သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တရုတ်ဆွေးနွေးပွဲထဲ မြန်မာ့အရေးပါဝင်မှု သုံးသပ်ချက်


အမေရိကန် သမ္မတအိမ်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan နဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့ တရုတ်နိုင်ငံ၊ ဘီဂျင်းမြို့မှာ တွေ့ဆုံစဉ်။ (သြ ဂုတ် ၂၇၊ ၂၀၂၄)
အမေရိကန် သမ္မတအိမ်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan နဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့ တရုတ်နိုင်ငံ၊ ဘီဂျင်းမြို့မှာ တွေ့ဆုံစဉ်။ (သြ ဂုတ် ၂၇၊ ၂၀၂၄)

အမေရိကန် သမ္မတအိမ်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan နဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့ တွေ့ဆုံစဉ်မှာ နှစ်နိုင်ငံအရေးကိစ္စ၊ ဒေသတွင်းကိစ္စတွေနဲ့အတူ မြန်မာအရေးကိုလည်း ထည့်ဆွေးနွေးခဲ့ကြပါတယ်။ကမ္ဘာ့အင်အားကြီး နိုင်ငံ ၂ ခုက ထိပ်ပိုင်းမဟာဗျူဟာကျတဲ့ ဆွေးနွေးပွဲထဲမှာ မြန်မာ့အရေးဆွေးနွေးဖြစ်ခဲ့တာက မြန်မာ့အရေး‌ကို နှစ်ဘက် ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ကိုဝင်းမင်းက မေးထားပါတယ်။

တနေ့ အင်္ဂါနေ့နဲ့ မနေ့ ဗုဒ္ဓဟူးနေ့တွေမှာ လုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲထဲ ကမ္ဘာ့ထိပ်တန်းအရေးတွေဖြစ်တဲ့ ရုရှား-ယူကရိန်းစစ်ပွဲ၊ ထိုင်ဝမ်အရေးတို့ကို အဓိကဆွေးနွေးခဲ့ကြသလို မြောက်ကိုရီးယား၊ မြန်မာနဲ့ အရှေ့အလယ်ပိုင်းအရေးတွေမှာနှစ်ဘက် ဘုံစိုးရိမ်ချက်တွေကိုလည်း ထည့်ဆွေးနွေးခဲ့တာပါ။

အခုလို မြန်မာအရေးထည့်ဆွေးနွေးတာရဲ့ အရေးပါပုံကို မြန်မာဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Derek Mitchell က အခုလို ထောက်ပြပါတယ်။

“ပထမကတော့ အမေရိကန်နဲ့ တရုတ်အနေနဲ့ အခုလို မြန်မာအရေး ထည့်ဆွေးနွေးခဲ့ပြီး အရေးပါမှုနဲ့ မေ့မထားမှုကိုပြလိုက်တာက အားရစရာ ကောင်းတယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ အမေရိကန်အနေနဲ့ တရုတ်ဟာ မြန်မာအတွက် ရှေရှည်တည်တံ့မဲ့အဖြေရှာဖို့၊ အနည်းနဲ့အများ အရေးပါတာကို အသိအမှတ်ပြုပြီး အခုလိုဆွေးနွေးသလားဆိုတာတော့ မသေချာပါဘူး။ တရုတ်အနေနဲ့ကလည်း အမေရိကန် ပါဝင်လာမှာကို စိတ်ဝင်စားရဲ့လားလည်း ကျနော့်အတွေ့အကြုံအရ မသေချာပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော် သူတို့ ခုလိုဆွေးနွေးလာတာက မြန်မာပုံမှန်အခြေအနေပြန်ဖြစ်လာဖို့၊အာဏာသိမ်းမှုကနေ ပြန်ပြောင်းသွားစေဖို့ ဝိုင်းကြိုးစားကြတာကတော့ တကယ့်ကို ကောင်းတဲ့ လက္ခဏာပါ။”

အခုလို မြန်မာ့အရေး ဘုံစိုးရိမ်ချက်ကိုထည့်ဆွေးနွေးခဲ့တာအပေါ် အမေရိကန် ငြိမ်းချမ်းရေးအဖွဲ့ (USIP) ရဲ့ မြန်မာ့ရေးရာ ညွှန်ကြားရေးမှူး Jason Tower ကလည်း အခုလို သုံးသပ်ပါတယ်။

“တဖက်မှာတော့ တရုတ်အစိုးရအနေနဲ့ မကြာခင်ကပဲ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အသစ်ကို လက်ခံတွေ့ဆုံတာကတခြား နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အတိုင်းအတာတခုထိ ညှိနှိုင်းသွားဖို့ လိုအပ်ချက်ကို အချက်ပြလိုက်တာပါ။ အထူးသဖြင့် တရုတ်ရဲ့ အကျိုးစီးပွားတွေက စစ်ပွဲဇုံတွေထဲ ပိုပိုရောက်လာတဲ့အချိန်နဲ့ စစ်ပွဲထဲပါနေတဲ့ အဖွဲ့တချိုနဲ့ကြားဆွေးနွေးပွဲတွေ ကြားဝင်လုပ်ပေးတာက ရပ်ဆိုင်းလာတဲ့ချိန်မျိုးမှာ ပေါ့နော်။ ဒါပေမဲ့ တခြားတဖက်မှာလည်း တရုတ်အနေနဲ့က သူ့ချည်းကပ်နည်းနဲ့ လိုက်လျောညီထွေရှိမဲ့ နိုင်ငံတကာပါဝင်ပတ်သက်မှုမျိုးကိုပဲ လက်ခံမှာကိုလည်း ပြသလာနေခဲ့ပါတယ်။ ဒီမိုကရေစီဘက်ကိုယိမ်းတဲ့ အရေးပါသူတွေ၊ နောက် ဒီမိုကရေစီရရှိရေးထောက်ခံလိုတဲ့ အရေးပါတဲ့အင်အားစုတွေအပေါ် မကျေလည်မှုတွေလည်း ပိုပြလာနေခဲ့ပါတယ်။”

အခုတခေါက် ဒီ ထိပ်တန်းအဆင့် ဆွေးနွေးပွဲထဲ မြန်မာကို ထည့်ဆွေးနွေးခဲ့တာအပေါ် တရုတ်အခြေစိုက် တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက အခုလို အကောင်းမြင်ပါတယ်။

“သတိထားပြီးတော့ အကောင်းမြင်တာပေါ့နော်။ တချို့ကကြောက်နေတာ။ အမေရိကန်နဲ့တရုတ် proxy war (တဆင့်ခံစစ်ပွဲ) ဖြစ်မလားလို့ ပူနေကြတာပေ့ါ။​ ကျမကတော့ မထင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်လည်း သူ့ဟာနဲ့သူ အလုပ်ရှုပ်နေတာလေ။ အဲဒီတော့ အဲဒီလိုကာလမှာ တရုတ်ကဝင်ပြီးတော့ ဗမာပြည်မှာရှိတဲ့ ပါဝင်တဲ့လူတွေအားလုံးပေါ့- Stakeholders တွေလို့ သူတို့သုံးတာကို၊ အဲဒီလူတွေအားလုံး စေ့စပ်ဆွေးနွေးတဲ့စားပွဲပေါ်ရောက်အောင် တရုတ်က နည်းလမ်းပေါင်းစုံ သုံးနေတာပဲလေ။ အဲဒီတော့ အဲဒီလမ်းက နည်းနည်း ပိုပြီးတော့ ရှေ့ရောက်လာမယ်ထင်တယ်။ ဒါပေမဲ့ ကျမအမြင် စစ်ကောင်စီက အခုထိ လက်မခံနိုင်ဘူးဖြစ်နေတယ်ဗျ၊ သူတို့ကိုယ်သူတို့ နိုင်အုန်းမယ်လို့ ထင်နေလား မပြောတတ်ဘူးလေ၊ သူတို့ နည်းနည်းမှ လျှော့မယ့်ပုံ မရဘူး၊​ ဒါပေမဲ့ နိုင်ငံတကာ့အခြေအနေအရ ကြည့်ရင်တော့ တရုတ်နဲ့အမေရိကန်ဆက်ဆံရေးကောင်းလာတာကို မြန်မာပြည့်အရေးကို ဝိုင်းဝန်းကူညီဖြေရှင်းဖို့ တရုတ်ရှာနေတဲ့လိုင်းထဲတော့ တော်တော်နီးစပ်သွားတာပေါ့နော်။”

အဲ့ဒိတော့ အခုဆွေးနွေးပွဲကနေ ရှေ့မှာ ဒီ နိုင်ငံကြီး ၂ နိုင်ငံ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်လာနိုင်ပါလားလို့ မေးတာမှာ သံအမတ်ကြီးဟောင်း Derek Mitchell က အခုလို ဆက်ထောက်ပြပါတယ်။

“ဒီပွဲမှာ ဘယ်လောက်အထိ ပူးပေါင်းဆောင်ရွက်မှုတွေ ရလာခဲ့တာတော့ မသိပါဘူး။ အဲ့ဒိအပေါ် မူတည်ပါတယ်။ ဒါပေမဲ့ အနည်းဆုံးတော့ နှစ် ဖက် တစုံတရာ ဆွေးနွေးကြခဲ့မယ်၊ အရင် တရုတ်က မြန်မာ့အရေးမှာ အမေရိကန်ကို အမြဲ သံသယရှိခဲ့တာကနေ အခုနှစ်ဘက်ကြား နားလည်မှုတချို့ရှိခဲ့တယ်။ နှစ်ဘက် အကျိုးစီးပွားတွေကို သေချာအောင်ဆွေးနွေးခဲ့ပြီး ထပ်တူကျတာရှိမလား ကြည့်နိုင်ခဲ့ပုံရတယ်။ ဒါကြောင့် တဖြည်းဖြည်းနဲ့ မြန်မာ ပို အကျိုးရှိဖို့ ဒီ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်တာတွေဖြစ်လာနိုင်မယ်ထင်တယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ဒီဆွေးနွေးတာတွေကနေ အနည်းဆုံး လူသိရှင်ကြား ရလဒ်မျိုး ထုတ်ပြန်တာတော့ များများစားစား မရှိသေးပါဘူး။ ဒါပေမဲ့ အမေရိကန်နဲ့ တရုတ်ဒီနေ့ဆွေးနွေးနေတာအားလုံးက အဖြေကောင်းတခုရဖို့၊ နှစ်ဖက်နားလည်မှုလွဲပြီး အဟန့်အတားဖြစ်မှာမျိုးကို ရှောင်ဖို့ဆိုတော့ မြန်မာကို ထည့်ဆွေးနွေးဖြစ်တာကိုက ကောင်းနေပါတယ်။”

ဒါ့အပြင် ဒီဆွေးနွေးပွဲထဲ အဓိက ဆွေးနွေးနိုင်ခဲ့တာနဲ့ အခုလို ပူးပေါင်းဆောင်ရွက်မှုဖြစ်လာနိုင်တာအပေါ် ဒေါက်တာလှကျော်ဇောကလည်း အခုလို ဆက်ရှင်းပြပါတယ်။

“ကျမ ကြည့်တာတော့ အားလုံးကို စေ့စပ်ဆွေးနွေးရေးစားပွဲပေါ်ကိုရောက်ဖို့ပဲ ကြိုးစားနေတယ်ထင်တယ်။ အမေရိကန်ကလည်း အဲဒီဟာကိုပဲ အားပေးမယ်ထင်တယ်။ တရုတ်ကတော့ အစောကြီးကတည်းက ပြောပြီးသားပဲနော်၊ စေ့စပ်ဆွေးနွေးရေးစားပွဲပေါ်မှာရောက်ဖို့ဆိုတာ ပြောပြီးသားဆိုတော့ အဲဒီဆွေးနွေးပွဲပေါ်လာဖို့ပဲ ဝိုင်းကြိုးစားမယ်ထင်တယ်။ နောက်တခေါက် ASEAN ရဲ့ခေါင်းဆောင်ဖြစ်မယ့် မလေးရှားက အဏ္ဏဝါကလည်း အဲလိုပဲပြောတယ်။ သူတို့ အတတ်နိုင်ဆုံး ဒီ ဗမာပြည့်အရေးကတော့ ဖြေရှင်းမှဖြစ်မယ်-တဲ့။ မဖြေရှင်းလို့မဖြစ်ဘူးလို့ အဲလိုပြောနေတာပဲ။”

တကယ်တော့ ဒီနှစ်ဘက်ပူးပေါင်းဆောင်ရွက်မှုကနေ တခြား အရေးပါတဲ့ အိန္ဒိယ၊ ထိုင်းအပါအဝင် အာဆီယံနဲ့ ဂျပန်တို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ဆက်ဖြစ်လာရင်တော့ မြန်မာအတွက် အကောင်းဆုံးပဲလို့ ဒီသုံးသပ်သူတွေက ထောက်ပြခဲ့ကြပါတယ် ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG