ရခိုင်ပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲတွေ ဆက်တိုက် ပြင်းထန်နေချိန်မှာပဲ တရုတ်နိုင်ငံရဲ့စီမံကိန်းတွေရှိနေတဲ့ကျောက်ဖြူမှာလည်း စစ်ကောင်စီက လုံခြုံရေး တိုးမြှင့်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။ ကျောက်ဖြူမှာ စစ်ကောင်စီက လုံခြုံရေးတိုးမြှင့် လိုက်တဲ့တချိန်တည်းမှာပဲ စစ်ဆေးမှုတွေနဲ့ အဖမ်းအဆီးတွေလည်း ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်က စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုစံကျော် တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်က တောင်ကုတ်၊ ဂွ၊ အမ်းနဲ့ မောင်တောမြို့နယ်တွေကို အာရက္ခတပ်တော် AA ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဘက်တိုက်ပွဲတွေ ဒီကနေ့အထိ ပြင်းထန်နေပါတယ်။ ရခိုင်တောင်ပိုင်းက သိမ်းပိုက်ဖို့ကျန်ရှိနေသေးတဲ့ မြို့နယ် ၄ ခုထဲက တောင်ကုတ်နဲ့ ဂွမြို့နယ် နှစ်ခုကို AA ဘက်က ထိုးစစ် ဆင်နေပြီး စစ်ကောင်စီတပ်စခန်းတချို့ကို သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို ရခိုင်တောင်ပိုင်းတိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေလာတာကြောင့် တရုတ်စီမံကိန်း တွေရှိနေတဲ့ ကျောက်ဖြူမြို့မှာလည်း စစ်ကောင်စီကလုံခြုံရေးတိုးမြင့်ပြီး ဖမ်းဆီးစစ်ဆေးတာ တွေလုပ်လာတယ်လို့ မြို့ခံတွေကဆိုပါတယ်။ မနေ့ ညနေပိုင်းကလည်း ကျောက်ဖြူဒေသခံ လူငယ်နှစ်ဦးကို စစ်ကောင်စီကဖမ်းသွားတယ်လို့ မြို့ခံတဦးကပြောပါတယ်။
“လုံခြုံရေး အနေအထားကတော့ မြို့ပေါ်မှာ သူတို့ မသင်္ကာလို့ရှိရင်လိုက်ပြီးတော့ ဖမ်းဆီးတာ ပေါ့နော်၊ မနေ့ညကလည်း ကောင်လေး နှစ်ယောက်ကို ဆွဲခေါ်သွားတယ်။ ညဆိုရင်တော့ အတတ်နိုင်ဆုံး အပြင်ကိုမထွက်တာတော့ အကောင်းဆုံးပေါ့နော်။ တွေ့ရင် သူတို့က စစ်ဆေးမေးမြန်း တယ်။ မသင်္ကာရင် ဆွဲခေါ်သွားတယ်။ လူကြီးပိုင်းတွေကိုတော့ သူတို့က သိပ်အရေးမယူဘူး။ လူငယ်တွေ လူလတ်ပိုင်းတွေကိုတော့ သူတို့က အဓိက စစ်ဆေးမေးမြန်းတာပေါ့နော်။”
အခုလိုဖမ်းဆီးစစ်ဆေးမှုတွေများလာသလို တိုက်ပွဲတွေပြင်းထန်လာနေတဲ့အခြေအနေတွေကြောင့် ငွေကြေးတတ်နိုင်တဲ့ မြို့ခံတော်တော်များများက နေရပ်စွန့်ခွာပြီး ပြည်မဘက်တွေကို ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။ မြို့တွင်းမှာရှိနေသူတွေအနေနဲ့လည်း လုံခြုံရေး၊ ကျန်းမာရေး အစစအရာရာ စိုးရိမ်နေရတယ်လို့ မြို့ခံတဦးကပြောပါတယ်။
“ကျောက်ဖြူမှာက စစ်ပွဲကနီးသထက်နီးလာတာပေါ့နော်။ နီးရင်လည်း မြန်မြန်ဖြစ်၊ ပြည်သူ တယောက်အနေနဲ့ ပြောချင်တာကတော့ မြန်မြန်ဖြစ်လေ မြန်မြန်အေးချမ်းလေပေါ့နော်။ အဲလိုပဲခံ ယူထားပါတယ်။ အခုမြို့ပေါ်မှာနေရတာ ကိုယ့်အိမ်မှာကိုယ်နေရတာ ဘယ်နေ့ဝင်လာမလဲပေါ့နော်၊ ညဆိုရင်လည်း ဘယ်နေ့စစ်ဆေးလာမလဲ၊ ပြီးတော့ တယောက်ယောက်က အမှားတခုလုပ်ပြီးတော့ ချောက်တွန်းမလား အဲလိုတော့ တွေးမိတာပေါ့နော် ညညဆိုရင်လည်း။”
ဒါ့အပြင် ကျောက်ဖြူမြို့နယ်က ဆေးရုံဆေးခန်းတွေမှာလည်း ဆေးဝါးပြတ်လပ်နေပြီး ဆရာဝန်တွေ မရှိသလောက်နည်းပါးနေသလို ပုဂ္ဂလိကဘဏ်တွေအားလုံးလည်း ပြီးခဲ့တဲ့ လကတည်းက ပိတ်ထား တယ်လို့ မြို့ခံတွေပြောပါတယ်။ ဒါ့အပြင် ကျောက်ဖြူမြို့နယ်က မြို့ဝင်မြို့ထွက်တွေကိုလည်း စစ်ကောင်စီက ပိတ်ထားသလို စားသောက်ကုန်တွေကိုလည်း ကန့်သတ်ထားတာကြောင့် စားဝတ်ရေး အခက်ကြုံနေရတယ်လို့လည်း သူကဆက်ပြောပါတယ်။
“ကျောက်ဖြူမှာစားဝတ်နေရေးကတော့ ကြပ်ကြပ်တည်းတည်းဖြစ်နေတယ်။ လမ်းပန်းဆက်သွယ်ရေး ဆိုရင်လည်း ခက်ခက်ခဲခဲပေါ့နော်၊ ပိတ်ဆို့ထားတဲ့နေရာတွေကို သူတို့ဆီမှာ ခွင့်တောင်းပြီးတော့ ဖြတ်ကျော်ရတယ်။ တခါတလေ သွားခွင့်မပေးတာတွေလည်းရှိတယ်။ စားကုန်တွေဆိုရင်လည်း မြို့ပြင်ကိုလုံးဝ အပြင်ကို မထွက်ရဘူးပေါ့နော်။ မြို့တွင်းမှာလည်း အိမ်တွေမှာ ကုန်တွေကို သိုလှောင်ထားတာတွေ့ရင် သူတို့က ဖမ်းဆီးအရေးယူတယ်။”
ရခိုင်ပြည်နယ်မှာ တကြော့ပြန်တိုက်ပွဲတနှစ်ကျော်ကာလအတွင်း ရခိုင်ပြည်နယ်က မြို့နယ်ဆယ်ခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေကို ထိန်းချုပ်ထားကြောင်း AA အဖွဲ့က ပြောဆိုထားပါတယ်။ ကျန်ရှိနေသေးတဲ့ ရခိုင်ပြည်နယ် မြို့နယ် ၇ ခုက အမ်း၊ တောင်ကုတ်၊ ဂွနဲ့ မောင်တောမြို့နယ်တွေကို AA ဘက်က တိုက်ခိုက်နေဆဲဖြစ်ပြီး အများစုကိုထိန်းချုပ်ထားနိုင်ပြီလို့လည်း AA အဖွဲ့က ပြောပါတယ်။ ရခိုင်ပြည်နယ်က စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။
Forum