တရုတ်အတွက် ဒေသတွင်းမှာ ပိုပြီးကျယ်ပြန့်တဲ့ ပထဝီဝင်ဗျူဟာမြောက် ရည်မှန်းချက်တွေကြောင့်ဖြစ်တယ်လို့ USIP အမေရိကန် ငြိမ်းချမ်းရေးသပ္ပံက မြန်မာ့ရေးရာညွှန်ကြားရေးမှူး ဂျေဆင်တာဝါက သုံးသပ်ပါတယ်။ နောက်ဆက်တွဲအဖြစ် အွန်လိုင်း လိမ်လည်တဲ့ လုပ်ငန်းတွေက ပိုကျယ်ပြန့်လာပြီး အမေရိကန်ပြည်ထောင်စုရဲ့ အကျိုးစီးပွားကို တိုက်ရိုက်ထိခိုက်လာတယ်လို့လည်း ပြောပါတယ်။ ကိုငြိမ်းချမ်းအေးက ဆက်သွယ်မေးမြန်းထားပါတယ်။
ငြိမ်းချမ်းအေး (ဗွီအိုအေ)။ ။ မကြာသေးခင်က ထုတ်ပြန်တဲ့ USIP ရဲ့ အစီရင်ခံစာမှာ တရုတ်နိုင်ငံက စစ်တပ်အပေါ် ဖိအားတွေ ဖြေလျှော့ပေးပြီးတဲ့နောက် မြန်မာနိုင်ငံထဲက ဆိုက်ဘာလိမ်လည်မှုကွန်ရက်တွေ သိသိသာသာကို ပြန်လည်ခေါင်းထောင်လာတယ် ဆိုပြီး ပြောထားပါတယ်။ တရုတ်နဲ့ မြန်မာ စစ်ကောင်စီဘက်ကတော့ တယ်လီကွမ်း လိမ်လည်တဲ့ လုပ်ငန်းတွေ ကို နှိမ်နင်းပြီး တရုတ် နိုင်ငံသားတချို့ ကို ပြန်ပို့နေတယ် ဆိုတဲ့ ထုတ်ပြန်ချက်တွေ ထုတ်လေ့ရှိပါတယ်။ ဆိုတော့ USIP အနေနဲ့ ဘယ်လို အချက်တွေကြောင့် ဒီလိမ်လည်တဲ့ လုပ်ငန်းတွေ ပို ကျယ်ပြန့်လာနေတယ်လို့ ကောက်ချက် ချနိုင်ရတာလဲ ခင်ဗျာ။
ဂျေဆင် တာဝါ (USIP)။ ။ မနှစ် ဒီအချိန်လောက်က အခြေအနေတွေကို ပြန်ကြည့်ပါ။ တရုတ်နိုင်ငံက အဲဒီတုန်းက မြန်မာစစ်တပ်ကို ဖိအားတွေ အများကြီး ပေးပြီး အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေကို နှိမ်နင်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် စစ်တပ်က လပေါင်းများစွာ နှိမ်နင်းဖို့ ပျက်ကွက်ခဲ့ပြီးနောက်မှာ MNDAA ကိုးကန့် တပ်ဖွဲ့ အပါအဝင် ညီနောင် မဟာမိတ်သုံးဖွဲ့က ဝင်လာပြီးတော့ သူတို့ရဲ့ ၁၀/၂၇ စစ်ဆင်ရေးကို ဆိုင်ဘာ လိမ်လည်တဲ့ ရာဇဝတ် ဂိုဏ်းတွေ နှိမ်နင်းရေးနဲ့ အတူ လုပ်ဆောင်လာပါတယ်။ ။
အဲဒီနောက်မှာ ရာဇ၀တ်ဂိုဏ်းသား တချို့ကို တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ပြီး နောက်ဆုံးမှာ ဂိုဏ်းခေါင်းဆောင် တချို့ကို တရုတ်နိုင်ငံဘက်ဆီ လွှဲပြောင်းပေးတာတွေ ဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် နောက်ပိုင်းမှာ တရုတ်နိုင်ငံရဲ့ အနေအထားက ပြောင်းသွားတာကို တွေ့ခဲ့ရပါတယ်။ သူတို့က စစ်အစိုးရ ပြုတ်ကျမသွားအောင် ဘယ်လို တားဆီး ပေးနိုင်မလဲ ဆိုတာနဲ့ စစ်အစိုးရ ရှင်သန် ရပ်တည်ရေး အတွက် ပိုပြီး အာရုံစိုက်လာခဲ့ပါတယ်။ အွန်လိုင်းလိမ်လည်တဲ့ ပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းဖို့ မြန်မာ စစ်တပ်ကို ဖိအားပေးဖို့ တရုတ်နိုင်ငံက သိပ်စိတ်မဝင်စားတော့တာကို တွေ့ လာရပါတယ်။
ဒီလို လုပ်ရမယ့် အစား၊ တရုတ်နိုင်ငံက စစ်တပ်ကို သူတို့နဲ့ မသက်ဆိုင်တဲ့၊ သူတို့ မလုပ်ခဲ့တဲ့ (အွန်လိုင်း လိမ်လည်မှု နှိမ်နင်းရေးဆိုင်ရာ) တိုးတက် ဖြစ်ထွန်းခဲ့မှုတချို့အတွက် ဂုဏ်ပြုချီးမြှောက်တာတွေ လုပ်ခဲ့ပါတယ်။ တကယ်တမ်းက မြန်မာစစ်တပ်က ဒီ ရာဇ၀တ်ဂိုဏ်းတွေကို အဓိကကာကွယ်ပေးသူအဖြစ် ဆက် ရှိနေတာပါ။ အခုဖြစ်ပျက်နေတာတွေကို ကြည့်ရင် ရှမ်းပြည်ရဲ့ အလယ်ပိုင်းက နေရာသစ်တွေမှာ သူတို့ ပြန်ပေါ်လာတာ တွေ့ရပါတယ်။ တာချီလိတ်မှာ ဖြိုခွင်းပြီးနောက်မှာ သူတို့ ပြန်ပြီး လှုပ်ရှားလာနိုင်တာပါ။
ပြီးတော့ အဆိုးဆုံးကတော့ သောင်ရင်းမြစ် ပေါ်မှာပါ။ မြဝတီ နဲ့ မဲဆောက် နားတဝိုက်၊ နောက် ရွှေကုက္ကို၊ ရထိုက် (Yatai) မြို့သစ် နဲ့ မယ်ထော်သလေး ကျေးရွာ အနီးမှာရှိတဲ့ KK Park မြို့သစ်လို နဂိုထဲက ရာဇဝတ်လုပ်ငန်းတွေ ရှိနေတဲ့ နေရာ တွေမှာ သိသိသာသာ တိုးလာတဲ့ အပြင်မှာ စစ်တပ်ရဲ့ နယ်ခြားစောင့်တပ် ထိန်းချုပ်မှုအောက်မှာရှိတဲ့ နေရာသစ်တချို့ကိုလည်း ပြောင်းရွှေ့လာနေတာကို တွေ့ရပါတယ်။ ဘုရားသုံးဆူနယ်မြေနဲ့ တောင်ဘက်ပိုင်း အထိ ချဲ့ထွင်လာနေပါတယ်။ ဒီတော့ ပြဿနာတွေက ဆက်ပြီး ကျယ်ပြန့်လာနေပါတယ်။
အခု လောလောဆယ်မှာ မြန်မာ စစ်တပ်အပေါ် တရုတ်နိုင်ငံရဲ့ ဖိအားက လုံးဝ မရှိတော့ပါဘူး။ ဆိုလိုတာက ရာဇဝတ်သားတွေဟာ နည်းလမ်းမျိုးစုံနဲ့ ရာဇ၀တ်မှုအမျိုးမျိုးကို ကျူးလွန်နိုင်ဖို့ နေရာပိုရလာကြပါတယ်။
ငြိမ်းချမ်းအေး (ဗွီအိုအေ)။ ။ တချိန်တည်းမှာပဲ တရုတ်နိုင်ငံက မြန်မာနိုင်ငံအကျပ်အတည်းမှာ “ပြည်ပဝင်ရောက်စွက်ဖက်ခြင်း” ဆိုတာကို အလေးပေးပြီး ပြောလာတော့ ဒါက မြန်မာ့အရေးမှာ အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှုကို တန်ပြန်ဖို့လား။ ဆိုလိုတာက မြန်မာနိုင်ငံအခင်းအကျင်းမှာ တရုတ်နိုင်ငံက ဆိုင်ဘာလိမ်လည်မှုတွေထက် အမေရိကန်ကို ပိုမိုအာရုံစိုက်လာတဲ့ သဘောလားဗျာ။ ဒီလို ပြောင်းလဲလာတာကို ဘယ်လိုထင်လဲ။
ဂျေဆင် တာဝါ (USIP)။ ။ မနှစ်က ဖြစ်ပျက်ခဲ့တာကို ပြန်ကြည့်ရင် တရုတ်နိုင်ငံက ဒီလိမ်လည်မှုတွေကို နှိမ်နင်းဖို့ အမြင့်ဆုံး အဆင့် လုပ်ဆောင်ခဲ့ပါတယ်။ တရုတ်ရဲတွေအတွက် ဒီကိစ္စက ထိပ်တန်း ဦးစားပေး ဖြစ်ခဲ့ပါတယ်။
အဲသလိုနဲ့ ညီနောင်သုံးဖော်ရဲ့ စစ်ဆင်ရေး ၁၀/၂၇ ဖြစ်လာတယ်။ ဒါပေမယ့် (၂၀၂၄ ခုနှစ်) ဇန်နဝါရီလောက်မှာတေ့ တရုတ်-မြန်မာနယ်စပ်မှာ ဒီပြဿနာကို ကိုင်တွယ် ဖြေရှင်းတဲ့ ရည်မှန်းချက် ပြည့်သွားပြီ ဆိုတာမျိုး တရုတ်က စတင် ပြောဖို့ ကြိုးစားလာပါတယ်။ ပြီးတော့ အစုအဖွဲ့အားလုံး စားပွဲဝိုင်းကို လာပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူဖို့ အချိန်ရောက်ပြီ ဆိုပြီး တရုတ်နိုင်ငံက ယူဆလာပါတယ်။
ဒါမှသာ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ကို ဆက်ပြီး အကောင်အထည် ဖော်နိုင်မယ်၊ အိန္ဒိယသမုဒ္ဒရာကို လမ်းပေါက်နိုင်မယ်၊ အိန္ဒိယသမုဒ္ဒရာ ဒေသရပ်ဝန်းကြီး တခုလုံးကို ကြီးစိုးနိုင်မယ့် တရုတ်နိုင်ငံရဲ့ ပိုမို ကြီးမား ကျယ်ပြန့်တဲ့ ရေရှည်ကို ကြည့်တဲ့ ပထဝီဝင်ဆိုင်ရာ ဦးစားပေး ရည်မှန်းချက်တွေကို ဖြည့်ဆည်းနိုင်မယ်လို့ သူတို့ ယူဆလာပါတယ်။
အဲဒါတွေက တရုတ်နိုင်ငံအတွက် ပိုပြီး အရေးကြီးတဲ့ မဟာဗျူဟာ ဦးစားပေး အစီအမံတွေထဲက တချို့လို့ ကျနော်ထင်ပါတယ်။ ဒါကြောင့် ဒီနှစ် ဖေဖေါ်ဝါရီလလောက်က စပြီး တရုတ်နိုင်ငံက မဟာ ဗျူဟာလေ့လာသူ အတော်များများက ငွေကြေး လိမ်လည်တဲ့ ရာဇဝတ်ဂိုဏ်တွေကို နှိမ်နင်းတဲ့ စစ်ဆင်ရေးဟာ အလွန်အကျွံ ဖြစ်လာပြီး သူတို့အတွက် ပို အရေးကြီးတဲ့၊ ရေရှည် အကျိုးရှိမယ့် မဟာဗျူဟာ ရည်မှန်းချက်တွေကို မျက်ခြည် ပြတ်လာနေပြီ ဆိုပြီး ထောက်ပြလာကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပုံစံ တခုခု ရယူနိုင်ဖို့ တရုတ်ဘက်က အပြင်းအထန် ဖိအားပေးခဲ့တာပါ။
ဒါပေမယ့် တရုတ်၊ မြန်မာ နယ်စပ်ဒေသ ကုန်သွယ်မှု ပြန်လည် လည်ပတ်နိုင်ဖို့ ညှိနှိုင်းတဲ့ ဆွေးနွေးပွဲတွေ မအောင်မမြင်ဖြစ်ပြီးနောက် ရယူထားတဲ့ သဘောတူညီချက်ပါ ပျက်သွားတာကို တရုတ်နိုင်ငံက အတော့်ကို စိတ်ပျက်သွားတယ်လို့ ထင်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ရက်ပေါင်း ၄၀ လောက်နဲ့ သိမ်းပိုက်နိုင်ခဲ့တာကိုလည်း တရုတ်က အလွန်အံ့အားသင့်သွားပုံ ရပါတယ်။ ဒါဟာ တရုတ်နိုင်ငံအတွက် အတော်လေး အံ့အားသင့်စရာ ဖြစ်ပါလိမ့်မယ်။
ဒီနှစ် ပထမလေးလပတ်လုံးကို ပြန်ကြည့်ရင် တရုတ်နိုင်ငံက မြန်မာစစ်တပ်နဲ့ ညီနောင်သုံးဖော်ကြား တလျှောက်လုံး တိုက်တွန်းနေတာက စားပွဲဝိုင်းထိုင်ပြီး ဆွေးနွေးကြဖို့ပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒါကို စစ်တပ်ရော ညီနောင် သုံးဖော်ဘက်ကရော အမှန်တကယ် စိတ်ပါဝင်စားမှု မရှိပါဘူး။ ဒါပေမယ့် MNDAA ကိုးကန့်တပ်က အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နဲ့ လားရှိုးမြို့ကို သိမ်းပိုက်လိုက်တာက တရုတ်ဘက်ကအမြင်မှာတော့ MNDAA က သတ်မှတ်ထားတဲ့ မျဉ်းနီကို ဖြတ်လိုက်တာပဲလို့ ယူဆမယ် ထင်ပါတယ်။
အခု ဆိုရင် တရုတ်နိုင်ငံရဲ့ အနေအထားက သိသိသာသာကို ပြောင်းလဲသွားတာကို တွေ့ရမှာပါ။ အခု MNDAA ကိုးကန့်တပ်ဖွဲ့ အပေါ် ဖိအားတွေ အများကြီး ပေးနေပါတယ်။ MNDAA နဲ့ TNLA တအာင်း တပ်ဖွဲ့ကို ပြောင်ပြောင်တင်းတင်းပဲ အနိုင်ကျင့်နေတာကို တွေ့ရပါတယ်။ တရုတ်နယ်စပ်မှာ မြန်မာ့ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း စွက်ဖက်မှုတွေ လုပ်လာပါတယ်။
အဲဒီအချိန်မှာပဲ တရုတ်က စစ်ကောင်စီအပေါ် အဆင့်မြင့် ပံ့ပိုးမှုတွေ၊ စစ်ရေးပံ့ပိုးမှုနဲ့ ဗျူဟာမြောက် ပံ့ပိုးမှုတွေကို စပြီး ပေးလာတာကို တွေ့မြင်ရပါတယ်။ တဘက်မှာလည်း ညီနောင်သုံးဖော်နဲ့ တခြား မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို လက်နက်တွေ ဖြတ်တောက်ပြီး တရုတ်နိုင်ငံအပေါ် မှီခိုနေရတဲ့ ရင်းမြစ် ဖြတ်တောက်တွေ လုပ်လာပါတယ်။ ဒါက အဆုံးမှာတော့ မြန်မာစစ်တပ်ကို ပိုအသက်ရှူချောင်လာဖို့ ကြိုးစားနေတယ်လို့ ထင်ပါတယ်။
ဒါက အစုအဖွဲ့အားလုံးကို ဆွေးနွေးရေး စားပွဲဝိုင်းဆီ ပြန်လာဖို့ တရုတ်က အချက်ပြနေတာပါ။ ဒါကလည်း တရုတ်နိုင်ငံက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကို လိုလား လွန်းလို့ ဆိုတာမျိုး မဟုတ်ပါဘူး။ ဒါက ဗျူဟာမြောက် ပထဝီ အနေအထား အရ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေ ရှေ့ဆက် နိုင်မယ့် အခြေအနေမျိုး ဖန်တီးလိုတာကြောင့်ပါ။ ဒါမှသာ ယူနန်ပြည်နယ်နဲ့ အိန္ဒိယသမုဒ္ဒရာကြား ကုန်သွယ်မှုတွေ ပြန်လည်စတင်နိုင်မှာပါ။
ငြိမ်းချမ်းအေး (ဗွီအိုအေ မြန်မာပိုင်း) ။ ။ ဟုတ်ကဲ့ ဒါဆိုရင် မြောက်ပိုင်းမှာ ဆိုင်ဘာ လိမ်လည်မှု လုပ်ငန်းတွေကို နှိမ်နင်းခဲ့ပြီးချိန် လက်ရှိ မြန်မာနိုင်ငံက လိမ်လည်တဲ့ ရာဇ၀တ်မှု လုပ်ငန်းတွေရဲ့ အခြေအနေ ဘယ်လို ရှိနေလဲဆိုတာ အကျဉ်းချုံးပြောပြ ပေးပါ ခင်ဗျာ။
ဂျေဆင်တာဝါ (USIP) ။ ။ ကျွန်တော်တို့ရဲ့ ခန့်မှန်းချက်အရ မြန်မာနိုင်ငံမှာ အဓမ္မ ခိုင်းခံရလို့ လိမ်လည်လှည့်ဖြားတဲ့ လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေသူက တသိန်းကျော်ရှိနေပါသေးတယ်။ အဲဒီထဲက အများစုကတော့ မြဝတီတဝိုက်မှာ ရှိနေပါတယ်။ တရုတ်နယ်စပ်မှာ ကိုးကန့်နယ်ခြားစောင့်တပ် ရှုံးနိမ့်ပြီးနောက်မှာ စောချစ်သူ လက်အောက်က ကရင်နယ်ခြားစောင့်တပ်က သူတို့ရဲ့ အနေအထားကို လိုက်လျောညီထွေဖြစ်အောင် လုပ်လာတာနဲ့ အတူ မြဝတီမှာက ကျယ်ကျယ်ပြန့်ပြန့်ကို ကျန်နေပါသေးတယ်။။
ကရင်နယ်ခြားစောင့်တပ် (BGF) က ခေတ်မီတဲ့ နည်းဗျူဟာချမှတ်ခဲ့ပါတယ်။ သူတို့က စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေကြားမှာ ကြားနေရပ်တည်မယ့် အနေအထားမျိုးဆီ ဦးတည်သွားခဲ့ပါတယ်။ ဒါက အခုနှစ် အစောပိုင်းတုန်းက ဖြစ်ခဲ့သလို အဲဒီမှာ အခြေတည်နေတဲ့ ရာဇ၀တ်လုပ်ငန်းတွေကို နှိမ်နင်းဖို့ မြန်မာ စစ်ကောင်စီကို တရုတ်နိုင်ငံက ဖိအား ပေးတာမျိုး လုပ်ပေမယ့် နယ်ခြားစောင့်တပ်က မြန်မာစစ်တပ်အပေါ် ပိုပြီး သြဇာလွှမ်းမိုးနိုင်လို့ အလုပ် မဖြစ်ခဲ့ပါဘူး။ အခု အနေအထားက မြန်မာစစ်တပ်အနေနဲ့ မြတတီမြို့ကို အတိုင်းအတာ တခု အထိ ထိန်းချုပ်နိုင်ဖို့က နယ်ခြားစောင့်တပ်ကို ပိုပြီး အားကိုးနေရလို့ပါ။
တချိန်တည်းမှာပဲ၊ တော်လှန်ရေးတပ်ဖွဲ့တွေက လိမ်လည်တဲ့ လုပ်ငန်းတွေကို နှိမ်နင်းလာမှာကိုလည်း ကရင်နယ်ခြားစောင့်တပ်က စိုးရိမ်ပါတယ်။ ဒီတော့ ကရင်နယ်ခြားစောင့်တပ်က တခြားပြည်သူ့စစ်အဖွဲ့တွေကို ဒီ လုပ်ငန်းတွေမှာ ပိုပြီး ပါဝင် ပတ်သက်လာစေဖို့ ကြိုးစားတာကို တွေ့ရပါတယ်။ ဒါကြောင့်ပဲ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (Democratic Karen Benevolent Army – DKBA) ထိန်းချုပ်တဲ့ နေရာတွေနဲ့ DKBA နဲ့ BGF တပ်တွေ ထိန်းချုပ်မှု ရောထွေးနေတဲ့ ဒေသတွေမှာ ဒီရာဇဝတ်လုပ်ငန်းတွေ တိုးချဲ့ လုပ်ကိုင် လာတာကိုတွေ့ရပါတယ်။ ဒီလို ကျယ်ပြန့်လာတာက အန္တရာယ် ရှိပါတယ်။ ဒါ့အပြင် တခြား တိုင်ရင်းသား အဖွဲ့ (EAOs) တွေ တခြား လက်နက်ကိုင်အဖွဲ့တွေ ပါဝင်ပတ်သက်နေရင် လိမ်လည်တဲ့ ရာဇဝတ် လုပ်ငန်းတွေ အပေါ် အမြစ်ပြတ်ချေမှုန်းနိုင်ခြေက သိသိသာသာကို ကျဆင်းသွားပါတယ်။
ပြီးတော့ စောချစ်သူက ပုံစံအမျိုးမျိုးနဲ့ကို ကြိုးစားနေတာပါ။ ရွှေကုက္ကိုမြို့သစ်နဲ့ ပတ်သက်ပြီး သတင်းမှားတွေ ဖြန့်ပါတယ်။ မီဒီယာတွေနဲ့ ပူးပေါင်းဖို့ ကြိုးစားပါတယ်။ နိုင်ငံတကာ မီဒီယာတွေ အထိ လက်လှမ်းမီနိုင်ဖို့ သူ ကြိုးစားပါတယ်။ ရွှေကုက္ကိုက လုံခြုံတဲ့နေရာဆိုတဲ့ ပုံစံမျိုး ဖန်တီးပါတယ်။ အမှန်ကတော့ ရွှေကုက္ကိုမှာ လိမ်လည်တဲ့ လုပ်ငန်းတွေ ပိုများလာနေပါတယ်။ ဒါကြောင့် သောင်ရင်းမြစ်တဝိုက် အဓိကအချက်အချာကျတဲ့ နေရာတခု ဖြစ်လာပါတယ်။
မူးယစ်ဆေးဝါးနဲ့ ဘိန်းထုတ်လုပ်မှုကို နှိမ်နင်းတုန်းကလိုပါပဲ။ အခုဆိုရင် ‘ဝ’ ပြည် ဒေသတဝိုက်မှာ ဖြိုခွင်းမှုတွေ ရှိခဲ့လို့ လိမ်လည်တဲ့ ဂိုဏ်းတွေဟာ ရှမ်းပြည် အလယ်ပိုင်းကို ရွှေ့လာကြပါတယ်။ ဒါကြောင့် သူတို့ တန့်ယန်းမှာ ရှိတယ်၊ ဝမ်ဟိုင်းမှာ ရှိနေတယ်။ ကြီးမားတဲ့ အဆောက်အအုံ ခြံဝင်းကြီးတွေ တည်ဆောက်ပြီး ထောင်နဲ့ချီတဲ့ လူတွေနဲ့ လည်ပတ်နေပါတယ်။ အဲဒီထဲက အများအပြားကလည်း အွန်လိုင်း လိမ်လည်တဲ့ အလုပ်တွေကို အတင်း အကျပ် လုပ်ဖို့ စေခိုင်းခံရသူတွေပါ။ ဒါကြောင့် ဒီပြဿနာက ဆက်ပြီး ပျံ့နှံ့နေပါတယ်။
တကယ်တမ်း ပြောရရင် လက်ရှိအခြေအနေ အတိုင်းဆိုရင် မြန်မာစစ်တပ်က မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက် အုပ်ချုပ်နေရွေ့၊ တိုင်းပြည်မှာ အမှန်တကယ် ခိုင်မာတဲ့ ရဲတပ်ဖွဲ့ ဒါမှမဟုတ် နိုင်ငံတော် လုံခြုံရေးစနစ် မထားရှိနိုင်သရွေ့က ဒီရာဇဝတ်လုပ်ငန်းတွေက ဆက်လက် ပြန့်နှံ့နေတာကို မြင်တွေ့ရမှာပါ။
ငြိမ်းချမ်းအေး (ဗွီအိုအေ မြန်မာပိုင်း) ။ ။ USIP အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံက ဆိုင်ဘာ ရာဇဝတ်လုပ်ငန်းတွေက အမေရိကန်နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကိုလည်း ခြိမ်းခြောက်နေတယ်လို့ ထောက်ပြထားတာကို တွေ့ရပါတယ်။ ဒီလုပ်ငန်းတွေက အမေရိကန်နဲ့ ကမ္ဘာတဝန်းကို ဘယ်လောက်တောင် သက်ရောက်နေလဲဗျာ။ နောက်တခုက ဒီရာဇ၀တ်မှုကွန်ရက်တွေရဲ့ ကြီးထွားလာနေတဲ့ သြဇာလွှမ်းမိုးမှုကို တန်ပြန်ဖို့ အမေရိကန်အစိုးရအနေနဲ့ ဘယ်လိုခြေလှမ်းမျိုး လုပ်ဆောင်နိုင်မလဲ။
ဂျေဆင်တာဝါ (USIP) ။ ။ အမေရိကန်ပြည်ထောင်စုအပေါ် ကြီးကြီးမားမားကို သက်ရောက်မှု ရှိပါတယ်။ နေ့စဥ်နဲ့ အမျှကို ဒေါ်လာ သိန်းနဲ့ချီ ဆုံးရှုံးရသူတွေ အကြောင်းကို အမေရိကန်မီဒီယာတွေမှာ ဖော်ပြလာကြတာကို တွေ့ရပါတယ်။ တချို့ကိစ္စတွေမှာဆိုရင် ပိုပြီး ခေတ်မီဆန်းပြားတဲ့ နည်လမ်းတွေကို သုံးလာကြပါတယ်။ “Pig Butchering” လို့ အမည် ပေးထားတဲ့ “ဝက်သတ်” သလိုမျိုး လုပ်တယ် ဆိုပြီး တင်စား ပြောကြတဲ့ ထိခိုက်နစ်နာမှု ကြီးတဲ့ ခရစ်ပတို ငွေကြေး လိုမျိုး ရင်းနှီးမြှုပ်နှံမှုအနေနဲ့ ငွေထည့်ဝင်တဲ့ သဘောမျိုး ဟန်ဆောင်ကာ လိမ်လည်လှည့်ဖြားသူတွေက ဆိုရှယ်မီဒီယာကို အသုံးချပြီး သားကောင်တွေကို လိမ်လည်လာကြပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ တနှစ် တနှစ်ကို ဒီလို လိမ်လည်လှည့်ဖြားလုပ်ငန်းတွေကြောင့် ခန့်မှန်းခြေ ဒေါ်လာ ၅.၅ ဘီလီယံ လောက် ဆုံးရှံးနေ ရပါတယ်။ ဒါက တရားဝင်ကိန်းဂဏန်းတွေကို ပြောတာပါ။ တချို့ကတော့ ၁၅ ဘီလီယံအထိ ဆုံးရှုံးနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။
ဒါက အလွန့် အလွန်ကို အန္တရာယ်ကြီးတဲ့ ပြဿနာ တခုပါ။ ငွေတွေ အမြောက်အမြား ခိုးယူခံနေရတာပါ။ ပြီးတော့ အခြေခံကျကျ စဥ်းစားကြည့်မယ် ဆိုရင် ဒါဟာ အမေရိကန်က ငွေကြေး ဓန ဥစ္စာ အများအပြားဟာ အရှေ့တောင်အာရှက လူဆိုးတွေဆီ အကြီးအကျယ်ကို ရွှေ့ပြောင်းခံနေရတာပါ။ ဒီမိုကရေစီကို ဆန့်ကျင်သူတွေ၊ အကျင့်ပျက်ခြစားသူတွေဆီ ရောက်ကုန်တာပါ။ သူတို့ဟာ မကြာခဏ ဆိုသလို မြန်မာစစ်တပ် ဒါမှမဟုတ် ဒေသတွင်းက သြဇာကြီးမားသူတွေရဲ့ အကာအကွယ်ပေးခြင်းကိုလည်း ခံရပါတယ်။ ဒါဟာ အမေရိကန် ပြည်ထောင်စု အတွက်တော့ အဘက်ဘက်က မျက်နှာစာများစွာမှာ သတင်းဆိုး တခုလို့ ကျနော်ထင်ပါတယ်။
နောက်တချက်က ဒီရာဇဝတ် လုပ်ငန်းတွေ အမေရိကန်ကို ပို ပစ်မှတ်ထားလာတာတဲ့ အကြောင်းရင်းက တဘက်မှာ တရုတ်အစိုးရရဲ့ ဖြိုခွင်းမှုကြောင့် တရုတ်နိုင်ငံက လူတွေကို လိမ်လည်လှည့်ဖြားဖို့ ပိုခက်လာတာလည်း ပါ, ပါတယ်။ တရုတ်နိုင်ငံမှာ သုံးတဲ့ WeChat ဒါမှမဟုတ် TikTok လို တရုတ်လူမှုမီဒီယာပလက်ဖောင်းတွေကနေ လူတွေကို လှည့်ဖြားဖို့ ပို ခက်လာပါတယ်။ ပြီးတော့ တချိန်တည်းမှာပဲ တရုတ်က cryptocurrency ငွေကြေးစနစ် ပိတ်ပင်ထားပါတယ်။ လူမှုမီဒီယာတွေကိုလည်း တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပါတယ်။ ဒါကြောင့် လိမ်လည်တဲ့ သူတွေ အခက်တွေ့ စေပါတယ်။ နောက်ဆုံးတချက်ကတော့ တရုတ်ရဲတွေက လိမ်လည်သူတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်တဲ့ အခါ တခြား သူတွေရဲ့ အချက်အလက်တွေကိုပါ စုဆောင်းနိုင်ပါတယ်။
ဒီလို အကြောင်းအရင်းတွေကြောင့် တခြားနိုင်ငံတွေ အထူးသဖြင့် ချမ်းသာတဲ့နိုင်ငံတွေမှာ လူတွေကို ပစ်မှတ်ထားဖို့က ဒီရာဇ၀တ်ဂိုဏ်းတွေ အတွက် ပိုပြီး မက်လုံး ဖြစ်လာစေပါတယ်။ ဒါကြောင့် သူတို့က အမေရိကန်ကို ပိုပြီး ဦးတည် လာကြတာပါ။ ကျနော်တို့မှာက သူတို့လို လူမှုမီဒီယာတွေ ကို ထိန်းချုပ်ထားတာမရှိဘူး။ ဒီလို မျိုး ထိန်းချုပ်တာတွေ မလုပ်သင့်ပါဘူး။
ဒါပေမယ့် အမေရိကန် အစိုးရက ဒီပြဿနာကို ဒီအတိုင်း ထိုင်ကြည့်နေရမယ်လို့တော့ မဆိုလိုပါဘူး။ cryptocurrency ငွေကြေး စနစ် လုပ်ငန်းတွေကို ထိန်းညှိတာ၊ ရာဇ၀တ်မှုကျူးလွန်သူတွေ မတူညီတဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေ မသုံးနိုင်အောင် တားဆီးနိုင်မယ့် နည်းလမ်းတွေ ရှာဖွေတာနဲ့ အခြေခံ အသိပညာ မြှင့်တင်ရေးတွေ နောက်ထပ် အများကြီး လုပ်ဆောင်ရမယ်လို့ ထင်ပါတယ်။
နောက် အရေးကြီးဆုံးနဲ့ ပထမဦးဆုံး လုပ်ရမှာကတော့ အမေရိကန် ပြည်ထောင်စုအနေနဲ့ ဒီကဏ္ဍ မှာ ပိုမိုအားကောင်းတဲ့ ခေါင်းဆောင်မှု နေရာကနေ ပါဝင်ရပါမယ်။ ဒါတွေက အရှေ့တောင် အာရှမှာ ဖြစ်နေတာပါ။ ဆိုလိုတာက၊ အဓမ္မ လုပ်အားပေး ခိုင်းစေမှု တွေ အကြီးအကျယ် ဖြစ်နေတဲ့ လိမ်လည်လှည့်ဖြားတဲ့ လုပ်ငန်းစုကြီးတွေ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို နယ်စပ်တွေမှာ တည်ရှိ ရပ်တည်နိုင်နေတာမျိုး လုံးဝ မဖြစ်သင့်ပါဘူး။
ဒါကြောင့် ဒီကိစ္စကို ဖြေရှင်းဖို့ ကြိုးစားရာမှာ ဒေသတွင်းမှာ နိုင်ငံရေး အရ ဆန္ဒ ရှိဖို့ လိုပါတယ်။ ကမ္ဘာ့ နိုင်ငံတွေ အနေနဲ့ ဒီ ပြဿနာက သူတို့ရဲ့ အမျိုးသားလုံခြုံရေးကို အမှန်တကယ် ခြိမ်းခြောက်လာနေပြီး ဆိုတာကို တဖြည်းဖြည်းနဲ့ ပိုသိမြင် လာမယ်လို့ ကထင်ပါတယ်။
ဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အမေရိကန်အနေနဲ့ ဒေသတွင်းမှာ ခေါင်းဆောင်မှုပိုင်းကို ပိုမိုစည်းရုံးနိုင်ဖို့ အခွင့်အရေး ရှိနေတယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံလို နေရာမျိုးမှာပါ။ ထိုင်းနိုင်ငံဟာ သူ့ နယ်စပ်မှာ အခြေချ လည်ပတ်နေတဲ့ ဒီလိမ်လည်တဲ့ ဂိုဏ်းတွေရဲ့ ဒဏ်ကို သိသိသာသာ ခံနေရတာပါ။ ဒါက နိုင်ငံရဲ့ခရီးသွားလုပ်ငန်းကို ထိခိုက်စေပါတယ်။ ဒါဟာ နိုင်ငံရဲ့တရားဝင်စီးပွားရေးကို အနုတ်လက္ခဏာ ဆောင်စေပါတယ်။ ဒါကြောင့်မို့လို့ အမေရိကန်အနေနဲ့ ဒီလိုပြဿနာမျိုးတွေကို ဖြေရှင်းရာမှာ ထိုင်းနိုင်ငံနဲ့ လက်တွဲလုပ်နိုင်ဖို့ အကြောင်းပြချက်ကောင်းတွေရှိနေပါတယ်။