သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TNLA ကိုတရုတ်စာပို့ ဖိအားပေး


တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့ဝင် တဦးကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ စစ်ဆေးရေးဂိတ်မှာ မြင်တွေ့ရစဥ်။ (ဓာတ်ပုံ - AFP)
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့ဝင် တဦးကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ စစ်ဆေးရေးဂိတ်မှာ မြင်တွေ့ရစဥ်။ (ဓာတ်ပုံ - AFP)

ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲမှာပါတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကို တိုက်ပွဲတွေ မရပ်ရင် အရေးယူဆောင်ရွက်မှုတွေလုပ်မယ်လို့ တရုတ်က စာပေးပို့ တိုက်တွန်းလိုက်ပါတယ်။ မြန်မာပြည်မြောက်ပိုင်းနဲ့ တရုတ်- မြန်မာနယ်စပ်ဒေသက တရုတ်လူမျိုးတွေအတွက် အန္တရာယ်ဖြစ်နိုင်မယ့် လုပ်ရပ်အားလုံး ရပ်ပြီး တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရွှေလီမြို့ လုံခြုံရေးကော်မတီက စာပေးပို့ခဲ့တာဖြစ်ပါတယ်။ ဒီစာအပေါ် TNLA က ဘယ်လို တုံ့ပြန်ပါမှာလဲ။ ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ် မြန်မာနယ်စပ်ဒေသတွေမှာ စစ်တပ်နဲ့ တိုက်ခိုက်နေတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အဖွဲ့ကို ရွှေလီမြို့ လုံခြုံရေးကော်မတီက သြဂုတ်လ ၂၉ရက်နေ့ နေ့စွဲနဲ့ စာပေးပို့ခဲ့ပါတယ်။ တရုတ်ဘာသာနဲ့ ရေးထားတဲ့စာထဲမှာ နယ်စပ်မှာ တရုတ်စစ်တပ်ရဲ့ ၃ ရက်ကြာ စစ်ရေးလေ့ကျင့်မှု ပြီးဆုံးတော့မှာဖြစ်ကြောင်း၊ TNLA အနေနဲ့လည်း တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့၊ မျှော်လင့်တယ်လို့ ရေးသားထားပါတယ်။

တရုတ် မြန်မာနယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး၊ တရုတ်နယ်စပ်နဲ့ နယ်စပ်မှာနေထိုင်တဲ့ တရုတ်နိုင်ငံသားတွေ၊ အမှုထမ်းတွေ၊ မြန်မာနိုင်ငံထဲက တရုတ်စီမံကိန်းတွေ၊ လုပ်ငန်းတွေ လုံခြုံရေးအတွက် တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်ပါလို့ ပြောထားပါတယ်။

တရုတ်နယ်စပ်နဲ့ နယ်စပ်ဒေသက တရုတ်ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို အန္တရာယ်ဖြစ်စေမယ့် စစ်ရေးဆောင်ရွက်မှု အားလုံးကို ရပ်ဖို့ပြောထားပြီး မရပ်ရင် တရုတ်ဘက်က ရန်ကိုဟန့်တားနိုင်ဖို့ အရေးယူဆောင်ရွက်မှုတွေ ပိုလုပ်သွားမှာဖြစ်လို့ အကျိုးဆက်တွေခံရလိမ့်မယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။ အခုလို တရုတ်ဘက်က စာပို့လိုက်တာနဲ့ပတ်သက်လို့ ဘယ်လို တုံ့ပြန်မလဲဆိုတာ ဆွေးနွေးနေတယ်လို့ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက VOA ကို အခုလို ပြောပါတယ်။

“ ကျမတို့ဘက်ကို တရုတ် အစိုးရက စာပို့ထားတာ မှန်ပါတယ်။ ဒီစာနဲ့ပတ်သက်ပြီးတော့မှ ကျမတို့ ဒီဗဟိုကော်မတီက ဆွေးနွေးနေပါတယ်။ လက်ရှိမှာတော့ ဘာမှ တုံ့ပြန်ခြင်းတော့ မရှိသေးပါဘူး။”

TNLA နဲ့ အတူ ညီနောင်မဟာမိတ်အဖွဲ့မှာ ပါဝင်တဲ့ အခြားအဖွဲ့အစည်းတွေကို တရုတ်ဘက်က အလားတူ အကြောင်းကြားတာမျိုး ရှိ/ မရှိကိုတော့ မသိရကြောင်းလည်း ဆက်ပြောပါတယ်။

“ဟုတ်ကဲ့။ လက်ရှိ ကျမတို့ သိတာက ကျမတို့ဘက်ကို ပေးပို့တာဖြစ်တယ်။ တခြားအဖွဲ့တွေကို ပေးပို့ခြင်းကိုတော့ ကျမ ပြောနိုင်ခြင်းတော့ မရှိသေးပါဘူး။”

လောလောဆယ်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ TNLA နဲ့ ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ကြာသပတေးနေ့ကတော့ စစ်ကောင်စီတပ်စခန်း ၂ ခုကို သိမ်းယူခဲ့ပါတယ်။

“ ဒီတရက်၊ နှစ်ရက်အတွင်းမှာတော့ နောင်ချိုဘက်မှာတော့ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ အဓိက စစ်ကောင်စီရဲ့ တောင်ခမ်း အမြောက်တပ် တပ်စခန်းမှာ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ ပြီးခဲ့တဲ့ ဒီ ၂၉ရက်နေ့တုံးက ကျမတို့ ဒီတောင်ခမ်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ၄၀၆ တို့ ၂၀၆ တပ်စခန်းကိုတော့ ကျမတို့ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ တောင်ခမ်းမှာ လက်ရှိမှာတော့ ၂ခုပဲ ကျန်မှာဖြစ်ပါတယ်။ အမြောက်တပ် ၉၀၂နဲ့ အမြောက်တပ် ၃၅၄ တပ်စခန်းဖြစ်ပါတယ်။”

ဒီကနေ့မှာလည်း ညနေပိုင်းအထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ စစ်ရေးလေ့လာသုံးသပ်သူတွေကတော့ နောင်ချိုမြို့နယ် တောင်ခမ်းရှိ အမြောက်တပ်စခန်းတွေဟာ ပြင်ဦးလွင်မြို့ရဲ့ လုံခြုံရေးအတွက် အရေးပါပြီး ဒီစခန်းတွေ လက်လွှတ်လိုက်ရရင် စစ်ကောင်စီဘက်က ပြင်ဦးလွင်ကို ထိန်းချုပ်ဖို့ ခက်ခဲနိုင်သလို ရှမ်းပြည်နယ်တောင်ပိုင်းအထိ စစ်တပ်ကို ခြိမ်းခြောက်လာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ တချိန်တည်းမှာ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ KIA အကြားမှာ တိုက်ပွဲတွေ ပြင်းထန်နေသလို တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျင်းနဲ့ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင်တို့ ဒီလ ၂၈ ရက်နေ့က တရုတ်နိုင်ငံမှာ တွေ့ဆုံတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

တရုတ် အထူးကိုယ်စားလှယ်နဲ့ KIA စစ်ဦးစီးချုပ် တွေ့ဆုံတာနဲ့ပတ်သက်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက အခုလို ပြောပါတယ်။

“ သွားတွေ့တယ်ဆိုတာကတော့ ကြားပါတယ်။ ဒါပေမဲ့ ဘာကိစ္စနဲ့ သွားတွေ့တာလဲ ။ ဘာအကြောင်းအရာတွေ ဆွေးနွေးတယ်ဆိုတာ ၊ သဘောတူညီချက် ရထားတဲ့ အကြောင်းအရာတွေဆိုတာ ဘာမှ မကြားဘူး။ သူတို့ ကျနော်တို့ ဌာနချုပ်ဘက်ကို ပြန်လာပြီလား၊ ပြန်ရောက်လာပြီလား အဲဒါလည်း မကြားသိရသေးပါဘူး။ ”

ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ဖို့ ညွှန်ကြားထားတာမရှိသေးကြောင်း ပြောပါတယ်။ ကြာသပတေးနေ့ကတော့ ဗန်းမော်နဲ့ မိုးမောက်အကြား ၅ မိုင်နဲ့ ၆ မိုင်ကြားမှာ စစ်ကောင်စီတပ်က မြေပြင်က ထိုးစစ်ဆင်တာရှိသလို လေကြောင်း၊ဒရုန်း၊ လက်နက်ကြီး စတာတွေနဲ့ တနေကုန် ပစ်ခတ်တိုက်ခိုက်တာတွေရှိခဲ့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ပိုင်းကပဲ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဝမ်ယီက နေပြည်တော်မှာ မြန်မာစစ်ကောင်စီဥက္ကဋ္ဌနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံက တရုတ်စီမံကိန်းတွေ၊ တရုတ် ဝန်ထမ်းတွေနဲ့ တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်အေးချမ်းရေးကို ကာကွယ်ဖို့ပြောကြားခဲ့ပါတယ်။

TNLA ကိုတရုတ်စာပို့ ဖိအားပေး
please wait

No media source currently available

0:00 0:04:19 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG