သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ဝင်မစွက်ဖို့ ကန်ရောက်မြန်မာတွေ တရုတ်သံရုံးရှေ့တောင်းဆို


မြန်မာ့အရေး တရုတ် မစွက်ဖက်ရေး ကန့်ကွက် ဆန္ဒ ပြကြတာက တရုတ် အစိုးရရဲ့ မူဝါဒတွေကို ဆန့်ကျင်တာ ဖြစ်ပြီး လူမျိုးရေး မုန်းတီးမှု မဟုတ်ဘူးလို့ ဆန္ဒပြပွဲကို တက်ရောက်ကြသူတွေပြော
မြန်မာ့အရေး တရုတ် မစွက်ဖက်ရေး ကန့်ကွက် ဆန္ဒ ပြကြတာက တရုတ် အစိုးရရဲ့ မူဝါဒတွေကို ဆန့်ကျင်တာ ဖြစ်ပြီး လူမျိုးရေး မုန်းတီးမှု မဟုတ်ဘူးလို့ ဆန္ဒပြပွဲကို တက်ရောက်ကြသူတွေပြော

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မြန်မာ့အရေးမှာ ဝင်ရောက် မစွက်ဖက်ဘူးလို့ စနေနေ့က ထုတ်ပြန်ချိန်မှာပဲ ဝါရှင်တန်ဒီစီက တရုတ်သံရုံးရှေ့မှာ အမေရိကန် မြန်မာနွယ်ဖွားတွေက တရုတ်အစိုးရကို ဆန့်ကျင် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုငြိမ်းချမ်းအေးက ပြောပြပါမယ်။

ဝါရှင်တန်ဒီစီ မြို့တော် အနီးတဝိုက်က မြန်မာနွယ်ဖွားတွေက တရုတ် အစိုးရ အနေနဲ့ မြန်မာ့အရေးမှာ ဝင်ရောက် မစွက်ဖက်ဖို့၊ မြန်မာ့အကျပ်အတည်းမှာ အာဏာသိမ်း စစ်တပ်ကို မထောက်ခံဖို့၊ လူထူ အများရဲ့ သဘော ဆန္ဒကို လေးစားဖို့၊ မှန်ကန်တဲ့ဘက်က ရပ်တည်ဖို့ အစရှိတဲ့ ကြွေးကြွေသံတွေ၊ ဆိုင်းဘုတ်တွေ နဲ့အတူ တရုတ်အစိုးရကို တိုက်တွန်းခဲ့ကြပါတယ်။ မြန်မာပြည် တရုတ်သံရုံးက စနေနေ့မှာပဲ ထုတ်ပြန်ခဲ့တဲ့ မြန်မာ့အရေး စွက်ဖက်တာ မရှိဘူး ဆိုတဲ့ ပြောဆိုချက်ကလည်း လက်သင့်ခံဖွယ် မရှိဘူးလို့ ဆန္ဒပြပွဲကို ဦးဆောင်သူ တဦးဖြစ်တဲ့ ကိုရင်အေးက ဗွီအိုအေကို ပြောပါတယ်။

“Sham Elections တကယ် ဘယ်လိုမှ တရားဝင်မှု မရှိမယ့် ရွေးကောက်ပွဲမျိုးကို အားပေးနေတာကို ရပ်ဖို့ လိုပါတယ်။ ဒီလို ရွေးကောက်ပွဲ အားပေးနေတာကို ရပ်လိုက်ပြီးတော့မှ ပြည်သူလူထု ခံစားနေရတဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ အတွက် စစ်ကောင်စီကို လုံးဝ မလုပ်တော့အောင် ပြောပေးမယ် ဆိုရင်တော့ သူများ ပြည်တွင်းရေးကို ဝင်စွက်တာ မဟုတ်ဘူးလို့ ကျတော်တို့က ယုံကြည်လို့ ရမှာပါ။”

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ တိုင်းရင်းသား ညီနောင် မဟာမိတ် (၃) ဖွဲ့ရဲ့ စစ်ရေးတွေကို အဟန့်အတား ဖြစ်အောင် လုပ်ဆောင်နေတာတွေကိုလည်း တရုတ်နိုင်ငံ အနေနဲ့ ရပ်တန့်ဖို့လိုတယ်လို့ သူက တောင်းဆိုပါတယ်။

တရုတ် သံရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာ့ပြဿနာတွေကို ငြိမ်းချမ်းတဲ့ နည်းနဲ့ ဖြေရှင်းဖို့ လိုလားပြီး အဲဒီအတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်မှာ ဖြစ်ကြောင်း ဆိုထားပါတယ်။ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ချစ်ကြည်ရေးမူဝါဒက မြန်မာပြည်သူတရပ်လုံးကို မျက်နှာမူတာ ဖြစ်ပြီး သက်ဆိုင်ရာ ဘက်အသီးသီးက အမြန်ဆုံး အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းကာ မြောက်ပိုင်း ဒေသ အပါအဝင် မြန်မာနိုင်ငံရဲ့ အခြေအနေ ပြန်လည်တည်ငြိမ်ရေး ဖော်ဆောင်နိုင်ဖို့ မျှော်လင့်ကြောင်း စက်တင်ဘာ ၁၄ ရက်၊ စနေနေ့က ထုတ်ပြန်ခဲ့တာပါ။ မြန်မာနိုင်ငံတွင်း မတည်မငြိမ်ဖြစ်မှု၊ စစ်ပွဲဖြစ်ပွားနေမှုကို ဆန့်ကျင်ကာ သူတို့အနေနဲ့ ပြည်တွင်းရေးကို မစွက်ဖက်သလို ပြည်ပအင်အားစု တခုခုက မြန်မာ့ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်တာကိုလည်း ဆန့်ကျင် ကြောင်း တရုတ်သံရုံးက ပြောပါတယ်။

မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ စောင့်ကြည့်လေ့လာသူ တချို့ကတော့ ရှမ်းမြောက်က တိုင်းရင်းသားညီနောင် မဟာမိတ် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေး တွေမှာ တရုတ်နိုင်ငံရဲ့ ကြားဝင် စေ့စပ်မှုတွေ၊ တရုတ် ထိပ်တန်း ခေါင်းဆောင်တွေရဲ့ မြန်မာပြည် ခရီးစဥ်တွေနဲ့ ပြောဆို လုပ်ဆောင်ချက်တွေကို ကြည့်ပြီး မြန်မာ့အရေး မှာ တရုတ်နိုင်ငံ ထဲထဲဝင်ဝင် စွက်ဖက်နေတယ် ဆိုပြီး ဝေဖန် ထောက်ပြမှုတွေ ဖြစ်နေတာပါ။

သိပ်မကြာခင်က တရုတ် နိင်ငံရဲ့ ပြည်နယ် ဒေသ အာဏာပိုင် ဆီကလို့ ယူဆရတဲ့ အဖွဲ့တခုက ရှမ်းမြောက်မှာ စစ်ကောင်စီ အပေါ် အဓိက စစ်ဆင်နေတဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ကို ပေးပို့တဲ့ စာထဲမှာ “စစ်ပွဲရပ်ဖို့နဲ့ မရပ်ရင် အကျိုးဆက်တွေ ခံစားရမယ်” ဆိုပြီး ရေးသားထားချက်တွေကိုလည်း စစ်အာဏာသိမ်း ကောင်စီကို ခုခံ တော်လှန်နေကြတဲ့ အင်အားစုတွေက ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း နိုင်ငံတကာရောက် မြန်မာနွယ်ဖွား တက်ကြွလှုပ်ရှာသူတွေက မြန်မာ အာဏာသိမ်း စစ်ကောင်စီကို တရုတ်နိုင်ငံက ထောက်ခံ အားပေးနေတယ် ဆိုပြီး ကမ္ဘာ့နိုင်ငံ တချို့က တရုတ်သံရုံးတွေရှေ့မှာ ဆန့်ကျင် ဆန္ဒပြပွဲတွေ ဆက်တိုက် လုပ်ဆောင်နေကြပါတယ်။

ဝါရှင်တန် ဒီစီ တရုတ် နိုင်ငံ သံရုံးရှေ့က ဆန္ဒပြပွဲမှာ ပါဝင်တဲ့ မြန်မာ နွယ်ဖွား တက်ကြွလှုပ်ရှားသူ မမင်းမင်း (Minmin Berwald) ကတော့ “အပြုသဘောဆောင်ဖို့” က ပြည်သူလူထုကို ဖိနှိပ်နေတဲ့ အာဏာသိမ်း စစ်ကောင်စီ အပေါ် လေယာဥ်ဆီ ဖြတ်တောက်တာ အပါအဝင် ပိတ်ဆို့ အရေးယူမှု ဆောင်ရွက်တာတွေကို လက်ခံဖို့ လိုတယ်လို့ ထောက်ပြပါတယ်။

“တရုတ်ကို တောင်းဆိုချင်တာက ဒီစစ်တပ်ကို ထောက်ပံ့နေတဲ့ဟာကို ချက်ချင်း ရပ်တန်ဖို့ပေါ့နော်။ ရပ်ပြီးတော့ မြန်မာပြည်မှာ ဖြစ်နေတဲ့ ပြည်တွင်းရေးကို မပတ်သက်ဘဲနဲ့ နောက်ပြီးတော့ လေယာဥ်ဗုံးတွေနဲ့ ကြဲခံနေရတဲ့ ပြည်သူတွေ အရမ်းကို အရမ်းကို ဒုက္ခ ရောက်နေတဲ့ ပေါ့နော်၊ အိမ်တွေ မီးရှိုတာ သက်သက်မဟုတ်ဘဲနဲ့ ပြည်တွင်း နေရပ်စွန့်ခွာ စစ်ဘေးရှောင်တွေကို လိုက်ပြီး ဗုံးကြဲတာ ဆိုတာ လုံးဝ မဖြစ်သင့်တဲ့၊ ကမ္ဘာမှာ လုံးဝ မဖြစ်သင့်ဘူး ပေါ့နော်၊ စစ်ရာဇဝတ်မှုလို့ လို့ မြင်ပြီးတော့ ရပ်ဖို့ လိုအပ်တယ်လို့ တောင်းဆိုပါတယ်။”

တရုတ် အစိုးရဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နေ့ စစ်တပ်က အာဏာသိမ်း ပြီး ရွေးကောက်တင်မြှောက်ခံ အရပ်သား အစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးချိန်ကတည်းကလည်း အစိုးရ အဖွဲ့ အတွင်း ကြီးမားတဲ့ အပြောင်းအလဲ ဆိုပြီးသာ သုံးနှုန်း ပြောဆိုခဲ့တာ ဖြစ်လို့ ဒီမိုကရေစီ အရေး လှုပ်ရှားသူတွေက တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ကို တလျှောက်လုံး မေးခွန်း ထုတ်လာခဲ့တာ ဖြစ်ပါတယ်။

တဘက်မှာလည်း ကုလသမဂ္ဂလို အရေးပါတဲ့ နိုင်ငံတကာ စင်မြင့်ထက်မှာ အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ဆက်လက် ထားရှိနိုင်နေတာနဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ မြန်မာ့အရေး လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ချမှတ်နိုင်တာမှာ ဗီတို အာဏာရှိတဲ့ တရုတ်နိုင်ငံက မဲမပေးခဲ့ပေမယ့် မကန့်ကွက်ခဲ့လို့ အဆို အတည်ပြုနိုင်ခဲ့တာတွေကို ကြည့်ရင် တရုတ် အစိုးရဟာ အရင် စစ်အာဏာရှင် ခေတ်တွေတုန်းကလို စစ်အစိုးရကို လုံးဝ ထောက်ခံမှုပေးနေတာမျိုး မဟုတ်ဘူးလို့ လေ့လာသူတွေက သုံးသပ်ကြတာ ရှိပါတယ်။ မြန်မာ့အရေး ရှေ့ကို ရောက်နိုင်ဖို့ တရုတ်အစိုးရ ကို စည်းရုံး သိမ်းသွင်းဖို့ လိုတယ် ဆိုပြီး ယူဆကြတာတွေ ရှိပါတယ်။

တက်ကြွလှုပ်ရှားသူ ကိုရင်အေးကတော့ တရုတ် အစိုးရကို အခုလို ဆန္ဒ ထုတ်ဖော် တာ အပါအဝင် ဆက်ပြီး ဖိအားပေးနေဖို့ လိုတယ်လို့ ပြောပါတယ်။

“ကျနော်တို့က ပြည်သူ့ အသံကို ထုတ်ဖော်တာပါ။ ပြည်သူ့ အသံကို တရုတ်က လေးစားလိုက်နာဖို့ အတွက် ဖိအားပေးတာပါ။ လူထုရဲ့ အသံပါ။ လူထုရဲ့ အားပါ။ ပြည်သူ့ အသံကို နားလည် အောင်ပါ။ ကျနော်တို့က တရုတ်က ဖိအားပေးတိုင်း ကြောက်နေရတယ် ဆိုတဲ့ ပုံစံမျိုးကို နှစ်ပေါင်း ၇၀ ကျနော်တို့ ကျနော်တို့ တိုင်းပြည်မှာ ကြာခဲ့ပါပြီ။ တရုတ်က ဖိအားပေးပြီးတော့မှ စစ်ကောင်စီ၊ စစ်အုပ်စု အဆက်ဆက်ကို လက်နက်ကိုင် တော်လှန်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစု တွေကို တရုတ်က ဖိအားပေးပြီးတော့မှ လိုရင် တမျိုး၊ မလိုရင် တမျိုး လိုပြီဆို ဖိအားပေးခိုင်းတယ်။ သူ မလိုချင်တော့ဘူး ရပ် ပစ်လိုက်တယ်။”

“ကမ္ဘာ့ အင်အားကြီး စူပါပါဝါ တရုတ်နိုင်ငံ အနေနဲ့ လူထု အင်အားကို မရပ်တန့်နိုင်ဘူး” လို့လည်း ဆန္ဒပြပွဲမှာ ကြွေးကြော်တောင်းဆိုခဲ့တဲ့ အချက်ကို ကိုးကားပြီး ကိုရင်အေးက ပြောပါတယ်။

ဝါရှင်တန် ဒီစီ တရုတ် သံရုံးရှေ့က ဆန္ဒထုတ်ဖော်ပွဲကိုတော့ အမေရိကန်-မြန်မာ ၅၀ ကျော် ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။ အခုလို မြန်မာ့အရေး တရုတ် မစွက်ဖက်ရေး ကန့်ကွက် ဆန္ဒ ပြကြတာက တရုတ် အစိုးရရဲ့ မူဝါဒတွေကိုသာ ဆန့်ကျင်တာ ဖြစ်ပြီး လူမျိုးရေးအရ မုန်းတီးမှု လုပ်ဆောင်တာ မဟုတ်ဘူးလို့ လည်း ဆန္ဒပြပွဲကို တက်ရောက်ကြသူတွေက ဗွီအိုအေကို ပြောပါတယ်။

Forum

XS
SM
MD
LG