သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘုရားသုံးဆူဒေသထဲ တရုတ်လောင်းကစားရုံတချို့ ပြောင်းရွှေ့လာဟု ယူဆရ


ဘုရားသုံးဆူ နယ်စပ်ဂိတ်မြို့ (Photo: CJ)
ဘုရားသုံးဆူ နယ်စပ်ဂိတ်မြို့ (Photo: CJ)

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမှာ အခု မေလအတွင်း တရုတ်နိုင်ငံသားတွေ သိသိသာသာ ဝင်ရောက်လာနေပြီး အဆောက်အဦးတွေ ဆောက်လုပ်၊ ကာစီနိုလုပ်ငန်းတွေ ပြောင်းပြီး အခြေချလာတယ်လို့ ယူဆတဲ့အကြောင်း မြို့ခံတွေက ဗွီအိုအေကို ပြောပါတယ်။ ကျားဖြန့် အွန်လိုင်း ငွေလိမ်လုပ်ငန်းနဲ့ လောင်းကစားလုပ်ငန်းတွေ တွင်ကျယ်လာရင် မြို့ထဲမှာ ခိုးဆိုးလုယက်မှုတွေ ပိုများလာမှာကို မြို့ခံတွေက စိုးရိမ်နေကြပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို နန်းလောင်ဝ်ကတင်ပြပေးထားပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်က အွန်လိုင်းကျားဖြန့်ငွေလိမ်လုပ်ငန်း လုပ်နေသူတွေကိုထွက်ခွာကြဖို့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့အစည်းတွေက သတိပေးထုတ်ပြန်ပြီးတဲ့နောက် အခုမေလအတွင်းမှာ မမြင်ဘူးတဲ့ တရုတ်နိုင်ငံသားတွေ ဘုရာသုံးဆူမြို့ဘက် သိသိသာသာ ဝင်ရောက်လာနေတယ်လို့ လုံခြုံရေးအရ နာမည်မဖော်လိုတဲ့ မြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“တရုတ်တွေ တော်တော်လေး များလာတယ်။ ဘယ်လိုနည်း ဘယ်ဟန်နဲ့ ရောက်လာတာတော့ ကျနော်တို့လည်း မသိဘူးပေါ့နော်။ တော်တော်များများတော့ ရောက်လာကြတယ်။ တချို့ဆို ဗမာလိုတောင် မပြောဘူး။ တရုတ်လိုပဲ ပြောနေတယ်။ တရုတ်အသံပဲ ကြားနေရတယ်။ ဒီ ၅ လပိုင်းအတွင်းမှာ ပိုများတာထင်တယ်။ မြဝတီ ရွှေကုက္ကိုဘက်ခြမ်းကဟာတွေဖြစ်ဖို့ များတယ် ကျနော်ကြည့်ရတာ။ အဲ့နယ်စပ်ဘက်မှာတော့ အဲ့ဒီအဆောက်အဦးတော့ တွေ့တာပဲ၊ တည်ခိုခန်းလိုလို ဘာလိုလိုနဲ့ ဆောက်နေတာ။ အဆောက်အဦးတွေ တွေ့တာပဲ။ ကာစီနိုထင်တယ်၊ ရှိတဲ့ဟာလည်း ရှိတယ်၊ တချို့ဟာတွေက ဆောက်လုပ်ဆဲတွေလည်း ရှိတယ်။”

ဘုရားသုံးဆူဘက်ရောက်လာတဲ့ တရုတ်ကာစီနိုလောင်းကစားလုပ်ငန်းတွေဟာ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA တပ်နဲ့ ပတ်သက်မှုရှိတယ်လို့ ဒေသခံကာကွယ်ရေး PDF အဖွဲ့တွေက ဗွီအိုအေကို ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ DKBA ဘက်က တုံ့ပြန်ချက်ကို မေးမြန်းဖို့ ဗွီအိုအေက ဆက်သွယ်လို့ မရသေးပါဘူး။

ကာစီနို လောင်းကစားလုပ်ငန်းတွေ တွင်ကျယ်လာရင် မြို့တည်ငြိမ်းအေးချမ်းမှုမရှိဘဲ ခိုးဆိုးလုယုက်မှုတွ ပိုမိုများပြားလာမှာကို စိုးရိမ်တယ်လို့ ဘုရားသုံးဆူမြို့ခံတဦးက ပြောပါတယ်။

“အခု ဒေသခံတွေကလည်း အခက်အခဲတော့ ရှိတာပေါ့။ အဲ့လိုမျိုး တရုတ်တွေ များလာတဲ့အခါကျတော့- ထားလိုက်ပါတော့... အခုဆိုရင် သူတို့ ကစားဝိုင်းတွေ များလာမယ်ဆိုလို့ရှိရင် ဒီမှာ နေတဲ့ဟာတွေက ပိုပြီးတော့ ကျပ်တည်းသွားမယ်။ မြို့နဲ့ အဲ့လိုင်းနဲ့ မကိုက်ညီဘူးပေါ့ဗျာ- ပြောမယ်ဆိုရင်။ နယ်စပ်ဖြစ်တဲ့အတွက်ကြောင့် အဲ့ဒီမှာ ခိုးဆိုးလုယက်တွေ သူခိုးဂျပိုးတွေ လုယက်မှုတွေ ပေါ်လာမှာ။”

အခုလို တရုတ်နိုင်ငံသားတွေ ဒေသထဲ ရောက်လာပြီးနောက်ပိုင်း ဘုရားသုံးဆူနယ်စပ်မှာ မြေနေရာငှားရမ်းမှုတွေ၊ ဝယ်ယူမှုတွေ ဈေးမြင့်လာတယ်လို့လည်း သိရပါတယ်။ ရွှေကုက္ကိုမြို့သစ်က ကျားဖြန့်ငွေလိမ်လုပ်ငန်း၊ ကာစီနိုလောင်းကစားလုပ်ငန်းတွေလို ဘုရားသုံးဆူဘက်ကို ပြောင်းလဲအခြေချလာရင် လူကုန်ကူးမှုနဲ့ တခြား ရာဇဝတ်မှုတွေ ဖြစ်ပွားလာမှာ စိုးရိမ်တယ်လို့လည်း နောက်ထပ်မြို့ခံတဦးက ပြောပါတယ်။

“အဲ့လိုမျိုးတွေ ဖြစ်လာမှာလည်း စိတ်ပူတာပေါ့ဗျာ။ မြို့ခံတွေအနေနဲ့ကတော့ (လောင်းကစားဝိုင်းတွေ) သီးသန့်တွေဖြစ်သွားတာရှိတယ်ဆိုတော့ ကျနော်တို့လည်း အဲ့လိုဖြစ်မှာကို စိတ်ပူတယ်။ ဒီလိုမျိုး(ကာစီနိုလုပ်ငန်း)ရောက်လာခဲ့ပြီးဆိုရင် အခုတောင်မှ နည်းနည်းစီကြားနေရတာပဲ။ ဟိုမှာလိုလို ဒီမှာလိုလို ဒီလိုမျိုးပေါ့၊ လုယက်မှုတွေကတော့ ဒီလိုပဲ ကြားနေရတာပဲပေါ့။”

မြန်မာစစ်ကောင်စီနဲ့မဟာမိတ်ဖြစ်နေတဲ့ ကရင်အမျိုးသားတပ်မတော်(KNA) ခေါ် ကရင်နယ်ခြားစောင့်တပ် (BGF) ဟာ ဆိုက်ဘာလိမ်လည် ဒုစရိုက်လုပ်ငန်းတွေမှာ ဒေသတွင်းကွန်ရက်ဖွဲ့ ရာဇဝတ်မှုကျူးလွန်နေကြောင်း Justic for Myanmar(JFM) ရဲ့ ဒီကနေ့ မေလ ၂၂ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ အဓိက ပါဝင်တွေသူထဲမှာ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ၃ ဦးပါဝင်နေတယ်လို့လည်း United States Institute of Peace (USIP) အဖွဲ့က ဧပြီလ ၂၂ ရက်က ထုတ်ပြန်ထားပါတယ်။

BGF ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်မှူးကြီး စောချစ်သူနဲ့ ဗိုလ်မှူး တင်ဝင်းတို့က ကျားဖြန့်လုပ်ငန်းအတွက် လက်ခံနေရာချပေးတာ၊ လုံခြုံရေးအကာအကွယ်ပေးထား စတဲ့ အကူအညီပေးလုပ်ဆောင်နေပြီး မြဝတီမြို့နယ်နဲ့ ရွှေကုက္ကိုမြို့တို့မှာ အွန်လိုင်း ငွေလိမ်ဂိုဏ်း ကျားဖြန့်စင်တာကို လုပ်ကိုင်ဆောင်ရွက်နေကြတယ်လို့ USIP က ဖော်ပြခဲ့ပါတယ်။

ထိုင်းအာဏာပိုင်တွေက ထိုင်း-မြန်မာနယ်စပ် သောင်းရင်းမြစ်တလျှောက်မှာ ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းနိုင်ဖို့ ကြိုးပမ်းနေပေမယ့် လိမ်လည်တဲ့ လုပ်ငန်းတွေက အဲ့ဒီမှာ ခြေကုပ်ယူနိုင်နေဆဲပဲဖြစ်လို့ ဒါဟာ စိုးရိမ်စရာအခြေအနေဖြစ်နေတယ်လို့ သုတေသနပြုစာတမ်းတွေ ရေးသားထုတ်ဝေနေသူ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဂျေဆင်တာဝါ က ဗွီအိုအေကို ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG