သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် စွက်ဖက်လို့ ဖြစ်လာနိုင်တဲ့ အခြေအနေ


မမြသဇင်အောင်နဲ့ အယ်ဒီတာဦး‌ကျော်ဇံသာ (အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်၊ နိုဝင်ဘာ ၂၀၊ ၂၀၂၄)
မမြသဇင်အောင်နဲ့ အယ်ဒီတာဦး‌ကျော်ဇံသာ (အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်၊ နိုဝင်ဘာ ၂၀၊ ၂၀၂၄)

၁၀၂၇ စစ်ဆင်ရေးတုန်းက မသိကျိုးကျွံပြုနေခဲ့တဲ့ တရုတ်ဟာ အခုအခါ တိုင်းရင်းသားအင်အားစုတွေကို အတိုက်ရပ်ခိုင်းပြီး စစ်ကောင်စီကို တဖက်သတ် အားပေးလာတာ ဘာကြောင့်ပါလဲ။ တိုင်းရင်းသားတပ်ဖွဲ့တွေကို လုံးဝ စွန့်လွှတ်လိုက်တဲ့ သဘောလား။ Donald Trump သမ္မတ ဖြစ်လာပြီးရင်ကော အမေရိကန်အနေနဲ့ မြန်မာအပေါ် တရုတ်လွှမ်းမိုးလာတာကို တန်ပြန်နိုင်ဖွယ် ရှိပါသလား။ ဒီတပတ် အယ်ီဒတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦး‌ကျော်ဇံသာကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။

မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာရှင်။ တရုတ်က အခုလတ်တလောမှာ မြန်မာစစ်ကောင်စီပေါ်မှာ ထောက်ခံမှု့ပိုပြီးတော့ များလာတာ တွေ့ရပါတယ်။ ဒါက တရုတ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ပြောင်းလာတယ်လို့ ပြောလို့ရမလား။

ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါ မြသဇင်။ မူဝါဒ ပြောင်းသွားတယ်လို့တော့ မပြောနိုင်ဘူး။ ဒါပေမဲ့ ရပ်တည်ချက်ကတော့ ဟိုဘက်ဒီဘက် ယိမ်းသွားတဲ့ သဘောပေါ့လေ။ တရုတ်ရဲ့ မြန်မာဆိုင်ရာ မူဝါဒက တဘက်ဘက်ကို အပြတ်သတ်နိုင်သွားအောင် အားပေးလိုက်မယ်ဆိုတဲ့ မူဝါဒ မဟုတ်ပါဘူး။ နှစ်ဘက်ခွပြီးတော့ ကစားတဲ့ စနစ်သာ ဖြစ်ပါတယ်။ ဟိုဘက်လိုရင် ဟိုဘက်ကို ထိန်းဖိပြီးတော့၊ အဖိအဖော့လုပ်မယ်။ ဒီဘက်ကသာရင် ဒီဘက်ကို အဖိအဖော့ လုပ်မယ်။ ဆိုတော့ အခုလည်း အဲဒီသဘောသာ ဖြစ်ပါတယ်။ အခု စစ်ကောင်စီဘက်က သိပ်ပြီးတော့ ကျဆင်းမယ့် အခြေအနေ ရှိလာတဲ့အတွက် တိုင်းရင်းသားတွေပါ သိပ်တက်လာတော့ အဲ့ဒါကို ထိန်းဖိပြီးတော့ စစ်ကောင်စီဘက်ကို ပြန်’မ’ပေးတဲ့သဘော။ အဲဒီလို သူတို့ Balance လုပ်တဲ့သဘောသာ ဖြစ်မယ်လို့ ထင်ပါတယ်။

မေး ။ ။ ဒါပေမဲ့ ဒီတကြိမ်ကလေ တော်တော်ကို သိသိသာသာလို့ ပြောရမယ် ထင်တယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း မြန်မာ့အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ကိုးကန့်တပ်ခေါင်းဆောင် ဦးဖုန်တာရွှင်ကို တရုတ်က ဖမ်းဆီးထိန်းသိမ်းတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ခဲ့ပါသေးတယ်။ အဲဒီတော့ ကျားဖြန့်ကိစ္စမှာတော့ တရုတ်က တိုင်းရင်းသား လက်နက်ကိုင်တွေကို မသိမသာ လက်တို့တယ်။ အခုကြတော့ လုံးဝပြောင်းပြန် ဖြစ်သွားတဲ့ အခြေအနေလား။

ဖြေ ။ ။ လောလောဆယ် ပြောင်းပြန်ဖြစ်သွားပြီလို့ မြင်ရတယ်။ ကျားဖြန့် ဖုန်တာရွှင်ကိစ္စကို ပြောရမယ်ဆိုရင် သူ့ကို ဖမ်းတယ်လို့ သတင်းတွေ ထွက်တယ်။ ဒါပေမဲ့လဲ MNDAA ဘက်က ပြန်ငြင်းဆိုပါတယ်။ အဲ့ဒါက အဓိပ္ပါယ်ကောက် လွဲနေကြတာ ဖြစ်တယ်။ သို့ပေမဲ့လဲ ဖုန်တာရွှင်က တရုတ်ပြည်ဘက်သွားပြီး မကြာခဏ ဆေးကုသလေ့ ရှိတယ်။ ပြန်မလာဘူး ဘာညာဆိုတဲ့ သတင်းတွေလည်း ထွက်တယ်။ ဘာပဲဖြစ်ဖြစ် တရုတ်က ကိုးကန့် MNDAA ကို အပြင်းအထန် ဖိအားပေးနေတာ သေချာပါတယ်။ တလောတုန်းက သြဂုတ်လတုန်းက တရုတ်အာရှရေးရာ အထူးကိုယ်စားလှယ်နဲ့ တွေ့ကြတဲ့အခါမှာ သူတို့က ပြောခဲ့တယ်။ ခင်ဗျားတို့ သူတို့ ပြောတာကို မလိုက်နာဘူး ဆက်တိုက်နေမယ်ဆိုရင် ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ သတိပေးခဲ့တယ် ဆိုတာ အစည်းအဝေး မှတ်တမ်းတွေအရ ပေါက်ထွက်လာတာကို တွေ့ရတယ်။ အဲ့ဒါကို ကြည့်ခြင်းအားဖြင့် တရုတ်က ဖိအားပေးတာတော့ မှန်ပါတယ်။ နောက်ပြီးတော့ တိုင်းရင်းသားအဖွဲ့တွေ အားလုံးထဲမှာ တရုတ် ဖိအားပေးပြီးတော့ လက်လိမ်ချိုးလို့ရတာကလည်း ကိုးကန့် MNDAA က အဓိကအဖွဲ့ပါ။ သူတို့က လုံးဝမွေးစားထားလို့ သူတို့ အားပေးထားလို့ တက်လာတယ်ဆိုရင် မှားမယ် မဟုတ်ပါဘူး။ သူတို့က ယဥ်ကျေးမှု့လည်း ဆင်တယ်။ သူတို့ဘာသာ စကားကိုပြောတယ်။ သူတို့ရဲ့ ငွေရေးကြေးရေးကိုပဲ သုံးတယ်ဆိုတော့ တရုတ်က သူတို့ကို အများဆုံး အကြပ်ကိုင်နိုင်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျန်တဲ့ တိုင်းရင်းသားတွေကိုတော့ သူ အဲဒီလို လုံးဝပြောင်းပြန်ကြီး လုပ်လိုက်ပြီလို့တော့ ကျနော်တို့ ပြောဖို့ အချိန်စောသေးတယ်လို့ပဲ ပြောရမှာပါ။

မေး ။ ။ အခုအခြေအနေမှာ တိုင်းရင်းသား လက်နက်ကိုင်တွေကို တရုတ်က လုံးဝစွန့်လွှတ်လိုက်တဲ့ သဘောလား။

ဖြေ ။ ။ စောစောကလိုပဲ လုံးဝ စွန့်လွှတ်လို့လည်း မဖြစ်နိုင်ဘူး ထင်ပါတယ်။ လုံးဝ စွန့်လွှတ်ဖို့လည်း ရည်ရွယ်ချက်ရှိပုံ မရပါဘူး။ သူက အဖိအဖော့နဲ့ ထိန်းပြီးသွားမယ်ဆိုတော့ အဲဒီလိုပဲလုပ်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားအင်အားစုတွေ လုံးဝ ဆူပူမှု၊ ကန့်ကွက်မှု မရှိရင် ဘယ်သူနဲ့ကိုင်ပြီး ထိန်းမလဲ။ မြန်အာအစိုးရကို သူတို့ ထိန်းဖို့ညှိဖို့ လိုချင်ရင် ဥပမာအားဖြင့် ကျားဖြန့်ကိစ္စ တရုတ်လူမျိုးတွေ သိပ်နစ်နာနေပြီဆိုတဲ့အခါမှာ စစ်ကောင်စီကို သူတို့ ပြောလို့မရဘူးလေ။ ပြောလို့မရတော့ ဒီတိုင်းရင်းသား အင်အားစုတွေကိုပဲ အသုံးချပြီး သူထိန်းခဲ့ရတာ။ ဒီလိုအလားတူပဲ ကိစ္စမျိုး ဖြစ်လာနိုင်ခဲ့ရင် တရုတ်က အမြဲတမ်း ဒီစိတ်ဓာတ်နဲ့ ဒီအမြင်နဲ့ ဒီသဘောထားနဲ့ အဲဒီလိုပဲ တဘက်နဲ့တဘက်ကိုတော့ ထိန်းညှိထားမှာ ဖြစ်ပါတယ်။ အဲဒီလို တိုင်းရင်းသားတွေကို အင်အားစု လုံးဝ စွန့်လွှတ်လို့လည်း ရမှာမဟုတ်ဘူး။ ကိုးကန့်သည်ပင်လျှင် သူတို့ လက်ခုပ်ထဲကရေလို့ ပြောတယ်။ ကိုးကန့်သည်ပင်လျှင် လားရှိုးကို သိမ်းလိုက်ပြီ။ ဆိုတော့ အဲ့ဒါလည်းပဲ နည်းနည်းနောနော အင်အားမဟုတ်ဘူး။ ဒါ့အပြင် TNLA ဆိုရင်လည်းပဲ အင်မတန် အင်အားကြီးပြီးတော့ အနှံအပြား သူတို့ သိမ်းထားနိုင်ပြီ။ စစ်ကောင်စီကလိုက်ပြီး ‌ဗုံးကြဲနေရတယ်။ သူတို့ သိမ်းထားတဲ့နယ်တွေကို။ KIA ဆိုရင်လည်း တရုတ်ကို တန်ပြန်ပြီးတော့ ဆုံးမနေပြီ။ တရုတ် လိုချင်တဲ့ မြေရှားသတ္တုတွေ ထွက်တဲ့နေရာကို သူတို့ ပိတ်လိုက်တယ်။ သူတို့လက်ထဲမှာ ရှိတာလေ။ သူတို့ကို အဲဒီလို တဘက်သတ် ပစ်ပယ်လိုက်လို့တော့ မရဘူး။ သူတို့နဲ့ အပေးအယူလုပ်ပြီး ညှိရမှာ ဖြစ်တယ်။ ရခိုင်ဆိုရင်လည်းပဲ တရုတ် အဓိကသွားတဲ့ စီးပွားရေး စင်္ကြန်က အဲ့ဒီကထွက်မှာ ဖြစ်တယ်။ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ကော၊ ကျောက်ဖြူ အထူးစီးပွားရေး ဒေသကော AA က အကြပ်ကိုင်နိုင်တာပဲ။ တရုတ်က တဘက်သတ်ကြီး လုပ်လာရင် ငါတို့ ဒီလိုလုပ်လိုက်မယ်ဆိုပြီး ဖြစ်နိုင်တယ်။ ဒါကို တရုတ်က အများကြီး ချင့်ချိန်ရပါလိမ့်မယ်။ တိုင်းရင်းသားအင်အားစုကို တရုတ်က လုံးဝစွန့်ပစ်လိုက်တယ် ဆိုတာလည်း မဖြစ်နိုင်ဘူး။ စွန့်ပစ်လိုက်ရင်လည်းပဲ တိုင်းရင်းသား အင်အားစုတွေက လက်ခံလိမ့်မယ် မဟုတ်ဘူးဆိုတဲ့သဘော တွေ့ရပါတယ်။

မေး ။ ။ အဲဒီတော့ စစ်ကောင်စီဘက်ကို တရုတ်က အားထားလာသလိုမျိုး တိုင်းရင်းသား လက်နက်ကိုင်ဘက်တွေကိုကော အားထားလာနိုင်သလား။ EAO တွေဘက်ကကော အဲဒီလိုမျိုး တရုတ်က အားထားလာလောက်အောင်လို့ အခြေအနေမျိုး ရှိလား။

ဖြေ ။ ။ အခုတစိတ်တဒေသ အားထားနေလို့သာ သူတို့ အပြတ်မနှိမ်နင်းတာ ဖြစ်တယ်ပေါ့လေ။ စောစောကပြောတဲ့ ကျားဖြန့်ဒေသမှာ သူတို့ကို အားထားပြီးတော့ စစ်ကောင်စီကို သူတို့ လုပ်ခဲ့ရတာပါ။ ဆိုတော့ အားထားလာနိုင်ပါတယ်။ စစ်ကောင်စီက တရုတ်ပြောတဲ့အတိုင်း မဖြစ်လာဘူး။ တရုတ်အကျိူးစီးပွားကို တကယ်မကာကွယ်နိုင်ဘူးဆိုရင် အားထားစရာဟာ တိုင်းရင်းသား အင်အားစုတွေသာ ဖြစ်ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားအင်အားစုတွေဘက်ကလည်း တိုင်းရင်းသား အင်အားစုတွေကတော့ ဒီလိုပဲ လုပ်မှာပါ။ သို့ပေမဲ့ တချို့အကန့်အသတ်တွေ ရှိတာပေါ့လေ။ တရုတ်ကတော့ ခင်ဗျားတို့ ဘယ်သူနဲ့ သိပ်မပေါင်းနဲ့၊ ဘာမလုပ်နဲ့ဆိုတာမျိုး ရှိတယ်။ တချိန်ချိန်မှာ‌တော့ တရုတ်က အားထားဖို့ လိုကောင်းလိုအပ်လာလိမ့်မယ်။ အခုလည်းပဲ စစ်ကောင်စီကို သူတို့က လုံးဝပုံအောပြီး ထောက်ခံလိုက်တဲ့သဘော မဟုတ်ပါဘူး။ စစ်ကောင်စီကို ရွေးကောက်ပွဲ လုပ်ပါ၊ မင်းကို ငါတို့ ကူညီမယ်ဆိုတာ Condition free မဟုတ်ဘူး။ Condition တွေ ရှိနေတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောကြပါတယ်။ ရွေးကောက်ပွဲကို ဂုဏ်သိက္ခာရှိပြီးတော့ Creditability အများလက်ခံနိုင်တဲ့ ရွေးကောက်ပွဲမျိုး ဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားပါ။ တရားမျှတအောင် ကြိုးစားပါဆိုပြီးတော့ ပြောတယ်။ နောက်ပြီးတော့ နိုင်ငံရေးအားဖြင့် ပြေလည်အောင် ဖြေရှင်းပါ စသဖြင့် အရေးကြီးတာတွေ ဖြစ်တယ်။ ဒီဟာတွေကို စစ်ကောင်စီက လုပ်ပါ့မလား။

ဟိုတုန်းကလည်း နိုင်ငံရေးအားဖြင့် ဖြေရှင်းဖို့ဆိုတာ တိုင်းရင်းသား အင်အားစုတွေက အကြိမ်ကြိမ် တော်လှန်ရေးအင်အားစုတွေက အမြဲတမ်းပြောလာတဲ့စကား။ စစ်တပ်ကလည်း ပြောသာ‌‌ပြောတယ်၊ သူတို့က ဘယ်တောမှ နောက်မဆုတ်ချင်ဘူး။ သူတို့ ရှိနေမှဖြစ်မယ်။ သူတို့ မရှိရင် တိုင်းပြည်ပြိုကွဲမယ်ဆိုပြီး အကြောင်းပြပြီး ဆက်ထားနေတယ်ဆိုတော့၊ စစ်ကောင်စီကို လုံးဝ အားမထားသလို၊ တိုင်းရင်းသားတွေကိုလည်း တရုတ်အနေနဲ့ လုံးဝ ပစ်ပယ်လိုက်လို့ရမှာ မဟုတ်ပါဘူး။ တိုင်းရင်းသားတွေကလည်းပဲ တရုတ်ရဲ့ ယုံကြည်မှု့ရအောင် သူတို့ရဲ့ Policy ပိုင်းမှာ လိုအပ်တာတွေကို ညှိနှိုင်းပေးမယ် ဆိုရင်တော့ တိုင်းရင်းသားတွေဟာ သူတို့ရဲ့ အဓိက အားထားစရာ ဖြစ်လာနိုင်တဲ့ အခြေအနေ ရှိနေပါသေးတယ်။

မေး ။ ။ အဲဒီတော့ ဒီနေရာမှာ NUG ကိုလည်း ထည့်ပြီးတော့ ပြောရမယ် ထင်ပါတယ်။ အနောက်နိုင်ငံတွေကကော NUG ကို အနိုင်ရတဲ့အထိ အားပေးမယ့် ပုံရှိလား။

ဖြေ ။ ။ ကျနော်ကတော့ မထင်ဘူး။ အဲဒီအထင်မျိုးနဲ့သာ တော်လှန်ရေးအင်အားစုက လှုပ်ရှားနေမယ် တနည်းအားဖြင့် NUG ကပါ လှုပ်ရှားနေမယ်ဆိုရင်တော့ အမှားပဲလို့ ပွင့်ပွင့်လင်းလင်း ပြောရမှာပါ။ လူတွေက ကြိုက်ချင်မှ ကြိုက်မယ်။ တရုတ်ကို ကြိုက်လို့ ပြောတာမဟုတ်ဘူး။ မြန်မာ့အရေး အောင်မြင်ဖို့အတွက်က တရုတ်ကို ဘယ်လိုမှ ရှောင်ခွင်းလို့ မရဘူး။ သူတို့တွေရဲ့ ကြည်ဖြုမှုပေါ့လေ။ သူတို့တွေ လက်ခံနိုင်တဲ့ အခြေအနေကို ဖန်တီးရမှာ ဖြစ်တယ်။ ဒီအချိန်မှာ အမေရိကန်ကို အားကိုးတယ် အမေရိကန်ကလည်း ဘယ်တောမှ ဝင်ပြီးတော့ အဲဒီလို လုပ်လာမှာ မဟုတ်ဘူး။ အဲဒီလို ပြောသမျှကာလပတ်လုံး အဲဒီအဖွဲ့အစည်းကို တရုတ်က ပယ်မှာပဲ။ အခုတောင်မှပဲ မြောက်ပိုင်းတိုင်းရင်းသား မဟာမိတ်အဖွဲ့တွေကို NUG နဲ့ မဆက်ဆံနဲ့။ NUG မလာစေနဲ့ဆိုပြီးတော့ ပြောနေတာ ဖြစ်တယ်။ ဆိုတော့ သူတို့ကို အခုလို ဖော့နင်းပြီးတော့ စစ်ကောင်စီကို ပိုပြီးမြှင့်ပေးတာကလည်း NUG ကို စိုးရိမ်လို့ဆိုပြီး ပြောမယ်ဆိုရင် တွက်လို့ရပါတယ်။ တရုတ်က ဒါကို သူတို့ မလိုလားပါဘူး။ NUG ကိုလည်းပဲ အနောက်နိုင်ငံတွေက အထူးသဖြင့် အမေရိကန်က ဒီလောက်ထိ ရင်းနှီးမြှပ်နှံပြီးတော့ NUG အာဏာရအောင် ဘယ်တောမှ လုပ်မှာ မဟုတ်ဘူး။ သူတို့က ရန်တခု ပိုပြီးတာ့ ပေါ်လာမယ့် အခြေအနေ ဖြစ်တယ်။ NUG ကို တအားဖိပြီးတော့ ပေးလိုက်ခြင်းအားဖြင့် သူတို့ တရုတ်ကို ယှဥ်နေတာကတော့ ထိုင်ဝမ်ကိစ္စသာ ဖြစ်တယ် - စီးပွားရေးအားဖြင့်။

NUG နဲ့ တိုင်းရင်းသားအင်အားစုတွေနဲ့ မြန်မာ့အခြေအနေနဲ့ တရုတ်နဲ့ အမေရိကန်ကြားမှာ ပတ်သတ်နိုင်တာတခုက မလက္ကာရေလက်ကြားက တရုတ် ထွက်ပေါက် ရရှိနေတာကို မလက္ကာရေလက်ကြားကို ပိတ်ပင်လိုက်နိုင်တယ်ဆိုရင်တော့ တရုတ်ဟာ ရခိုင်ဘက်က အတင်းထွက်ပေါက်လုပ်ဖို့ ကြိုးစားရမှာ ဖြစ်တယ်။ အခုကျတော့ မလက္ကာမှာလည်း သူတို့ မကြုံရသေးဘူး။ ဟိုဘက်ကလည်း မပိတ်နိုင်သေးဘူး။ အဲဒီမှာ အ‌ရှေ့တောင်အာရှနိုင်ငံတွေ အင်ဒိုနီးရှားတို့ ဘာတို့ကလည်း နှစ်ဘက်လုံးနဲ့ သင့်တင့်အောင် ဆက်ဆံနေတဲ့အခြေအနေ ရှိတယ်။ ဆို‌တော့ ဒီဘက်ကိုလည်းပဲ တရုတ်က မျှော်လင့်ချက်နဲ့သာ မှေးပြီးလှုပ်ရှားနေတာသာ ဖြစ်တယ်။ တဘက်စောင်းနင်း အမေရိကန်တို့ အနောက်နိုင်ငံတို့ကလည်း အဲဒီလိုဖြစ်သွားအောင် လုပ်လိမ့်မယ်လို့ မထင်ပါဘူး။

မေး ။ ။ ဒါပေမဲ့ အမေရိကန် ရွေးကောက်ပွဲမှာ သမ္မတဟောင်း ‌ဒေါ်နယ်ထရန့် ပြန်ပြီးတော့ အနိုင်ရတဲ့အပေါ်မှာ မြန်မာတချို့ကတော့ ဒီအပေါ်မှာ ကြိုဆိုပါတယ်။ နောက် ဒီဟာနဲ့ ပတ်သက်ပြီးတော့ မြန်မာ့ဒီမိုကရေစီရေးကို မျှော်လင့်ချက် ရှိမလားလို့လည်း သူတို့ မျှော်လင့်ကြပါတယ်။ အဲဒီတော့ မြန်မာ့အရေးမှာ သမ္မတဟောင်း ဒေါ်နယ်ထရန့် ပြန်ပြီးတော့ တက်လာရင် ဒီတကြိမ် သူ့လက်ထက်မှာပေါ့ မြန်မာ့အရေးမှာ တရုတ်နဲ့ ထိပ်တိုက်တွေ့လာနိုင်ပါသလား။

ဖြေ ။ ။ မထင်ပါဘူး။ ဒေါ်နယ်ထရန့်က အစကတည်းက ပထမ ၄ နှစ်မှာလည်း မြန်မာနိုင်ငံအရေးကို သိပ်ပြီးတောင်မှ ဂရုစိုက်ခဲ့တာ မဟုတ်ဘူး။ ရခိုင်မှာ ပြဿနာတွေ ဖြစ်နေတဲ့ ရိုဟင်ဂျာကိစ္စတွေ အဲဒီဒေသက ဘယ်နေရာမှာ ဆိုတာကို သူသိမှာတောင် မဟုတ်ဘူးလို့ အမေရိကန်ပညာရှင်ကြီး ပါမောက္ခကြီးတွေက ကျနော်တို့ကို ပြောဖူးပါတယ်။ ဒါပေမဲ့ သူ့အဖွဲ့အစည်းထဲမှာ အခုလောလောဆယ် တက်လာမယ့်ထဲမှာ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာမယ့် Marco Rubio နဲ့ အမျိုးသားလုံခြုံရေး ဖြစ်လာမယ့် သူတွေကတော့ မြန်မာ့အရေးမှာ စိတ်ဝင်စားတယ်လို့ ပြောခဲ့တာ ရှိတယ်။ ဒါပေမဲ့ အစိုးရမူကို လုံးဝပြန်ပြောင်းသွားအောင်တော့ လုပ်လိုက်နိုင်မှာ မဟုတ်ပါဘူး။ ထရန့်ရဲ့ ဦးစားပေးမှု့ကိုပဲ သူတို့က အကောင်အထည် ဖော်ရမှာ ဖြစ်ပါတယ်။ သူတို့ အစွမ်းကုန်လုပ်နိုင်ရင်လည်းပဲ ဘယ်လောက် လုပ်နိုင်မလဲ။ အခုလုပ်ပေးထားတဲ့ Joe Biden လက်ထက်မှာ လုပ်ပေးထားခဲ့တဲ့ Burma Act အရပေးတဲ့ အကူအညီလောက်ကိုပဲ သူတို့ဆက်ပြီး ပေးနိုင်ရင်တောင်မှဘဲ အကောင်းဆုံးလို့ ပြောရမှာဖြစ်ပါတယ်။ ဒေါ်နယ်ထရန့်ဟာ မြန်မာ့အရေးမှာ မြန်မာနိုင်ငံအထဲမှာ တရုတ်လွှမ်းမိုးမှု့ လုပ်နေတာကို ပြောင်းပြန်ဖြစ်သွားအောင် ငါတို့ ပိုလွှမ်းမိုးမယ်ဆိုတာ ဘယ်လိုမှ ဖြစ်မလာနိုင်ပါဘူး။ အဲဒီလို ဖြစ်လာရင် တရုတ်နဲ့သူနဲ့ဟာ ထိပ်တိုက်တွေ့ပြီးတော့ ပိုပြီးတော့ ပဋိပက္ခ ပိုပြီးတော့ ကြီးထွားလာမှာ ဖြစ်ပါတယ်။ ဆိုတော့ ဒါလည်းပဲ မမျှော်လင့်နိုင်ဘူး။ စိတ်ကူးယဥ်တာ ဖြစ်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

မမြသဇင်အောင် ။ ။ ဟုတ်ကဲ့ပါ ဦးကျော်ဇံသာရှင်၊ အခုလို ဆွေးနွေးပေးတာကို ကျေးဇူးတင်ပါတယ်ရှင်။

Forum

XS
SM
MD
LG