားရှိုးကို သိမ်းခဲ့တာနဲ့ ဒီမိုကရေစီလိုလားတဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ နီးစပ်ခဲ့တာကို အပြစ်ပေးတဲ့ အနေနနဲ့ ကုန်စည်စီးဆင်းမှု အားလုံးကို ဖြတ်တောက်လိုက်ပါတယ်။ အရင်းအမြစ်တွေ မရအောင်လို့ နယ်စပ်ကိုလည်း ပိတ်ပြီး ဖိအားပေးခဲ့ပါတယ်။”

“တရုတ်နိုင်ငံက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို နေပြည်တော်ကို ဆက်ပြီး ဖိအားမပေးဖို့နဲ့ မန္တလေးကို မသိမ်းဖို့ နားချနိုင်ခဲ့ပုံရတယ်” လို့ CSIS က မိုက်ကယ်မာတင်ကလည်း သုံးသပ်ပါတယ်။

အကျိုးဆက်ကတော့ စက်တင်ဘာလထဲမှာ MNDAA က ထိုးစစ်တွေကိုရပ်ပြီး မန္တလေး၊ တောင်ကြီး မြို့သိမ်းစစ်ပွဲတွေမှာ ပါဝင်မှာမဟုတ်သလို အဓိက ခုခံတော်လှန်ရေး အင်အားစု ဖြစ်တဲ့ NUG နဲ့ လက်တွဲမှာ မဟုတ်ဘူးလို့ ကြေညာခဲ့ရပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ နိုဝင်ဘာလ အစောပိုင်းက သွားခဲ့တဲ့ တရုတ်ပြည်ခရီးစဥ်အပြီး နိုဝင်ဘာ လကုန်ပိုင်းနဲ့ ဒီဇင်ဘာ လဆန်းပိုင်းမှာတော့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုကတဆင့် စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုပြီး TNLA နဲ့ MNDAA တို့က အသီးသီး ကြေညာချက် ထုတ်ခဲ့ရပါတယ်။ လက်ရှိမှာလည်း တရုတ် အကူအညီနဲ့ ကြားခံပြီး စစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေ လုပ်နေပေမယ့် တစုံတရာ ရလဒ်တွေ မထွက်သေးဘူးလို့ တိုင်းရင်းသားအဖွဲ့တွေနဲ့ နီးစပ်သူတွေနဲ့ လေ့လာသူတွေက ပြောပါတယ်

MNDAA ကိုးကန့်တပ်၊ TNLA တအာင်းတပ် အပြင် အခု အချိန်ထိ တိုက်ပွဲဖော်ဆောင်နေတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) နဲ့ အာရက္ခတပ်တော် (AA) တွေဟာ အခုအချိန်အထိ တရုတ်နိုင်ငံရဲ့ ဖိအားကို တွန်းလှန်နိုင်တဲ့ ထူးခြားတဲ့ ခံနိုင်ရည်ကို ပြသနိုင်ခဲ့တယ်လို့ ဂျေဆင်တာဝါက သုံးသပ်ပါတယ်။

တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျင်း (Deng Xijun) နဲ့ UWSA ‘ဝ’ ခေါင်းဆောင်ပိုင်းရဲ့ သြဂုတ်လထဲ ယူနန်မှာ တွေ့ခဲ့ကြတဲ့ အစည်းအဝေးမှတ်တမ်း ပေါက်ကြားခဲ့တာကလည်း တိုင်းရင်းသားအဖွဲ့တွေကြား တရုတ်ရဲ့ စွက်ဖက်မှု အပေါ် ပြန်လည် သုံးသပ် စဥ်းစားမှုတွေ ဖြစ်စေတယ်လို့ ဂျေဆင်တာဝါက ယူဆပါတယ်။ အဲဒီမှတ်တမ်းမှာ တရုတ်ဘက်က တင်းတင်းမာမာနဲ့ ပြောဆို ဆက်ဆံတဲ့ စကားလုံး အသုံးအနှုံးတွေ သုံးထားခဲ့တာပါ။

“ပြောချင်တာက တရုတ်ပြည်က လာတဲ့ ဖိအားတွေ ဘယ်လိုပဲ ပေးပေး MNDAA က လားရှိုးကို လက်မလွှတ်သေးပါဘူး၊ KIA ကလည်း ရဲရဲဝင့်ဝင့်ပဲ လှုပ်ရှားနေပါတယ်။ ဆက်လက်ပြီးတော့ မြေရှား ဓာတ်သတ္တုမိုင်းတွေ ရှိတဲ့ ပန်ဝါ ဒေသ ကို သိမ်းလိုက်လို့ စစ်ကောင်စီ စစ်တပ်ဟာ ကချင်ဒေသမှာ အဆုံးအရှုံး ကြီးကြီးမားမားနဲ့ ထပ်ရင်ဆိုင်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်သီတင်းပတ်တွေထဲမှာ ကစားပွဲကို အပြောင်းအလဲ ဖြစ်စေတာက အထူးသဖြင့် KIA က ပန်ဝါ ကို ပြန်လည် သိမ်းပိုက်တာ၊ ကန်ပိုက်တီ (ကံပိုင်တည်) ကို သိမ်းလိုက်တာတွေပါ။ ဒါဟာ နိုင်ငံ အဆင့် နယ်စပ်ဖြတ်ကျော်မှုကို သူတို့ ထိန်းချုပ်လိုက်နိုင်တာ ဖြစ်သလို မြေရှားမိုင်းတွေကိုလည်း ချုပ်ကိုင်ထားနိုင်လို့ ဒါက တရုတ်နဲ့ ဆက်ဆံရေးမှာ သိသိသာသာကို သြဇာတက်လာစေပါတယ်။ ရခိုင်မှာလည်း အလားတူ ပြီးခဲ့တဲ့ ရက်သီတင်းပတ် ၂ ခုလောက် အတွင်းမှာ ဆုံးရှုံးမှုတွေ ကြုံခဲ့ရပြီး AA က စစ်တိုင်းဌာနချုပ် တခုကို သိမ်းလိုက်ပါတယ်။”

ဝါရင့် မြန်မာ့အရေး ကျွမ်းကျင်သူ မိုက်ကယ်မာတင် (CSIS) ဆီမှာလည်း တိုင်းရင်းသား တွေ အပေါ် တရုတ်ရဲ့ သြဇာ လျော့နည်းလာနေတယ် ဆိုတဲ့ ရှုမြင်ချက် ရှိပါတယ်။ ။ “တရုတ်ကို လျစ်လျူရှုလို့ မရပေမယ့် တရုတ်ရဲ့ လက်အောက်ခံမဟုတ်ဘူး ဆိုတာကို တိုင်းရင်းသားအဖွဲ့တွေက ထုတ်ဖော် ပြသလေ့ရှိသလို တရုတ်နဲ့ ဘယ်လို ဆက်ဆံရမယ် ဆိုတာကို အတွေ့အကြုံရှိပြီး သူတို့ ကောင်းကောင်း သိတယ်” လို့ သူက ထောက်ပြပါတယ်။

ဒါ့အပြင် မြေပြင် စစ်ရေး မျက်နှာသွင်ပြင် အပြောင်းအလဲတွေက တရုတ်နိုင်ငံရဲ့ တိုင်းရင်းသား အဖွဲ့တွေ အပေါ် ချဥ်းကပ်ပုံတွေကို အပြောင်းအလဲ ထပ် ဖြစ်စေတယ်လို့ လေ့လာသူတွေတချို့ရဲ့ ရှုမြင်ချက်တွေလည်း ရှိပါတယ်။ ဂျေဆင်တာဝါကတော့ စစ်တပ်ရဲ့ နေရာမှာ အစားထိုးနိုင်မယ့် သူမရှိဘူး ဆိုတဲ့ စဥ်းစားချက်ကတော့ တရုတ်မှာ ရှိနေတုန်းပဲလို့ ထောက်ပြပါတယ်။

“နည်းဗျူဟာအရ၊ အထူးသဖြင့် KIA အပေါ်မှာ တရုတ်က အနည်းငယ် အပြောင်းအလဲ ပြုလုပ်လာပုံရပြီး အဆင့်မြင့် လက်ခံတွေ့ဆုံမှုတွေ လုပ်လာပါတယ်။ ဂီယာပြောင်း ချိန်းပြီး နည်းနည်းပိုပြီး ပျော့ပျောင်းတဲ့ ချဉ်းကပ်မှု လုပ်လာပါတယ်။ လာမယ့်နှစ်ထဲမှာ တရုတ်ဘက်က ပြန်လည်ချိန်ညှိမှုတချို့ လုပ်ကောင်း လုပ်နိုင်ပါတယ်။ ဒါပေမယ့် အခု အချိန်အထိတော့ တရုတ်နိုင်ငံအနေနဲ့ မြန်မာစစ်တပ်နေရာမှာ တခြားရွေးချယ်စရာ မတွေ့သေးတဲ့ သဘောကို ရှင်းရှင်းလင်းလင်း ဆက်လက်ပြသနေပါတယ်။”

"AA နဲ့ KIA အပေါ် တရုတ်ဖိအား အကန့်အသတ်ရှိ" သုတေသီတွေယူဆ
please wait

No media source currently available

0:00 0:18:28 0:00

တရုတ်ရဲ့ စဥ်းစားပုံဟာ စစ်ကောင်စီ စစ်တပ် အပေါ် ကို ဦးတည် နေဆဲဆိုတာကို မိုက်ကယ်မာတင်ကလည်း သဘောတူပါတယ်။ အဓိက တော်လှန်ရေး အင်အားစု ဖြစ်တဲ့ NUG အနေနဲ့ တရုတ်နိုင်ငံ အပေါ် အိမ်နီးချင်း အဖြစ် အမြဲ ကောင်းမွန်တဲ့ ဆက်ဆံရေး ပြသပေမယ့် ထုတ်ဖော် ပြောဆိုချက်ကို သုံးသပ်ဖို့ လိုတယ်လို့ ရှုမြင်ပါတယ်။

“သူတို့က တရုတ်နဲ့ ဘယ်လို ဆက်ဆံရမယ် ဆိုတာ မသိသေးပါဘူး။ ပထမအချက် ပြဿနာက တရုတ်ဆီကို သူတို့ ပေးပို့နိုင်ဖို့ ကြိုးစားတဲ့ အစီအစဉ်တွေက တရုတ်အတွက် လုံးဝအဓိပ္ပာယ်မရှိ ဖြစ်နေတယ်လို့ ထင်ပါတယ်။ သူတို့ပြောနေတာက “ငါတို့ကို အစိုးရ တာဝန်ရှိသူ အဖြစ် ဘာလို့ အသိအမှတ်မပြုတာလဲ” ဆိုတာတွေပါ။ ဒါက တရုတ် အပေါ် သိပြီး ထိရောက်မှာ မဟုတ်ပါဘူး။ တရုတ်က SAC [နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ] ကို အစိုးရ တာဝန်ရှိသူ သဘောမျိုး အသိအမှတ်ပြုထားပါတယ်။ တရုတ် အနေနဲ့ ဒီကိစ္စမှာ နှစ်ယောက်ကို အသိအမှတ်ပြုပေးလို့ မရနိုင်ပါဘူး။”

ဒီ အနေအထားမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေကြတဲ့ အင်အားစုတွေ အနေနဲ့ တရုတ်အပေါ် မှာ ဘယ်လို ချဥ်းကပ် သင့်လဲ ဆိုတဲ့ မေးခွန်းက ရှိလာပါတယ်။ ကိုထက်မင်းလွင်ကတော့ “တရုတ် မုန်တီးရေး” သဘောတွေကို သတိထားဖို့ လိုတယ်လို့ ထောက်ပြပါတယ်။

“တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နေပြည်တော်ကို လာတဲ့ အခါမှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ တော်လှန်ရေး အင်အားစုတွေ အားလုံးက၊ ဗမာပြည်မှာ ရှိနေတဲ့ နိုင်ငံရေး ဇာတ်ကောင်တွေ ဆိုတာ ဘယ်တုန်းကမှ ညီညွတ်တာ မဟုတ်ဘူး။ တခုခုဆိုရင် တသံတည်း ထွက်တယ်ဆိုတာ အလွန်ရှားပါးတယ်။ ဒီကိစ္စမှာကျ တရုတ် မုန်တီးရေးကို တသံတည်း ထွက်တာ။ ကျနော့်အနေနဲ့ နားလည်တာကကျတော့ တရုတ်ဟာ ဘယ်လိုမှကိုပဲ စစ်ကောင်စီကို လွှတ်ထားလို့ မရတော့တဲ့ အတွက်ကြောင့်မို့ လာတွေ့တယ်လို့ ကျနော်က ယူဆတယ်။ အရပ်ပြောနဲ့ ပြောလို့ရှိရင် ဝမ်ယိက လာဆူတဲ့ သဘောလို့ ကျနော်က ယူဆတယ်။ အဲဒီ အခြေအနေမျိုးမှာ တော်လှန်ရေး အင်အားစုတွေဘက်ကကျတော့ တရုတ် မုန်တီးရေး၊ တရုတ် ဆန့်ကျင်ရေး အခံနဲ့ အားလုံးပေါ့နော်၊ နိုင်ငံရေး ခေါင်းဆောင်တွေဘက်ကရော၊ မူဝါဒဘက်ကရော၊ လေ့လာသုံးသပ်သူတွေဘက်ကရော တရုတ်က ဒါဟာ အကြီးအကျယ် ဝင်စွက်တာပဲ ဆိုတဲ့ စဥ်းစားချက်က ကိုယ်က ဒီလိုဖြစ်မယ်လို့ ထင်လိုက်တာနဲ့ အဲဒီလို ထင်တာတွေကို ပြောရင်း ပြောရင်းနဲ့ နောက်ဆုံး ကိုယ်လုပ်လို့ ကိုယ်ပြောလို့ ဖြစ်မှာ စိုးရိမ်ရတဲ့ အလားအလာ ရှိပါတယ်။”

တရုတ် မုန်တီးရေး အခြေခံနဲ့ ချဥ်းကပ်လို့ မရဘူး ဆိုတဲ့ အချက်ကို နောက်ထပ် မြန်မာ သုတေသီ ဒေါက်တာ စိုင်းကြည်ဇင်စိုးကလည်း လက်ခံပါတယ်။ သူက တရုတ်ရဲ့ စိုးရိမ်ချက်တွေကို ထည့်သွင်းစဥ်းစားဖို့လိုတယ်လို့ ထောက်ပြပါတယ်။

“တရုတ် မုန်တီးရေး စလို့ မရဘူး။ ဒါကတော့ ကျိန်းသေတယ်။ တရုတ်မုန်းတီးရေး ဆိုပြီး တရုတ်နိုင်ငံ တက်သိမ်းလို့ရတဲ့ ၁၅ ရာစုလည်း မဟုတ်တော့ဘူး။ အိမ်နီးချင်း ဖြစ်နေတဲ့ အတွက်ကြောင့်မလို့ ကြိုက်ကြိုက် မကြိုက် သံတမန် ဆက်ဆံရေးကတော့ ရှိရမယ်။ ကိုယ့်ဘာသာ အစိုးရ အဖြစ် ဒါမှမဟုတ် ဒေသန္တရ အစိုးရ အဖြစ် စုဖွဲ့မယ်ဆိုတဲ့ အစုအဖွဲ့တွေက အဲဒီ စဥ်းစားမှုကနေ မျက်ချည် ပြတ်လို့ မရဘူး။ သူတို့နဲ့ ထိတွေ့ရမယ်။ သူတို့နဲ့ အမြဲတမ်း ရန်သူ ဖြစ်သွားလို့ မရဘူး။ ရန်သူ ဖြစ်သွားရင် အန္တရာယ် ရှိတယ်။ အဲဒီလို အနေအထားမျိုး ဖြစ်တဲ့ အတွက်ကြောင့်မလို့ သူတို့ရဲ့ စိုးရိမ်မှုကို နားလည်အောင် ကြိုးစားဖို့ လိုတယ်။ တရုတ် ဘာစိုးရိမ်လဲ။ ပြီးတော့ ထိုင်းပေါ့။ ဒီဘက်ခြမ်းမှာ ဆိုရင် အကြီးဆုံး ဖြစ်နေတာက တရုတ်နဲ့ ထိုင်းပေါ့။ သူတို့ရဲ့ စိုးရိမ်မှုတွေ ရှိတယ်။ သူတို့ရဲ့ စိုးရိမ်မှုကို နားလည်ဖို့ အတွက် သူတို့ရဲ့ နိုင်ငံရေး ဖြစ်တည်မှုကို သိဖို့လိုတယ်။ သူတို့နဲ့ နိုင်ငံရေး ဖြစ်ထွန်းမှုနဲ့ လက်ရှိ သူတို့ရဲ့ နိုင်ငံရေးထဲမှာ ဖော်ဆောင်နေတဲ့ နိုင်ငံရေး မူဝါဒ ချဥ်း ကပ်မှုတွေကို နားလည်ဖို့ လိုတယ်။ ကျနော်တို့ရဲ့ လှုပ်ရှားမှုတွေက သူတို့ အတွက် စိုးရိမ်စရာ ရှိလာတယ်။ 36:30 ကျနော်တို့ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုက သူတို့ရဲ့ နိုင်ငံရေး ရပ်တည်ချက်နဲ့ နိုင်ငံရေး စဥ်းစားမှု အပေါ်မှာ ဘယ်လို ရိုက်ခတ်လာမလဲ ဆိုတဲ့ စိုးရိမ်မှု ရှိတယ်။ ”

တရုတ်နိုင်ငံရဲ့ စိုးရိမ်ချက်တွေကို တော်လှန်ရေး အင်အားစုတွေဘက်က ဖြေသိမ့်ဖို့ ကြိုးစားဖို့ လိုနေတယ် ဆိုတာကို သုတေသီ ကိုထက်မင်းလွင်ကလည်း ထောက်ပြပါတယ်။

“တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ်မှာ ဘယ်လောက် သက်ရောက်မှု ကြီးလဲ ဆိုတာကို စဥ်းစားရင် သက်ရောက်မှုက အလွန်ကြီးပါတယ်။ တရုတ်နိုင်ငံအနေနဲ့ စစ်ရေး အရှိန်ကို တန့်သွားအောင် လုပ်နိုင်တဲ့ သြဇာ အာဏာ ရှိသလား ဆိုရင် ရှိပါတယ်။ ဘယ်အချိန်မှာ လုပ်နေပြီလဲ ဆိုရင် အခု အချိန်ကျမှ သူက လုပ်နေတာပါ။ အခုက အဲဒီ အခြေအနေကို ရောက်လာပြီ။ သူတန့်အောင် လုပ်နေတဲ့ အခြေအနေမှာ တရုတ်နိုင်ငံအပေါ်မှာ စိတ်ဆိုးတာထက် စာရင် တရုတ်နိုင်ငံရဲ့ မူဝါဒ ရေးရာကို ပြောင်းလဲ နိုင်ဖို့၊ မူဝါဒ ချမှတ်တဲ့ သူတွေကို နားလည် အောင်လို့ လက်ရှိ မြန်မာနိုင်ငံမှာ ရှိနေတဲ့ အခြေအနေတွေကို ရှင်းပြဖို့က အလွန်အရေးကြီးတဲ့ အခြေအနေလို့ ပြောရမှာ ဖြစ်ပါတယ်။ လုပ်နည်းတွေက ဘာတွေ ရှိလဲ ဆိုတော့ အမေရိကန် အစိုးရ နိုင်ငံရေး နဲ့ ပြောရရင် Lobbyist [စည်းရုံး လှုံ့ဆော် လော်ဘီ လုပ်ပေးနေသူ] တွေ ရှိပါတယ်။ တရုတ်နိုင်ငံကို လော်ဘီ လုပ်နိုင်တဲ့ သူတွေကို ရှာပါ။ တရုတ်နိုင်ငံကို Advocate (စည်းရုံး လှုံ့ဆော်) နိုင်သူတွေ ရှိပါတယ်။ လော်ဘီ လုပ်ပေးနေသူတွေကို ရှာပြီး တရုတ်နိုင်ငံကို သေချာ ရှင်းပြလို့ရှိရင် တော်လှန်ရေး အင်အားစုတွေ အနေနဲ့ ဆက်ပြီးတော့ စစ်ရေး အရှိန် တန့်မသွားအောင် ဆောင်ရွက်နိုင်မယ်လို့ ကျနော် ထင်ပါတယ်။”

ဂျေဆင်တာဝါကတော့ ဒီမိုကရေစီ လှုပ်ရှားမှုကို ထောက်ခံဖို့ တရုတ်က စိတ်ဝင်စားမှု မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြသနေတယ်လို့ ယူဆပါတယ်။ အဓိက အင်အားစုဖြစ်တဲ့ NUG က တရုတ်နိုင်ငံ အပေါ် တံခါးတွေ ဖွင့်ပေးမယ့် ဒါကို တရုတ်ဘက်က အသုံးမချတာက သူတို့ အတွက် အခွင့်အရေး တခု လက်လွှတ်ရတာ ဖြစ်ပြီး NUG အနေနဲ့ အာဆီယံ ဒေသတွင်းနဲ့ အိန္ဒိယဘက်ကို ပို ဗဟိုပြုတာမျိုး လုပ်ကောင်း လုပ်လာနိုင်တယ်လို့ ယူဆပါတယ်။

တဘက်မှာလည်း စစ်ကောင်စီဟာ တရုတ်နိုင်ငံရဲ့ ဖိအားကို မလွန်ဆန်နိုင်လို့ အခု အခြေအနေ ထက် ပိုခိုင်မာတဲ့ ဆက်ဆံ‌ရေး ဖြစ်လာအောင် အပေးအယူတွေ ပို လုပ်လာရဖွယ် ရှိတယ်လို့ ဂျေဆင်တာဝါက သုံးသပ်ပါတယ်။

“မြေပြင်မှာ သူ့ရဲ့ အကျိုးစီးပွားတွေ ရှိနေပါတယ်။ အလွန့်ကို အားနည်းလာနေတဲ့ စစ်တပ်က တရုတ်ဘက်ကို အချုပ်အခြာအာဏာ တချို့ ထိပါးတဲ့ အထိ အပေးအယူ လုပ်ဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိပါဘူး။ ဒါဟာ တရုတ်နဲ့ ပူးတွဲ လုံခြုံရေးကုမ္ပဏီ ခွင့်ပြုပေးဖို့ အထိ ကြီးမားတဲ့ အပေးအယူ ဖြစ်လာနိုင်ပါတယ်။ တရုတ်နိုင်ငံအတွက်ကလည်း ဒါက ကမ္ဘာတဝန်းက သူ့အကျိုးစီးပွား တွေ ကာကွယ်ရေးမှာ အရေးပါတဲ့ လုံခြုံရေး ခြေလှမ်း အစပျိုးချက်တွေကို မြန်မာနိုင်ငံမှာ စမ်းသပ်နိုင်မယ့် နေရာတခု ဖြစ်လာစေမှာပါ။ ဒါဟာ တရုတ်ရဲ့ အကျိုးစီးပွား နဲ့ ပိုင်ဆိုင်မှုရင်းမြစ်တွေ လုံခြုံရေးအတွက် ချဉ်းကပ်မှု အသစ် ဖြစ်လာနိုင်ပါတယ်။ လာမယ့် ၂၀၂၅ ခုနှစ်မှာ ဆိုရင် ဒါမျိုးတွေ ပိုပြီးမြင်တွေ့လာရဖွယ်ရှိပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံထဲက မဟာဗျူဟာကျတဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အကျိုးစီးပွားတွေကို ကာကွယ်နိုင်ဖို့ နည်းလမ်းအသစ်တွေ ရှာဖွေဖို့ ကြိုးစားပြီး လုံခြုံရေး ကဏ္ဍမှာ နည်းလမ်းအမျိုးမျိုးနဲ့ ပိုပြီး ပါဝင်ပတ်သက်လာနိုင်ပါတယ်။

အခု ကျွမ်းကျင်သူတွေ သုံးသပ်ခဲ့သလိုပဲ မြန်မာ့ အရေး တရုတ် ပါဝင် ပတ်သက်မှုမှာ အားကောင်းချက် တချို့နဲ့ အကန့်အသတ် တချို့ရှိသလို မြန်မာနိုင်ငံက အင်အားစုတွေ ကြားမှာလည်း အာလားတူ အားသာချက် အားနည်းချက်တွေ ရှိလို့နေပါတယ်။ အထူးသဖြင့် စစ်ရေး အကျပ်အတည်း ကြုံနေရတဲ့ အာဏာသိမ်း စစ်ကောင်စီ အတွက် လာမယ့် ၂၀၂၅ ခုနှစ်မှာတော့ “တရုတ်ကို အသုံးချ အားပြုတဲ့ China Card” က အလုပ် ဖြစ်မလားဆိုတာ အပေါ် လေ့လာသူတွေက မေးခွန်းထုတ်လာကြပါတယ်။

တဘက်မှာလည်း မြန်မာ့ ခုခံတော်လှန်ရေး အင်အားစုအနေနဲ့ စုစည်း ညီညတ်မှုနဲ့ နယ်မြေတွေ ချဲ့ထွင် ထိန်းချုပ်နိုင်ရေးက လာမယ့် နှစ်ထဲ ပို အရေးပါလာမယ် ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ရှုမြင်ကြပါတယ်။ တချိန်တည်းမှာပဲ တရုတ်နိုင်ငံဟာ သူ့ရဲ့ ဗျူဟာမြောက် အကျိုးစီးပွားတွေ အတွက် အားနည်းလာနေတဲ့ စစ်ကောင်စီနဲ့ ဖိအားပေးတွေကို ပိုပြီး တန်ပြန်လာနိုင်တဲ့ တိုင်းရင်းသား အဖွဲ့တွေကြား ဟန်ချက်ညီအောင်ထိန်းညှိဖို့ ပို ခက်ခဲလာတဲ့ အနေအထား တရပ်ကို ရင်ဆိုင်ရဖွယ် ရှိတယ်လို့ သုံးသပ်ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG