စစ်ကောင်စီနဲ့ ပူးတွဲပြီး မြန်မာနိုင်ငံထဲက တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ စီမံကိန်းတွေကို ကာကွယ်ဖို့ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတည်ထောင်မယ့် တရုတ် အစိုးရရဲ့ အဆိုပြုချက် အပေါ် မြန်မာအရပ်ဘက်အဖွဲ့တွေနဲ့ ကျွမ်းကျင်သူတွေက အချုပ်အခြာအာဏာကို ခြိမ်းခြောက်မှု အဖြစ် မေးခွန်းထုတ်ကြသလို လက်နက်ကိုင် ခုခံတော်လှန်ရေး အရှိန်မြင့်နေလို့ စစ်တပ်ရဲ့ ထိန်းချုပ်နိုင်မှု အားနည်းသွားတာကို ပြသတဲ့ လက္ခဏာတရပ် အဖြစ်လည်း ရှုမြင်ကြပါတယ်။ ဒါ့အပြင် ဒေသတွင်း လုံခြုံရေး ဆိုင်ရာမှာ ပိုမိုကျယ်ပြန့်တဲ့ ဂယက်ရိုက်ခတ်မှုတွေကို ဖြစ်စေပြီး အထူးသဖြင့် နောက်ထပ် အင်အားကြီး တနိုင်ငံဖြစ်တဲ့ အိန္ဒိယက သူ့ရဲ့ အိမ်နီးချင်း နိုင်ငံတခုမှာ တရုတ်လုံခြုံရေးတပ်ဖွဲ့တွေ အခြေချလာနိုင်မယ့် အနေအထား အပေါ်လည်း စိုးရိမ်ချက် ရှိနိုင်တယ်လို့ ထောက်ပြကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြထားပါတယ်။
အွန်လိုင်းမှာ ထွက်ပေါ်လာတဲ့ အောက်တိုဘာ ၂၂ ရက် ရက်စွဲနဲ့ အစိုးရ ပြန်တမ်းစာထဲမှာ တရုတ်နိုင်ငံ ဘက်က မြန်မာနဲ့ ပူးတွဲလုံခြုံရေးကုမ္ပဏီတခု တည်ထောင်ဖို့ အဆိုပြုထားချက်ကို စိစစ်နိုင်ဖို့ စစ်ကောင်စီဘက်က ပြည်ထဲရေး ဒုတိယ ဝန်ကြီး အဆင့် ဦးဆောင်ပြီး ကော်မတီ ဖွဲ့စည်းခဲ့တာကို ဖော်ပြထားပါတယ်။ အဲဒီကော်မတီကနေ လုံခြုံရေးကုမ္ပဏီအတွက် ပြည်ပကနေ တင်သွင်းလာမယ့် လက်နက်နဲ့ ဆက်သွယ်ရေး စက်တွေ အပါအဝင် စစ်ရေးဆက်စပ် ကန့်သတ်ပစ္စည်းတွေအပေါ် ထိန်းချုပ်နိုင်ဖို့နဲ့ လက်ရှိ ဥပဒေတွေနဲ့ ဆန့်ကျင်မှု ရှိမရှိ ဆန်းစစ်နိုင်ဖို့ အပြင် မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို မထိစေဖို့ စိစစ်ရမယ့် လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်မယ် ဆိုပါတယ်။
နိုဝင်ဘာလလယ်ပိုင်းလောက်မှာ အစိုးရပြန်တမ်းစာက ပေါက်ကြားခဲ့တာ ဖြစ်ပြီး အဲဒီနောက် နောက်ဆက်တွဲ ဝေဖန်ချက်တွေ ချက်ချင်း ထွက်လာခဲ့ကာ ပြည်တွင်း ပြည်ပ မီဒီယာတွေနဲ့ မြန်မာ့အရေး လေ့လာစောင့်ကြည့်သူတွေကြား သုံးသပ်ရေးသားမှုတွေ ဖြစ်လာပါတယ်။
အချုပ်အခြာအာဏာနှင့် လုံခြုံရေးဆိုင်ရာ မေးခွန်းတွေ ဖြစ်ပေါ်
ပြန်တမ်းပါ ဖော်ပြချက်အရ စစ်ကောင်စီက တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာ မထိခိုက်ဖို့ ပြင်ဆင်ထားတယ် ဆိုပေမယ့် လူမှုကွန်ရက်တွေ အပေါ်မှာ ထောက်ပြကြတဲ့ အထဲမှာ အချုပ်အခြာ ကိစ္စက ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပါတယ်။
“တရုတ် လုံခြုံရေး ကိစ္စက သိပ် စိုးရိမ်စရာ ကောင်းပါတယ်။ တရုတ်က သူတို့ရဲ့ အကျိုးစီးပွား အတွက် ဆိုရင် ဘာမဆိုလုပ်နိုင်တဲ့ အနေအထား မျိုးမှာ ရှိနေပါတယ်” လို့ အရပ်ဘက် လူမှုအဖွဲ့အစည်း အနေနဲ့ မြန်မာ့ အရေး လှုပ်ရှားနေသူ မခင်လေးက ဗွီအိုအေကို ပြောပါတယ်။
“ဒီလို မော်ဒယ်မျိုးကို အာဖရိကနိုင်ငံတွေက သူတို့ရဲ့ ရင်းနှီးမြှပ်နှံမှုတွေကို ကာကွယ်ဖို့ဆိုပြီးတော့ ပုဂ္ဂလိကတပ်တွေကို ခေါ်သွင်းခဲ့တဲ့ သက်သေတွေလည်း ရှိပါတယ်။ ကျမတို့ ယခင် စစ်အုပ်ချုပ်ရေးကာလမှာလည်း တိုင်းပြည်ဟာ တရုတ် [နိုင်ငံ] လက်ထဲကို ဝကွက် အပ်ခဲ့တဲ့ စီးပွားရေး အရ ကိုလိုနီကျွန်ပြုတာကို နှစ်ပေါင်းများစွာ ခံခဲ့ရပြီး ဖြစ်ပါတယ်။ အခု အချိန်မှာတော့ စီးပွားရေး အရတင် မဟုတ်ဘဲ၊ နယ်မြေကိစ္စ၊ တပ်တွေကိုယ်တိုင်ကပါ ဝင်ရောက်မယ် ဆိုတဲ့ အခါကျတော့ ပိုပြီးတော့ စိုးရိမ်စရာ အနေအထား ဖြစ်ပါတယ်။ စ-ကစ [စစ်ကောင်စီ] ကတော့ သူတို့ ရှင်သန်ရပ်တည်ရေးအတွက်၊ သူတို့ အကျိုးစီးပွား အတွက် ဆိုရင် တိုင်းပြည်ကို ဘယ်လိုပုံစံနဲ့ မဆို ရေစုံမျှော်ဖို့ စီစဥ်နေတယ်လို့ပဲ မြင်ပါတယ်။”
ဒီဖြစ်ရပ်က ဒေသတွင်းနဲ့ ကမ္ဘာ့အရေးတွေကို ကြီးမားတဲ့ အကျိုးသက်ရောက်မှု ရှိတယ်လို့လည်း မခင်လေးက ရှုမြင်ပါတယ်။
မြန်မာနိုင်ငံပြန်တမ်းတွေဟာ အများပြည်သူကို ထုတ်ပြန်ရာမှာ သီတင်းပတ် အနည်းအငယ် အကြာ နောက်ကျလေ့ရှိပါတယ်။ ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ မြန်မာနိုင်ငံပြန်တမ်း စာမျက်နှာမှာတော့ အောက်တိုဘာ ၂၅ ရက်နေ့ အထိ ထုတ်ပြန်ထားပေမယ့် ဒီကော်မတီ ဖွဲ့စည်းတဲ့ သတင်းမတွေ့ရပါဘူး။
ဒါပေမယ့် နီးစပ်တဲ့သူတွေကတော့ အစိုးရပြန်တမ်းစာ ပေါက်ကြားခဲ့တာ အမှန် ဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီရဲ့ သတင်းပြန်ကြားရေးအဖွဲ့ကိုလည်း စိစစ်ရေး ကော်မတီ ဖွဲ့စည်းမှုနဲ့ပတ်သက်ပြီး နောက်ဆက်တွဲ မေးမြန်းထားပေမယ့် ချက်ချင်း တုံ့ပြန်တာမျိုး မရှိသေးပါဘူး။
မြန်မာနိုင်ငံက တရုတ်ရင်းနှီးမြှုပ်နှံမှုတွေမှာ အရင်ကလည်း သက်ဆိုင်ရာ ကုမ္ပဏီ အလိုက် ကိုယ်ပိုင် လုံခြုံရေးတွေထားလေ့ရှိပါတယ်။ မြန်မာနိုင်ငံက တည်ဆဲ ဥပဒေနဲ့ နည်းဥပဒေတွေအရလည်း ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေကို ခွင့်ပြုထားပါတယ်။
အခု တရုတ် အစိုးရရဲ့ အဆိုပြုချက်ကတော့ ပထမဆုံး အကြိမ် အဖြစ် အစိုးရ အဆင့် နှစ်ဘက် နားလည်မှု စာချွန်လွှာ (MOU) ထိုးပြီး လက်နက်ကိုင် လုံခြုံရေးတွေ ချထားမယ့် အလားအလာ ဖြစ်ပါတယ်။ သုတေသီတွေကတော့ တရုတ်နိုင်ငံအနေနဲ့ သူ့ရဲ့ ခါးပတ်လမ်း စီမံကိန်း ရှိတဲ့ တခြား တိုင်းပြည်တွေမှာလည်း အလားတူ ပုဂ္ဂလိက လုံခြုံရေးတပ်တွေကို အသုံးပြုတာကို ဥပမာပေးကြပါတယ်။ ပုဂ္ဂလိကလို့ အမည်တပ်ပေမယ့် ဒီဝန်ထမ်းတွေ အများစုကလည်း တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် အဖွဲ့ဝင်ဟောင်းတွေ ဖြစ်တယ်လို့ ထောက်ပြပါတယ်။
တဘက်မှာလည်း အောက်တိုဘာ ၁၈ ရက်က မန္တလေးမြို့က တရုတ် ကောင်စစ်ဝန်ရုံး အသေးစား ဗုံးခွဲတိုက်ခိုက်ခံရမှု အပါအဝင် နိုင်ငံတဝန်း တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေ အပေါ် လုံခြုံရေး အာမခံချက် နည်းပါးလာတာက အခု တရုတ်အစိုးရရဲ့ အဆိုပြုချက်အပေါ် တွန်းအားဖြစ်စေတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
“မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံရဲ့ ထိပ်တန်းဦးစားပေးက သူတို့ရဲ့ Belt and Road Initiative လို့ခေါ်တဲ့ ခါးပတ်လမ်း စီးပွား စီမံကိန်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တည်ငြိမ်အေးချမ်းရေးပဲ” လို့ ပါရဂူ ကျမ်းပြု ကျောင်းသား မြန်မာ သုတေသီ တဦးက သုံးသပ်ပါတယ်။ မြန်မာနိုင်ငံက မိသားစုဝင်တွေရဲ့ ဘေးကင်းရေး အတွက် အမည်မဖော်ပြဖို့ သူက ဗွီအိုအေကို တောင်းဆိုပါတယ်။
“ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီ ဆိုပြီး ဘောင်ခတ် သုံးနှုန်းတာက တရုတ်နိုင်ငံက စစ်ရေးအရ စွက်ဖက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ရှောင်ရှားဖို့ တရုတ်နိုင်ငံရဲ့ ဗျူဟာမြောက် လုပ်ဆောင်ချက်” လို့ အဲဒီ အမည်မဖော်လိုတဲ့ မြန်မာ သုတေသီက သုံးသပ်ပါတယ်။ စစ်တပ်ကရေးဆွဲခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း မြန်မာ့မြေပေါ်မှာ နိုင်ငံခြားတပ်တွေ ချထားတာကို တားမြစ်ထားတယ်လို့ သူက ထောက်ပြပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားမီဒီယာတခုနဲ့ ၂၀၂၂ ခုနှစ်တုန်းက တွေ့ဆုံမေးမြန်းခန်း မှာလည်း နိုင်ငံခြားတပ်တွေ တပ်ချခွင့် မပြုနိုင်တဲ့ သဘောထားကို ထပ်မံ ထုတ်ဖော် ပြောခဲ့ဖူးပါတယ်။
ဒါပေမယ့် လက်ရှိ လုံခြုံရေး အခြေအနေအရ စစ်ခေါင်းဆောင်အတွက် တရုတ် အစိုးရရဲ့ အဆိုပြုချက်ကို ဆန့်ကျင်ဖို့က ခက်ခဲနိုင်တယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။
“လူထုကတော့ ဒါဟာ အချုပ်အခြာအာဏာကို ချိုးဖောက်မှုလို့ ထင်မြင်ကြမှာပါပဲ။ ဒီလို တရုတ်နိုင်ငံက လွန်လွန်ကဲကဲနဲ့ စွက်ဖက်လာတာအပေါ် စစ်ကောင်စီကိုယ်နှိုက်က စိတ်မသက်မသာ ဖြစ်စေနိုင်ပါတယ်” လို့ မြန်မာ သုတေသီက ယူဆပါတယ်။
ဒေသတွင်း အင်အားကြီး အိန္ဒိယရဲ့ တုံ့ပြန်နိုင်မှု
မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံရဲ့ လုံခြုံရေး ဆိုင်ရာ ကဏ္ဍ မြင့်မားလာမှာကို ဗျူဟာမြောက် အကျိုးစီးပွားတွေ ဆက်စပ်နေတဲ့ ဒေသတွင်း အင်အားကြီး အိမ်နီးချင်း အိန္ဒိယနိုင်ငံကလည်း စိုးရိမ်ဖွယ် ရှိတယ်လို့ လေ့လာသူ တချို့က ယူဆကြပါတယ်။
လက်ရှိ စင်္ကာပူ အမျိုးသား တက္ကသိုလ်မှာ အိန္ဒိယ၊ မြန်မာ၊ ထိုင်းနဲ့ ဒေသတွင်းနဲ့ နယ်စပ်ရေးရာ ဆက်ဆံရေးတွေကို အထူးပြုလေ့လာနေတဲ့ ပါရဂူ ကျောင်းသား သုတေသီ အန်ရှမန် ချောင်ဒရီ (Angshuman Choudhury) က တရုတ် ပုဂ္ဂလိက လုံခြုံရေး အဆိုပြုချက် အပေါ် အိန္ဒိယကလည်း စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နိုင်တယ်လို့ သုံးသပ်ပါတယ်။
"အိမ်နီးချင်း နိုင်ငံတခုမှာ တရုတ်စီမံကိန်းတွေ ရှိတာက အိန္ဒိယ အတွက် ပြဿနာ မဟုတ်ပါဘူး။ တရုတ် လုံခြုံရေး တပ်ဖွဲ့ လက်နက်ကိုင်တွေ အခြေချလာပြီ ဆိုရင်တော့ ဒါက လုံးဝကွဲပြားတဲ့ ကစားပွဲ တခု ဖြစ်လာမှာပါ။”
အရင်ကလည်း အိန္ဒိယသမုဒ္ဒရာ၊ ဘင်္ဂလားပင်လယ်အော်ထဲက အိန္ဒိယရေတပ်စခန်းတွေနဲ့ မဝေးလှတဲ့ မဟာဗျူဟာကျတဲ့ ကိုကိုးကျွန်း အပါအဝင် မြန်မာနိုင်ငံထဲက တရုတ်နိုင်ငံရဲ့ စစ်ရေး လှုပ်ရှားမှု တွေကို အိန္ဒိယ က စိုးရိမ်ကြောင်း ထုတ်ဖော် ပြသခဲ့တာတွေကို သူက ဥပမာပေးပါတယ်။
“ဒီကိစ္စမှာလည်း အိန္ဒိယ အနေနဲ့ ပေါ်ပေါ်ထင်ထင် မဟုတ်ရင်တောင် သီးသန့် မြန်မာစစ်တပ် အပေါ် သေချာပေါက် တုံ့ပြန်မှုတွေ ရှိလာနိုင်တယ်လို့” ချောင်ဒရီက ပြောပါတယ်။
ဒါ့အပြင် ဒီအဆိုပြုချက်က စစ်ကောင်စီရဲ့ လက်ရှိ တိုင်းပြည်အပေါ် ထိန်းချုပ်နိုင်မှုနဲ့ လုံခြုံရေးပေးနိုင်မှုအပေါ် တရုတ်နိုင်ငံဘက်က ယုံကြည်မှု ကင်းမဲ့လာနေတာကို ညွှန်ပြနေတယ်လို့လည်း လေ့လာသူတွေက ထောက်ပြကြပါတယ်။ “ခုခံတော်လှန်ရေးအင်အားစုတွေကို ထိထိရောက်ရောက် မထိန်းချုပ်နိုင်တာက တရုတ်အစိုးရအတွက် လုံခြုံရေး ဆိုင်ရာမှာ တခြား အစားထိုး အစီအမံတွေ လုပ်ဖို့ တွန်းအားဖြစ်လာနေတယ်” လို့ သုံးသပ်ကြပါတယ်။
စစ်ကောင်စီ နယ်မြေ ထိန်းချုပ်နိုင်မှု လျော့ပါးလာနေ
ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေ အပါအဝင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) အောက်က တရုတ်စီမံကိန်းတွေဟာ စစ်အာဏာသိမ်းမှု ဆန့်ကျက်ရေး အတိုက်အခံ တော်လှန်ရေးအင်အားစုဘက်က ၂၀၂၁ ခုနှစ်နှောင်းပိုင်းမှာ “ပြည်သူ့ကာကွယ်ရေးစစ်ပွဲ” ကြေညာလိုက်ကတည်းက လုံခြုံဆိုင်ရာ အကျပ်အတည်တွေ ရင်ဆိုင်ခဲ့ရတာပါ။
“ခုခံရေးတော်လှန်မှုတွေ မြင့်လာတာနဲ့ အမျှ စစ်ကောင်စီ တပ်တွေဟာ နယ်မြေတွေ စိုးမိုးထိန်းချုပ်နိုင်ဖို့ ခက်ခဲလာပြီး ဒီစီမံကိန်းတွေရဲ့ လုံခြုံရေးကို သေချာ အာမ မခံနိုင်တော့ဘူး” လို့ စင်္ကာပူ အခြေစိုက် ISEAS-Yusof Ishak Institute ရဲ့ သုတေသီ ကိုကြည်စင်က သိပ်မကြာခင်က ထုတ်ပြန်တဲ့ "တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ လုံခြုံရေး - ပဋိပက္ခတွေနဲ့ လူထု သဘောထားအမြင်တွေကို ရှာဖွေ ဖော်ထုတ်ခြင်း" ဆိုတဲ့ သုတေသန စာစောင်မှာ ရေးသားပါတယ်။ ၂၀၂၂ ခုနှစ် အစောပိုင်းတုန်းက ဒေါ်လာ သန်း ၈၀၀ တန်ဖိုးရှိတဲ့ တရုတ်-မြန်မာ ဖက်စပ် တကောင်းနီကယ်စက်ရုံရဲ့ လျှပ်စစ်ဓာတ်အားပေး တာဝါတိုင်တွေကို ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ တခုက မိုင်းခွဲတိုက်ခိုက်ခဲ့တာကို သူက ဥပမာ အဖြစ် ထောက်ပြထားပါတယ်။
"စစ်ကောင်စီရော၊ တော်လှန်ရေး အင်အားစု အမျိုးသားညီညွတ်ရေး အစိုးရ နှစ်ခုစလုံးမှာ အကန့်အသတ်တွေ ရှိနေလို့ ဒါက တရုတ်ရဲ့ CMEC စီမံကိန်းတွေကို အန္တရာယ်ဖြစ်စေတယ်" လို့ အဲဒီ စာတမ်းထဲမှာ ဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုအပြီးမှာ ရန်ကုန်မှာရှိတဲ့ တရုတ်သံရုံးက NUG ကို ဆက်သွယ်ပြီး မြန်မာနိုင်ငံက တရုတ်နိုင်ငံရဲ့ မဟာဗျူဟာကျ စီးပွားရေး အကျိုးစီးပွားတွေကို ကာကွယ်ဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ NUG ကာကွယ်ရေးဝန်ကြီး ကိုယ်တိုင်က လုံခြုံရေး အာမခံချက်တွေ ပေးပေမယ့် ခုခံတော်လှန်ရေး အင်အားစုတွေရဲ့ စုစည်းနိုင်မှု အားနည်းတာနဲ့ ပြောက်ကျား စနစ်ပုံစံ အမိန့်ပေးမှုနဲ့ ဖွဲ့စည်းမှု တွေကြောင့် တရုတ် နိုင်ငံအတွက် ယုံကြည်စိတ်ချရတဲ့ လုံခြုံရေးအာမခံချက် မပေးနိုင်တဲ့ အဖြစ်အပျက်တချို့ ဆက်လက်ဖြစ်ပွားခဲ့တယ်လို့လည်း အဲဒီ သုတေသနစာတမ်းမှာ ထောက်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) က မြန်မာနိုင်ငံဆိုင်ရာ အမှုဆောင် ညွန်ကြားရေးမှူး ဂျေဆင် တာဝါ (Jason Tower) ကတော့ NUG အပါအဝင် တိုင်းရင်းသားအဖွဲ့တွေနဲ့ ခုခံတော်လှန်ရေး အင်အားစုတွေဘက်ကလည်း တရုတ် စီမံကိန်းတွေရဲ့ လုံခြုံရေးကို အလေးပေးစဥ်းစားတာ တွေ့ရတယ်လို့ ဗွီအိုအေကို ပြောပါတယ်။
“သူတို့ကလည်း နိုင်ငံတွင်း တရုတ်ရင်းနှီးမြုပ်နှံမှုတွေ လုံခြုံရေးအတွက် တရုတ်နဲ့ လက်တွဲဆောင်ရွက်လိုတဲ့ ဆန္ဒကို လူသိရှင်ကြား ပြသကြတယ်လို့ ကျနော်ထင်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက တရုတ်ရင်းနှီးမြှုပ်နှံမှုတွေရှိတဲ့ နယ်မြေတွေကို သိမ်းယူတဲ့ကိစ္စတွေမှာ တိုင်းရင်းသား အဖွဲ့ (EAO) တွေ၊ ဒါမှမဟုတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက အရမ်းသတိထားပါတယ်။ ဖြစ်ရပ် အတော်တော်များများမှာ လုံခြုံရေးပေးဖို့အတွက် ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုရှိပါတယ်။ ဒီစက်ရုံတွေ ဆက်လက် လည်ပတ် ထုတ်လုပ်နိုင်ဖို့ လုပ်ကြပါတယ်။”
ဂျေဆင်တာဝါရဲ့ အကဲဖြတ်ချက်အရ နိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်တွေရဲ့ ထိန်းချုပ်နိုင်မှုကတော့ အားနည်းလာနေတယ်လို့ ဆိုပါတယ်။ သူက မန္တလေး တရုတ် ကောင်စီဝန်ရုံး တိုက်ခိုက်ခံခဲ့ရမှုနဲ့ ဆက်စပ်ပြီး သုံးသပ်ပါတယ်။
“ပြောရမယ်ဆိုရင် ဒီအဖြစ်အပျက်မှာ တခြားအရာတွေထက် ပိုထင်ရှားတာက မြန်မာစစ်တပ်နဲ့ သူ့ရဲ့ အုပ်ချုပ်ရေးကောင်စီက တရုတ်နိုင်ငံရဲ့ အဓိက ရင်းနှီးမြုပ်နှံမှုတွေကနေ သံတမန်ရေးဆိုင်ရာ အဆောက်အအုံတွေ အထိ လုံခြုံရေးကို ထိထိရောက်ရောက် မပေးနိုင်တော့တာကို ပြသနေပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ လပိုင်းတွေထဲမှာ ရေအားလျှပ်စစ်ထုတ်လုပ်တဲ့ ဆည်ကြီးတွေ၊ မိုင်းတွင်းတွေ အပါအဝင် အကြီးစား တရုတ် ရင်းနှီးမြုပ်နှံမှု အများအပြားက တော်လှန်ရေး အင်အားစုတွေရဲ့ ထိန်းချုပ်မှုအောက်ရောက်ခဲ့တာကို တွေ့မြင်ခဲ့ရပြီးပါပြီ။”
စစ်တပ်က အာဏာသိမ်းပြီး မကြာခင် ၂၀၂၁ ခုနှစ်ထဲမှာ ရန်ကုန်က တရုတ် စီးပွားရင်းနှီးမြှုပ်နှံမှု စက်ရုံတွေ ပစ်မှတ်ထား တိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်တွေကိုလည်း ဂျေဆင်တာဝါက ဥပမာပေးပါတယ်။
အခုလတ်တလောမှာ ဖြစ်ခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်၊ တရုတ် ကောင်စစ်ဝန်ရုံး တိုက်ခိုက်မှု ဖြစ်စဥ်ကို ကြည့်ရင်လည်း မန္တလေးမြို့ဟာ နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ဖြစ်သလို အဓိက စီးပွားရေးအချက်အချာကျတဲ့ မြို့ကြီးဖြစ်တဲ့ အပြင် တိုက်ခိုက်ခံရချိန်ဟာ ညနေ အစောပိုင်း ဒေသစံတော်ချိန် ၅ နာရီဝန်းကျင်လောက်မှာ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် စစ်ကောင်စီဟာ သူ့ရဲ့ အဓိက မဟာမိတ် တရုတ်နိုင်ငံရဲ့ အကျိုးစီးပွား အပေါ်မှာတောင် လုံခြုံရေး ပေးနိုင်မှုက မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ အဲဒီ ဖြစ်ရပ်ကို တရုတ်အစိုးရကလည်း ချက်ချင်း တုံ့ပြန်ခဲ့ပါတယ်။ “အလွန်အမင်း ထိတ်လန့်တုန်လှုပ်ပြီး ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း” သတင်းထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံရဲ့ စိုးရိမ်မှု
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ နိုဝင်ဘာလ အစောပိုင်းက တရုတ်ပြည်ခရီးစဥ်အတွင်း ကူမင်းမြို့မှာ တရုတ်ဝန်ကြီးချုပ် Li Qiang နဲ့ တွေ့ဆုံချိန် “တရုတ်နိုင်ငံ က မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ ပြည်ပနိုင်ငံ ၅၂ နိုင်ငံအနက် ဒုတိယအကြီးဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ စီမံကိန်းတွေနဲ့ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးကို အထူးအလေးထားဆောင်ရွက်လျက်ရှိတယ်” ဆိုပြီး အာမခံခဲ့ပါတယ်။
တရုတ်ဝန်ကြီးချုပ် Li ကလည်း “ခါးပတ်လမ်း စီမံကိန်း အောက်က တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်နိုင်ဖို့ အတွက် မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ပြန်လည်သင့်မြတ်ရေးနဲ့ အသွင်ကူးပြောင်းရေး လက်တွဲဆောင်ရွက်သွားဖို့ အသင့်ရှိကြောင်း” ပြောပါတယ်။
စိန်ခေါ်ချက်တွေ တိုးလာနေတဲ့ တရုတ်ရဲ့ ဟန်ချက်ညီ မြန်မာ့အရေး ချဥ်းကပ်မှု
နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ (International Crisis Group – ICG) က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ အကြီးတန်း အကြံပေး သောမတ်စ်ကီန်း (Thomas Kean) ကတော့ တရုတ်နိုင်ငံဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာ့အရေး ပါဝင် ပတ်သက်မှုက အကဲဆတ်တဲ့ အနေအထား အဖြစ် သတိထားပြီး ဟန်ချက်ညီတဲ့ လုပ်ရပ်တွေ လုပ်ဆောင်နေကြောင်း သုံးသပ်ပါတယ်။ ဘေဂျင်းမြို့တော်က တရုတ် အစိုးရဟာ စစ်ကောင်စီ အပေါ် စီးပွားရေး၊ သံတမန်ရေးနဲ့ စစ်ရေးဆိုင်ရာ ထောက်ပံ့မှုတွေ ပေးထားပေမယ့် တဘက်မှာလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ အတိုက်အခံ အဖွဲ့တွေနဲ့ ဆက်ဆံရေးကိုလည်း ထိန်းသိမ်းထားပြီး ဗျူဟာမြောက် အကျိုးစီးပွားတွေကို ကာကွယ်နိုင်ဖို့ တည်ငြိမ်ရေး အလေးပေးခဲ့တယ်လို့ သူက ရှုမြင်ပါတယ်။
ဒါပေမယ့် ၃ နှစ် အတွင်းမှာပဲ စစ်တပ်က တိုင်းပြည်ရဲ့ အရေးပါတဲ့ နယ်မြေအများအပြားကို ထိန်းချုပ်နိုင်မှု လက်လွှတ်ခဲ့ရချိန်မှာတော့ တရုတ် အစိုးရရဲ့ ချဉ်းကပ်မှုက ပြောင်းလဲသွားတယ်လို့ သောမတ်စ်ကီန်းက ယူဆပါတယ်။
“ပါဝင်စွက်ဖက်ဖို့ကို သိပ်ပြီး အလိုမရှိပေမယ့် မြန်မာနိုင်ငံ ဖရိုဖရဲ ဖြစ်သွားမှာကို သူတို့ မမြင်ချင်ပါဘူး။ အလွန်အကျွံ ဝင်ရောက် ပတ်သက်တာမျိုး တကယ်တော့ သူတို့လုပ်ချင်တာ မဟုတ်ပါဘူး။ အာဏာသိမ်းပြီး ပထမနှစ်အနည်းငယ်ကို ကြည့်ပါ။ သူတို့ အရမ်း ဝင်မပါဝင်ဖို့ တကယ့်ကိုကြိုးစားခဲ့ပါတယ်။ အဲဒီလို အခြေအနေမျိုးကသာ သူတို့ သဘောကျတဲ့ အနေအထားလို့ ကျွန်တော် ထင်ပါတယ်။”
ဒါပေမယ့် နောက်ပိုင်းမှာ တိုက်ခိုက်ရေးလေယာဉ်တွေ ထောက်ပံ့မှုတွေနဲ့ နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေတွေ အပေါ် ပိတ်ဆို့ ဖိအားပေးမှုတွေ အပါအဝင် စစ်ကောင်စီ အပေါ် တရုတ်ရဲ့ လတ်တလော ထောက်ခံ ရပ်တည်ပေးမှုတွေက စစ်တပ်ရဲ့ ထိန်းချုပ်နိုင်မှု အပေါ် တရုတ်ရဲ့ စိုးရိမ်ချက်တွေ တိုးလာခဲ့တာ ညွှန်ပြနေတယ်လို့ သောမတ်စ်ကီန်းက ထောက်ပြပါတယ်။
“စစ်တပ်ရဲ့ ချုပ်ကိုင်နိုင်မှုက အတိုင်းအတာ တခုအထိ အားနည်းလာနေပါတယ်” လို့ သောမတ်စ်ကီန်းက ဆိုပါတယ်။
"သန်းခေါင်စာရင်းကောက်တဲ့ ဖြစ်စဥ်ကို ကြည့်ရင် စစ်သားတွေနဲ့ တခြားလုံခြုံရေးတွေ လိုက်သွားရပါတယ်၊ ဒါပေမယ့် အတော်တော်များများမှာ သူတို့ဟာ အိမ်တိုင်းကို မကောက်နိုင်တော့ဘဲ ကျော်သွားတာမျိုး ဒါမှမဟုတ် အချက်အလက်တွေကို မှန်မှန်ကန်ကန် မကောက်ယူတာတွေ ဖြစ်ခဲ့ပါတယ်။ ဒါက မြေပြင် အခြေအနေကို ထင်ဟပ်နေပါတယ်။ မြို့ပြတွေမှာတောင် လုံခြုံရေး ပေးဖို့ ခက်ခဲလာတဲ့ အနေအထားလို့ ပြောလို့ရပါတယ်။"
သြစတြေးလျ အခြေစိုက် Lowy Institute က အရှေ့တောင်အာရှလုံခြုံရေးကျွမ်းကျင်သူ သုတေသီ ဒေါက်တာ အဗ္ဗဒူ ရာမန် ယာကုပ် (Abdul Rahman Yaacob) ကလည်း စစ်တပ်ရဲ့ ထိန်းချုပ်နိုင်မှုနဲ့ လုံခြုံရေးစွမ်းရည် လျော့ပါးလာနေတဲ့ အချက်ကို သဘောတူပါတယ်။
“စစ်ကောင်စီ တပ်ဖွဲ့တွေဟာ တကယ့်ကို မနိုင်ဝန်ထမ်းနေရတာပါ။ လူသစ်စုဆောင်းနိုင်ဖို့ စစ်မှုထမ်း ဥပဒေကို အသက်သွင်းပြီး တပ်သား အရေအတွက် တိုးအောင် လုပ်ဆောင်ရတာကလည်း အဲဒီ အကြောင်းရင်းပါပဲ။ ဒါပေမယ့် ဒါက အရေအတွက် ကိန်းဂဏန်းပဲ တိုးလာမှာပါ။ အရည်အသွေးတက်လာတယ်လို့ မပြောနိုင်ပါဘူး။ စစ်ကောင်စီဟာ တိုင်းပြည်ရဲ့ တောင်ပိုင်း၊ မြောက်ပိုင်းနဲ့ နယ်စပ်ဒေသတွေမှာ စစ်မျက်နှာတွေ ဖွင့်ပြီး တိုက်နေရတာပါ။ တကယ်တမ်းမှာတော့ ကောင်းမွန် ပြည့်စုံတဲ့ လုံခြုံရေး ပေးနိုင်ဖို့ သူတို့မှာ အင်အား လုံလောက်မှု မရှိပါဘူး။”
မြန်မာ့ ပဋိပက္ခ စစ်ပွဲရဲ့ လားရာ သိသိသာသာ ပြောင်းလဲလာနေတာကိုလည်း သူက ထောက်ပြပါတယ်။
“သောင်းကျန်းမှုနှိမ်နင်းရေး သဘောတရား အရ မြို့ကြီးတွေ၊ လူနေ ထူထပ်တဲ့ မြို့ပြအချက်အချာဒေသတွေကို အခိုင်အမာ ကာကွယ်ထားရတာပါ။ သူပုန်တပ်တွေကသာ နယ်ဘက် ကျေးလက်တွေမှာ စစ်ဆင်ရေးလုပ်ရတာပါ။ အခု ကျွန်တော်တို့ မြင်နေရတာက အတိုက်အခံတွေ၊ ဒါမှမဟုတ် လက်နက်ကိုင်အဖွဲ့တွေက မြို့ကြီးတွေမှာပါ စစ်ကောင်စီရဲ့ အကျိုးစီးပွားတွေကို ပစ်မှတ်ထားပြီး လှုပ်ရှား တိုက်ခိုက်လာနိုင်နေတာကို တွေ့ရပါတယ်” လို့ စစ်ရေး သုတေသီ ဒေါက်တာ ယာကုပ်က ပြောပါတယ်။
ပိုမို ရှုပ်ထွေးနိုင်တဲ့ မြန်မာ့အနာဂတ်
တရုတ်နိုင်ငံက သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ စီမံကိန်းတွေကို အကာအကွယ်ပေးဖို့ ရည်ရွယ်တဲ့ လုပ်ဆောင်မှုတွေက မြန်မာလူထုနဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ဖြစ်ပေါ်စေတဲ့အပြင် တရုတ်လုံခြုံရေးတပ်ဖွဲ့တွေပါ ဝင်လာနိုင်တဲ့ အခြေအနေက လက်ရှိ ပဋိပက္ခမှာ ပိုမိုရှုပ်ထွေးမှုတွေ ဖြစ်စေလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ယူဆပါတယ်။
“ ပူးတွဲလုံခြုံရေးကုမ္ပဏီ အဆိုပြုချက်က တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအတွက် စိန်ခေါ်မှုတွေ ဖြစ်လာနိုင်တယ်” လို့ အထက်မှာ သုံးသပ်ခဲ့တဲ့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ မြန်မာ ပါရဂူကျောင်းသား သုတေသီက ပြောပါတယ်။ “အတိုက်အခံအဖွဲ့တွေ အနေနဲ့ ဒီအခြေအနေအတွက် ပြင်ဆင်ဖို့ အရေးကြီးတယ်” လို့ လည်း သူက ယူဆပါတယ်။
အရှေ့တောင်အာရှရေးရာ သုတေသီ ဒေါက်တာ ယာကုပ် ကတော့ တရုတ် အစိုးရအနေနဲ့ သူ့ရဲ့ မြန်မာဆိုင်ရာ မဟာ ဗျူဟာတွေကို ပြန်သုံးသပ်ဖို့လိုတယ်လို့ ရှုမြင်ပါတယ်။
"ဘေဂျင်း အစိုးရအနေနဲ့ သူ့ရဲ့ ရေရှည် အကျိုးစီးပွားနဲ့ အခု လက်ရှိ ရေတိုနဲ့ အလယ်အလတ်ကာလမှာ စစ်ကောင်စီ အပေါ် ပံ့ပိုးပေးဖို့ လိုအပ်ချက်တွေကို ချိန်ညှိ ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။"
တဘက်မှာလည်း မြန်မာနိုင်ငံရဲ့ ပဋိပက္ခမှာ တရုတ် နိုင်ငံ အနေနဲ့ အခု ထက်ပို ဝင်ရောက် စွက်ဖက်တာမျိုး မလုပ်ဘဲ သူတို့လိုချင်တဲ့ တည်ငြိမ်ရေးပန်းတိုင်ကို အရောက်လှမ်းနိုင်မလားဆိုတဲ့ မေးခွန်းက ရှိနေပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာ့အရေးမှာ ပိုပြီး နက်နက်ရှိုင်းရှိုင်း တိုးမြှင့်လုပ်ဆောင်လာတာနဲ့ အမျှ မြန်မာ ပြည်သူ လူထု၊ အင်အားကောင်းလာနေတဲ့ ခုခံတော်လှန်ရေး အင်အားစုတွေနဲ့ သူ့ရဲ့ မဟာမိတ်တွေ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ရှုမြင်ချက်တွေ အပေါ် ပိုပြီး သက်ရောက်လာမှာ ဖြစ်သလို ခုခံ တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ရနိုင်ပြီး အိန္ဒိယနိုင်ငံလို ဒေသတွင်း အင်အားကြီး ပြိုင်ဘက်တွေနဲ့လည်း မြန်မာ့အရေးမှာ ရင်ဆိုင်ရမယ့် အခြေအနေ ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။