သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းရာဇဝတ်မှုနှိမ်နင်းရေး တရုတ်နဲ့အနောက်နိုင်ငံတွေ တိုးမြှင့်လုပ်ဆောင်


အွန်လိုင်းရာဇဝတ်မှုအတွက် မသင်္ကာသူတွေ တရုတ်ထံ မြန်မာလွှဲအပ် (အောက်တိုဘာ၊ ၂၀၂၃)
အွန်လိုင်းရာဇဝတ်မှုအတွက် မသင်္ကာသူတွေ တရုတ်ထံ မြန်မာလွှဲအပ် (အောက်တိုဘာ၊ ၂၀၂၃)

အခုနှစ် ဩဂုတ်လက စတင်ခဲ့တဲ့ တရုတ်ရဲ့မဲခေါင်ဒေသ အွန်လိုင်းရာဇဝတ်ဂိုဏ်း ရှင်းလင်းရေးဟာ အရှိန်ကောင်းနေတုန်းဖြစ်ပြီး ဒီထဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဟာ အဓိကပစ်မှတ်တွေ ဖြစ်နေပါတယ်။ တရုတ် ဖူကျင့်ပြည်နယ်၊ ချုံချင့်မြို့က ရဲဌာနတွေဟာ ကိုးကန့်ဒေသရဲ့ အဓိကခေါင်းဆောင် ဆယ်ယောက်ကို တနင်္ဂနွေညက ဆုငွေ အမြောက်အများနဲ့ ဖမ်းဝရမ်းထုတ်ခဲ့သလို အနောက်နိုင်ငံကြီးတွေကလည်း အွန်လိုင်းရာဇဝတ်မှုမှာ ပါဝင်ပတ်သက်သူတွေကို ဒဏ်ခတ်အရေးယူလာနေကြပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းအေးက တင်ပြပေးထားပါတယ်။

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ထိန်းချုပ်ခဲ့တဲ့ အဓိက ခေါင်းဆောင်ပိုင်း ဆယ်ယောက်ကို အွန်လိုင်းရာဇဝတ်မှုတွေနဲ့ ဆက်စပ်တဲ့ တရားခံတွေအဖြစ် တရုတ်ရဲဌာနက ဒီဇင်ဘာ ၁၀ ရက်က ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ တရားမဝင် စီးပွားရေးလုပ်ငန်းတွေ၊ တွင်းထွက်သယံဇာတ၊ ကာစီနို လောင်းကစားနဲ့ အိမ်ခြံမြေလုပ်ငန်းတွေကို (Bai) ပယ်မိသားစု၊ (Wei) ဝေမိသားစု၊ (Liu) လျိုမိသားစုနဲ့ နောက်ထပ် အငယ်ဆုံး (Liu) လျိုမိသားစုက ထိန်းချုပ်ထားတာပါ။

ဒီမိသားစု ၄ ခုဟာ တရုတ်အစိုးရကနှိမ်နင်းနေတဲ့ အွန်လိုင်းရာဇဝတ်လုပ်ငန်းတွေကို လောက်ကိုင်ဒေသမှာ ခြေကုပ်ယူပြီး ထိန်းချုပ်ခဲ့တာလို့ တရုတ်သတင်းတွေက ရေးသားကြပါတယ်။ ပယ်မိသားစုက သုံးဦး၊ ဝေမိသားစုကသုံးဦး၊ ပထမလျိုမိသားစုက သုံးဦးနဲ့ ရှီလောက်ဖာ (Xu Laofa) စုစုပေါင်း ဆယ်ယောက်ကို အမေရိကန်ဒေါ်လာ ၁၄,၀၀၀ ကနေ ၇၀,၀၀၀ နဲ့ညီမျှတဲ့ ဆုငွေ ထုတ်လိုက်တာပါ။

ရှီလောက်ဖာကိုတော့ အွန်လိုင်းရာဇဝတ်လုပ်ငန်းတွေကို အသစ်ထပ်မံ၊ ရွှေ့ပြောင်း၊ တည်ထောင်နေတယ်ဆိုတဲ့ စွဲချက်နဲ့ ဖမ်းဝရမ်းထဲ ထည့်ခဲ့တာပါ။ စစ်ကောင်စီအာဏာသိမ်းတဲ့ ၂၀၂၁ နောက်ပိုင်းမှာ ဘိန်းရောင်းဝယ်မှုတွေ၊ အွန်လိုင်းရာဇဝတ်လုပ်ငန်းတွေဟာ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှာ ခြေကုပ်ယူပြီး ကြီးထွားလာပါတယ်။ တရုတ်နိုင်ငံသားတွေ ထဲထဲဝင်ဝင်ပါနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ရှင်းလင်းဖို့ ဩဂုတ်လကုန်ပိုင်းကစပြီး တရုတ်က မြန်မာစစ်ကောင်စီနဲ့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ တချို့ကို ဖိအားပေးခဲ့တာပါ။

လက်ရှိမှာတော့ တရုတ်အနေနဲ့ ဒီကိစ္စတွေမှာ သူဖြစ်ချင်တဲ့အနေအထားတခုကို ရောက်ရှိနေပြီလို့ ပြောလို့ရနိုင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

"စစ်ကောင်စီခန့်ထားတဲ့ ကိုးကန့် အုပ်ချုပ်ရေးမှူး ဥက္ကဋ္ဌ(ဟောင်း) ပေါ့ဗျာ၊ သူတို့ကျတော့ တရုတ်က ဖမ်းဝရမ်းပဲထုတ်တာ၊ အဲလိုကိစ္စတွေကတော့ တရုတ်နဲ့ UWSA တို့၊ မိုင်းလားတို့က ဆက်စပ်ပတ်သက်နေတဲ့အခကျတော့ သူတို့ကိုတော့ ရှောင်ခိုင်းထားတာပေါ့။ အဲလောက်ပါပဲ။ ကျန်တဲ့သူတွေကတော့ တရုတ်ကို အကုန်ပို့ပေးကြတာပဲ။ ပြောရရင် အဲကိစ္စက စကစက သိပ်လက်လှမ်းမမီတဲ့ကိစ္စ၊ စကစက လုပ်လို့လည်းမရဘူး၊ တောင်းလို့လည်းမရဘူး။ စကစက သူ့နယ်ထဲမှာရှိတဲ့ သူတွေဆိုရင်တော့ ရတယ်ပေါ့၊ စကစက မူဆယ်ကနေတဆင့် ပြန်ပို့ပေးတဲ့ ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်နေတဲ့သူ ၃၁,၀၀၀ ကျော်ရှိတယ်ဆိုတာလည်း ဒါလည်း မနည်းပါဘူး။ ဒီလုပ်ငန်းနဲ့ပတ်သက်လို့ကတော့ တရုတ်ရဲ့ဖိအားကို စစ်ကောင်စီလည်း လိုက်လျောရတာပဲ၊ UWSA လည်း လိုက်လျောရတာပဲ၊ ကိုးကန့်လည်း အဲဒီအတိုင်းပဲ။ အဲဒီတော့ အဲဒီကိစ္စတွေမှာ တရုတ်က သူလုပ်ချင်သလောက် ထိထိရောက်ရောက် လုပ်လို့ရတဲ့အနေအထားကို ရောက်ရှိနေပါပြီ။"

လူကုန်ကူးမှုတွေအပါအဝင် အွန်လိုင်းရာဇဝတ်နဲ့ ဆက်စပ်ပြီး (Bai) ပယ်မိသားစုရဲ့ အထူးယုံကြည်ရတဲ့ (Ming) မြီမိသားစုဝင် လေးယောက်ကိုလည်း တရုတ်ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့နိုဝင်ဘာလထဲ အလားတူ ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ မြန်မာစစ်ကောင်စီက မြီမိသားစုဝင်သုံးယောက်ကို လွှဲပြောင်းပေးခဲ့ပြီး မိသားစုရဲ့ အကြီးအကဲဖြစ်တဲ့ မြီလျှောက်ချမ်း (Ming Xuechang) ကတော့ ဖမ်းဆီးချိန်မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တယ်လို့ မြန်မာဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရှမ်းမြောက်ပိုင်းကနေ တခြားနေရာတွေကို တိမ်းရှောင်သွားတဲ့ တရုတ်အွန်လိုင်း ရာဇဝတ်လုပ်ငန်းတွေလည်း အများအပြားရှိပါတယ်။ ဒီထဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက တာချီလိတ်မြို့လည်း ပါပါတယ်။ တာချီလိတ်ဘက်မှာတော့ တရုတ်ရဲတွေကိုယ်တိုင် ဆက်တိုက်ဝင်ရောက် ဖမ်းဆီးနေတာတွေရှိကြောင်း ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။ ဒါပေမဲ့လည်း တရုတ်နိုင်ငံသားတွေကတော့ တချို့နေရာတွေမှာ အသွားအလာမပျက် ရှိနေကြောင်းလည်း သူကပြောပါတယ်။

"တရုတ်ရဲတွေ လာဖမ်းတယ်ဆိုတာ ဟုတ်တယ်၊ အရင်လလောက်ကတည်းက လာဖမ်းနေတာ သူတို့တွေ။ ဖမ်းတာတော့ တော်တော်ကြာပြီ။ အဓိက တရုတ်အွန်လိုင်းဂိမ်းပဲ လိုက်ဖမ်းနေတာ၊ တခြားရာဇဝတ်မှုတွေ မလိုက်ဘူး။ သူတို့အဲလို တရားဝင်ပုံစံနဲ့ ဝင်လာပြီးတော့ကိုဖမ်းတာ။ ဒါပေမဲ့ သတင်းက မပြန့်တာ။ ဒါပေမဲ့ ကျားဖြန်တွေက လုပ်တဲ့ကောင်တွေကတော့ လုပ်နေတုန်းပဲ။ အနောက်မှာ ကာဗာအနေနဲ့ ကြီးကြီးပေးထားတဲ့ အဖွဲ့တွေကတော့ အဲလိုရှိတယ်။"

နိုင်ငံတချို့ကလည်း ဒီအွန်လိုင်းရာဇဝတ် နှိမ်နင်းရေးမှာ ပူးပေါင်းပါဝင်နေပါတယ်။ မြန်မာထဲက တရုတ်အွန်လိုင်းတွေနဲ့ ဆက်စပ်တဲ့ နိပေါအမျိုးသားတဦးနဲ့ အမျိုးသမီးတဦးကို ဖမ်းဆီးမိတယ်လို့ နိပေါရဲတပ်ဖွဲ့က တနင်္လာနေ့က ပြောပါတယ်။

အင်္ဂလန်၊ အမေရိကန်နဲ့ ကနေဒါသုံးနိုင်ငံက လူကုန်ကူးမှု၊ အွန်လိုင်းလိမ်လည်မှုတွေနဲ့ဆက်စပ်တဲ့ အာရှနိုင်ငံသား ၉ ယောက်ကို အရေးယူပိတ်ဆို့လိုက်ပြီလို့ သောကြာနေ့က ထုတ်ပြန်ထားပါတယ်။ ဒီထဲမှာ လာအို-ရွှေတြိဂံ အထူးစီးပွားရေးဇုန်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ၊ လောင်းကစားရုံတွေလုပ်နေတဲ့ တရုတ်နိုင်ငံသား Zhao Wei ပါဝင်သလို သူနဲ့အကျိုးတူ ပူးပေါင်းနေသူတွေ လည်းပါပါတယ်။ သူတို့ကို အမေရိကန်ဘဏ္ဍာရေးဌာနက ၂၀၁၈ မှာ ငွေကြေးခဝါချမှုနဲ့ ပိတ်ဆို့ အရေးယူခဲ့ပါတယ်။ နောက်တယောက်ကတော့ တရုတ်နိုင်ငံသား She Zhejiang ဖြစ်ပြီး သူကတော့ မြန်မာထဲက အွန်လိုင်းလုပ်ငန်းတွေအတွက် လူရှာပေးတဲ့အလုပ်ကို အဓိက လုပ်ကိုင်ခဲ့တာပါ။ သူ့ကိုတော့ လူကုန်ကူးမှုနဲ့ ဆက်စပ်ပြီး အရေးယူခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့သူတွေကတော့ မြန်မာ စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့် BGF တပ်ရဲ့ခေါင်းဆောင် စောချစ်သူနဲ့ လက်အောက်ခံ နှစ်ယောက်ဖြစ်ပါတယ်။ သူတို့ကိုတော့ ကရင်ပြည်နယ် ရွှေကုက္ကိုမြို့သစ်စီမံကိန်းထဲက တရားမဝင် စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး အရေးယူခဲ့တာပါ။

ကမ္ဘာ့ကုလသမဂ္ဂကတောာ့ မြန်မာနိုင်ငံက အွန်လိုင်းရာဇဝတ်လုပ်ငန်းတွေမှာ အနည်းဆုံး လူပေါင်း ၁၂၀,၀၀၀ လောက် အဓမ္မ စေခိုင်းခံနေရတယ်လို့ မကြာသေးခင်က ထုတ်ပြန်ထားပါတယ်။ တရုတ်အစိုးရကတော့ အွန်လိုင်းရာဇဝတ်သား ၃၁,၀၀၀ ကျော်ကို ဖမ်းဆီးမိထားတယ်လို့ မကြာသေးခင်က ပြောပါတယ်။ အွန်လိုင်းလုပ်ငန်းတွေနဲ့ မြန်မာ့ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်သွားမယ်လို့ ပြောထားတဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဟာ ရှမ်းမြောက်ပိုင်းမှာ စစ်ပွဲတွေဆင်နွဲနေဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG