သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ကန်နဲ့တရုတ် ချဉ်းကပ်မှုအပေါ် အမြင်တချို့


“မြန်မာ့အရေး ပြင်ပ မစွက်ဖက်ရေး” ကို တရုတ်နိုင်ငံက ဆက်တိုက် ပြောလာ။ ပုံစာ - ဇူလိုင် ၂၇၊ လာအိုနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံအစည်းအဝေးမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီဘလင်ကန်တို့ကို အတူ တွေ့ရစဥ်။ (AP Photo/Achmad Ibrahim, Pool)
“မြန်မာ့အရေး ပြင်ပ မစွက်ဖက်ရေး” ကို တရုတ်နိုင်ငံက ဆက်တိုက် ပြောလာ။ ပုံစာ - ဇူလိုင် ၂၇၊ လာအိုနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံအစည်းအဝေးမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီဘလင်ကန်တို့ကို အတူ တွေ့ရစဥ်။ (AP Photo/Achmad Ibrahim, Pool)

တော်လှန်ရေးအင်အားစုတွေကို အမေရိကန်က ပိုပြီး ပွင့်လင်းမြင်သာတဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်လာနေချိန်မှာပဲ စစ်ကောင်စီနဲ့ မပြတ်ထိတွေ့နေတဲ့ တရုတ်ကလည်း မြန်မာ့အရေး ပြင်ပအင်အားစုတွေ မစွက်ဖက်ရေး ပေါ်ပေါ်ထင်ထင် ထုတ်ပြောလာပါတယ်။“မြန်မာ့အရေးမှာ အမေရိကန်ရဲ့ ရည်ရွယ်ချက်တွေကို တရုတ်က မယုံရဲ ဖြစ်နေတယ်” လို့လည်း ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုငြိမ်းချမ်းအေးက စုစည်း တင်ပြပါမယ်။

နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်၊ ဝါရင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်တဲ့ ဝမ်ယိက သြဂုတ် ၁၆ ရက် (သောကြာနေ့) က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ လာအို၊ ထိုင်းနဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အလွတ်သဘောဆွေးနွေးရာမှာ “ပြင်ပအင်အားစုတွေ ထင်သလိုစိမ့်ဝင် ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြု” နိုင်ဘူးလို့ ပွင့်ပွင့်လင်းလင်း သတိပေးလာပါတယ်။ တရုတ် ထိပ်တန်းခေါင်းဆောင်က မြန်မာ့ လက်ရှိအခြေအနေဟာ စိုးရိမ် ပူပန်စရာ ကိစ္စ ဖြစ်လာနေပြီလို့လည်း ဝေဖန်ပါတယ်။

ဒီလို လူသိရှင်ကြား ထောက်ပြ ပြောဆိုတာမျိုးကို တရုတ်နိုင်ငံက အရင်က လုပ်လေ့မရှိဘဲ အခု တကြိမ်မှာတော့ “ပြည်တွင်း မတည်မငြိမ်ဖြစ်မှုနဲ့ ပြည်တွင်းစစ် မဖြစ်ပွားရေးနဲ့ အာဆီယံမိသားစု လမ်းကြောင်းက ကင်းကွာ မသွားရေး” ဆိုတဲ့ အချက် နှစ်ချက်နဲ့ အတူ “ပြင်ပ စွက်ဖက်မှု” ဆိုတဲ့ စကားလုံးကို အကြိမ်ကြိမ် သုံးပြီး ဝမ်ယိက ဆွေးနွေးခဲ့တာကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သြဂုတ် ၁၆ ရက်နေ့ မှာပဲ ချက်ချင်း ထုတ်ပြန်ပါတယ်။

ဒါဟာ စစ်ကောင်စီကိုတွန်းလှန်ကာ မြန်မာ့ဒီမိုကရေစီရေး လုပ်ဆောင်နေကြတဲ့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC)၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) အဖွဲ့ တွေရဲ့ ခေါင်းဆောင်ပိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေးဌာန အကြံပေး Tom Sullivan တို့ သြဂုတ် ၁၆ ရက်နေ့က အွန်လိုင်းက တွေ့ဆုံတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

အရှေ့တောင်အာရှက စစ်ရေးနဲ့ နိုင်ငံရေးကို အနီးကပ် စောင့်ကြည့်လေ့လာနေတဲ့ ဝါရှင်တန် အခြေစိုက် National War College နဲ့ Georgetown တက္ကသိုလ် ပါမောက္ခ ဇက်ခရီအဘူဇာ (Zachary Abuza) ကတော့ “မြန်မာ့အရေးမှာ တရုတ်က အမေရိကန်ကို မယုံဘူး” လို့ သုံးသပ်ပါတယ်။

“ပြဿနာက မြန်မာအရေးမှာ တရုတ်က ကျနော်တို့ကို ထိတွေ့ ဆက်ဆံချင်စိတ် မရှိဘူးလို့ ထင်ပါတယ်။ တရုတ်ရဲ့ အမြင်မှာ အမေရိကန်ရဲ့ အခန်းကဏ္ဍကို ငြင်းပယ်ထားပါတယ်။ မြန်မာ့အရေးမှာ အမေရိကန် ပြည်ထောင်စုရဲ့ ရည်ရွယ်ချက်တွေကို တရုတ်က မယုံရဲ ဖြစ်နေပါတယ်။”

ဝါရင့် တရုတ်-မြန်မာ နိုင်ငံရေး စောင့်ကြည့်လေ့လာသူ တရုတ် ပြည် အခြေစိုက် ဒေါက်တာ လှကျော်ဇောကလည်း ဒါကို သဘောတူပါတယ်။

“မြန်မာ့အရေးမှာ တရုတ်ကြောက်နိုင်တာ အမေရိကန်ပဲ။ ဗမာပြည့်အရေးမှာ အမေရိကန် ဝင်စွက်ဖက်မှာတော့ သူကြောက်ပုံရတယ်။ သဘောမကျပုံရတယ်။ ကြောက်တာထက်။ အဲ့တာကြောင့်မလို့ သူတို့က လက်ဦးမှု ရှိရှိ ဝင်ပြီးတော့ ဖြေရှင်းပေးနေတာပဲ။ အဲ့တော့ တရုတ်က ကြောက်နိုင်တာ အမေရိကန် ဝင်မှာပဲ ကြောက်နိုင်တယ်။ အမေရိကန် ဝင်ရှုပ်မှာပဲ ကြောက်နိုင်တယ်။ ကျန်တာ သူမကြောက်ဘူး။ ရုရှားလည်း သူမကြောက်ဘူး။ ကျန်တဲ့ ဘယ်နိုင်ငံကိုမှ သူမကြောက်ဘူး။ ဘယ်သူ့ကိုမှလည်း သူ ရန်သူလို သဘောမထားဘူး။”

Photo of foreign ministers of China, Laos, Myanmar, Thailand at informal meeting. Credit CCTV VIA AP
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေး ဘေးပန်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ဟာ လာအို၊ ထိုင်းနဲ့ မြန်မာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အလွတ်သဘော တွေ့ဆုံခဲ့။ ချင်းမိုင်မြို့၊ ဩဂုတ်လ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။ ဓာတ်ပုံ - Screenshot / CCTV VIA AP

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိဟာ အခု သီတင်းပတ်ထဲမှာ “မြန်မာ့အရေး ပြင်ပ မစွက်ဖက်ရေး” ကို ဆက်တိုက် ပြောနေခဲ့တာပါ။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မတိုင်မီ နေပြည်တော် ခရီးစဥ်မှာ စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နဲ့ ဩဂုတ်လ ၁၄ ရက်က တွေ့ဆုံချိန်မှာလည်း “မြန်မာနိုင်ငံမှာ ပြည်ပအင်အားစုများ ဝင်ရောက်စွက်ဖက်စိမ့်ဝင်မှုကို တရုတ်နိုင်ငံက အခိုင်အမာဆန့်ကျင်” ကြောင်း ထည့်သွင်းပြောခဲ့ပါတယ်။ ဒီအချက်ကို တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ခေါင်းကြီးတင်ပြီး သတင်းထုတ်ပြန်ပါတယ်။ ဝမ်ယိ ချင်းမိုင်မှာ ပြောဆိုခဲ့တဲ့ “ဒေသပြင်ပ အင်အားစု မစွက်ဖက်ရေး” အချက်တွေကိုလည်း တရုတ် အစိုးရ သတင်းမီဒီယာတွေမှာ ကျယ်ကျယ်ပြန်ပြန့်နဲ့ ခေါင်းကြီးတင်ပြီး ရေးကြပါတယ်။

ဝမ်ယိဟာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာလည်း “ပြည်ပအင်အားစုက မြန်မာနိုင်ငံပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတာကို ဆန့်ကျင်တယ်” လို့ ပြောခဲ့ပါတယ်။

လက်ရှိအခြေအနေက အရှေ့တောင် အာရှမှာ ဗျူဟာမြောက် အချက်အချာကျတဲ့ မြန်မာ့အရေး အလျင်အမြန် ဖြေရှင်းနိုင်ရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်ကြား ပူးပေါင်းဆောင်ရွက်နိုင်မှုကို အလွန်အားနည်းစေတယ် ပါမောက္ခ အဘူဇာက ရှုမြင်ပါတယ်။

“ကျနော့် အမြင်ကတော့ ဒါဟာ မကောင်းပါဘူး။ စစ်အုပ်ချုပ်ရေးအဆုံးသတ်ရေး၊ ပြည်တွင်းစစ်အဆုံးသတ်ရေးနဲ့ တည်ငြိမ်ပြီး သာယာဝပြောတဲ့ မြန်မာနိုင်ငံ ဖြစ်လာရေးတွေလို တူညီတဲ့ အချက်များစွာမှာ အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံစလုံးက လိုလားကြပါတယ်။ ဒါပေမယ့် ရေတိုအတွင်းမှာတော့ အမေရိကန်နဲ့ တရုတ်ကြားမှာ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်မှု သိပ်အများကြီး ဖြစ်လာနိုင်မယ်လို့ ကျနော် မထင်ပါဘူး။”

အမေရိကန် နိုင်ငံခြားရေးဌာနကတော့ အားလုံးပါဝင်နိုင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံကို ထူထောင်ဖို့ ပူးပေါင်းဆောင်ရွက်နေကြတဲ့ အဖွဲ့တွေကို ထောက်ခံတယ် လို့ ဆိုပါတယ်။ မြန်မာပြည်သူတွေရဲ့ဆန္ဒကို လေးစားတဲ့ အရပ်သားအုပ်ချုပ်ရေး တရပ်‌ ပေါ်ထွန်းမယ့် အသွင်ကူးပြောင်းရေးဆီ ဦးတည်ပြီး ခိုင်မာတဲ့ ခြေလှမ်းတွေ ဖော်ဆောင်ရွက်နေသူတွေကို အမေရိကန်က တိုက်ရိုက် အကူအညီတွေ ဆက်လက် တိုးချဲ့ ပေးအပ်သွားမယ်” လို့ NUG အပါအဝင် မြန်မာ့အရေး ဦးဆောင်လှုပ်ရှားနေသူတွေနဲ့ တွေ့ဆုံအပြီး အမေရိကန် နိုင်ငံခြားရေး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တရုတ်နိုင်ငံကတော့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့လို တိုင်းရင်းသားအဖွဲ့တွေကို ပဋိပက္ခ ဖြေရှင်းရေး ကြားခံစေ့စပ်ပေးပြီး အပစ်ရပ်ရေး ညှိနှိုင်းနိုင်ဖို့ နေရာနဲ့ နောက်ခံပံ့ပိုးမှုတွေ အကြိမ်ကြိမ် လူသိထင်ရှား လုပ်ဆောင်ပေးနေပေမယ့် အဓိက အတိုက်အခံအင်အားစု အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နဲ့တော့ ပွင့်လင်းမြင်သာပြီး အဆင့်မြင့်တဲ့ ဆက်ဆံရေး မျိုး ထုတ်ဖော် ချပြတာမျိုး မရှိပါဘူး။ ဒါဟာ NGU အပါအဝင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး တောင်လှန်ရေး အင်အားစုတချို့က “အနောက်လိုလားတယ် ဆိုပြီး တရုတ်က ရှုမြင်ချက်မျိုး ရှိနေတာကြောင့်” ဆိုပြီး ပြည်တွင်းနဲ့ နိုင်ငံတကာက သုံးသပ်ချက် အမြင်တချို့လည်း ရှိပါတယ်။ ဒါကို ဝါရင့် တရုတ်-မြန်မာ အရေး ကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောကတော့ လက်မခံပါဘူး။

“ပဋိပက္ခ ဖြစ်နေတဲ့ နိုင်ငံတွေမှာ ရှိတဲ့ အဖွဲ့အားလုံးကို တန်းတူညီမျှ ဆက်ဆံပါမယ်လို့ ပြောထားပြီးသား။ အဲ့တော့ သူ ဆက်ဆံမှာပဲ။ NUG ကိုလည်း ဆက်ဆံမှာပဲ။ သူ မကြောက်ဘူး။ အခု ဖိလစ်ပိုင်က မားကို့စ်ကိုပဲ ကြည့်ပါ့လား။ သူ နည်းလမ်းပေါင်းစုံနဲ့ ဆက်ဆံနေတာပဲ။ ဟုတ်တယ်မလား။ တရုတ်က သိပ် အနုစိတ်တဲ့ဗျာ။ သူတို့ရဲ့ စဥ်းစားနည်းတွေက တော့်တော်ကို ပြည့်စုံတယ်။ တယောက်ချင်းပဲ ဖြစ်ဖြစ်၊ တဖွဲ့ချင်းပဲ ဖြစ်ဖြစ် သူ စည်းရုံးမှာပဲ။”

NUG အပါအဝင် တော်လှန်ရေး အင်အားစုတချို့ အပေါ် အမေရိကန်ရဲ့ သြဇာ သက်ရောက်မှု ရှိတယ်ဆိုတဲ့ ရှုမြင်ချက်မျိုး တရုတ်နိုင်ငံမှာ ရှိနိုင်ပေမယ့် ဆက်ဆံရေး တည်ဆောက်ရာမှာတော့ ခွဲခြားပြီး ကြည့်မယ်လို့ ယူဆကြောင်း ဒေါက်တာလှကျော်ဇောက ပြောပါတယ်။ အမေရိကန် အပေါ်မှာတောင် ကဏ္ဍ အလွှာ အသီးသီးနဲ့ တရုတ်က ဆက်ဆံရေးတွေ တိုးမြှင့် ထူထောင်ထားတာကို သူက ဥပမာ ပြုပါတယ်။

“သူက တကမ္ဘာလုံးမှာ အမေရိကန်ကို အဓိက ထားတာပဲ။ ဒါပေမယ့် အမေရိကန်ကိုလည်း တရုတ်က သိပ်ပြီးတော့ လက်ပေါက်စိတ်တဲ့ဗျာ။ အမေရိကန်ကိုလည်း သူက ခွဲပြီးကြည့်ပါတယ်။ တရုတ်နဲ့ စီးပွားလုပ်ချင်တဲ့ အဖွဲ့။ တရုတ်ကို ပြတ်ပြတ်သားသားတွယ်မယ့် အဖွဲ့၊ အဲ့လိုမျိုး ခွဲပြီး ကြည့်ပါတယ်။ အခု သူက People to People ပေါ့၊ လူထုချင်း ဆက်ဆံရေး ဆိုပြီးတော့ အမေရိကန် ကျောင်းသားတွေကို ဖိတ် ဖိတ်ပြီးတော့ ခေါ်နေတာလေ။ နောက်ပြည်နယ် အတော်များများနဲ့လည်း Sister Cities ညီအစ်မ မြို့တော်တွေ လုပ်ထားတာတွေလည်း ရှိတယ်။ ”

အမေရိကန်ဘက်က ရှုမြင်ချက်ကတော့ တရုတ်နိုင်ငံဟာ အိမ်နီးချင်းနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံ အရေးမှာ အကျိုးစီးပွားရှိ စိတ်ဝင်စားတာက ဖြစ်သင့်တဲ့ ကိစ္စ ဆိုတဲ့ စဥ်းစားချက်မျိုးရှိတယ်လို့ ပါမောက္ခ အဘူဇာ က ပြောပါတယ်။ တရုတ်နိုင်ငံဟာ စစ်အစိုးရနဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ ကြား နှစ်ဘက်လုံးနဲ့ ဆက်ဆံရေး တည်ဆောက်ထားနိုင်တဲ့ နိုင်ငံအဖြစ် အမေရိကန်က ရှုမြင်ထားပြီး ဒါဟာ အကျပ်အတည်းကို ဖြေရှင်းရေး အခန်းကဏ္ဍမှာ ပါဝင်သင့်တယ် ဆိုတာ ပြသကြောင်း သူက သုံးသပ် ပြောဆိုထားပါတယ်။

Forum

XS
SM
MD
LG