သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းရာဇဝတ်မှု သံသယရှိသူ တရုတ်တချို့ 'ဝ'နယ်ကနေ ထွက်ပြေးပုန်းရှောင်


အွန်လိုင်းငွေလိမ်ဂိုဏ်းတရုတ်နိုင်ငံသား ၁,၂၀၇ ဦးကို ဝ ဒေသရဲတပ်ဖွဲ့က တရုတ်နိုင်ငံရဲတပ်ဖွဲ့ဆီလွှဲပြောင်းပေးခဲ့ (စက်တင်ဘာ ၇)
အွန်လိုင်းငွေလိမ်ဂိုဏ်းတရုတ်နိုင်ငံသား ၁,၂၀၇ ဦးကို ဝ ဒေသရဲတပ်ဖွဲ့က တရုတ်နိုင်ငံရဲတပ်ဖွဲ့ဆီလွှဲပြောင်းပေးခဲ့ (စက်တင်ဘာ ၇)

မြန်မာနဲ့ တရုတ်နယ်စပ် အထူးသဖြင့် 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ UWSA ထိန်းချုပ်နေရာတွေနဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ တရုတ်အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ တရုတ်အစိုးရက ဖိအားပေးနေတဲ့အတွက် ဒီလုပ်ငန်းတွေမှာပတ်သက်တဲ့ တရုတ်နိုင်ငံသားတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက အလှမ်းဝေးတဲ့ ကျေးရွာတွေမှာ တိမ်းရှောင်၊ ပုန်းခိုနေကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့လာတဲ့သတင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

တရုတ်နိုင်ငံရဲ့ဖိအားတွေကြောင့် 'ဝ'ဒေသ အာဏာပိုင်တွေဟာ ထိန်းချုပ်နယ်မြေတွေထဲက အွန်လိုင်း ငွေလိမ်ဂိုဏ်းမျိုးစုံကို ဆက်တိုက် ဖမ်းဆီးလာတဲ့အတွက် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်တချို့က ကျေးရွာတွေဆီ ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသားတွေ အများအပြားရှိနေပါတယ်။ အထူးသဖြင့် လားရှိုး၊ ကွတ်ခိုင်၊ မိုင်းရယ်၊ တန့်ယန်း စတဲ့မြို့နယ်တွေရဲ့ အစွန်ဖျားက ကျေးရွာတချို့မှာ တရုတ်နိုင်ငံသားတွေ အုပ်စုလိုက် တိမ်းရှောင်နေကြတာပါ။ မိုင်းရယ်မြို့နယ် အစွန်အဖျားက ကျေးရွာတွေမှာ ခိုလှုံနေတဲ့ တရုတ်နိုင်ငံသားက ၁,၀၀၀ လောက်ရှိလိမ့်မယ်လို့ ရှမ်းသတင်းဌာနတချို့က ရေးသားပါတယ်။

မိုင်းရယ်မြို့က ဒေသခံတဦးကတော့ သူတို့ထဲကတချို့ကို မိုင်းရယ်မြို့ပေါ်မှာလည်း တွေ့ရတတ်ပြီး ဒေသခဲံ စကားပြန်အကူအညီနဲ့ စားသောက်ဆိုင်တွေဆီ သွားလာတတ်ကြောင်း ဗွီအိုအေကို ပြောပါတယ်။ လက်ရှိမှာ သူတို့ကို စစ်ကောင်စီလက်အောက်ခံ မိုင်းဟပြည်သူ့စစ်ရဲ့ နယ်မြေထဲမှာ နေထိုင်နေကြောင်း သူကပြောပါတယ်။

" ဒီဘက်မှာက ပိုများတယ်ပေါ့နော်၊ များတာကများတယ်။ ရွာဘက်ပေါ့နော် ပြောရမယ်ဆိုရင် ကျနော်တို့ မိုင်းရယ်ရဲ့ အရှေ့တောင်ဘက်ပေါ့ ကျနော်တို့ မိုင်းရှုးသွားတဲ့ဘက်ပေါ့။ လောလောလတ်လတ် လာထားတော့ ပိုက်ဆံကပေါသေးတော့ တရွာပြီးတရွာ အုပ်စုဖွဲ့ပြီးတော့မှ အဲလိုနေတာပေါ့။ အားလုံးကို တရွာတည်းနေတာတော့ မကြားဘူး။ ပြည်သူ့စစ်နဲ့လည်း အဲဒီ ပြည်သူ့စစ်နယ်ထဲပဲ သူတို့နေကြတာ။"

ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသားတွေဟာ ငွေကြေးအမြောက်အများကို ယူဆောင်လာတဲ့အတွက် သူတို့ရောက်တဲ့နေရာတွေမှာ ဒေသအာဏာပိုင်တွေနဲ့ပေါင်းပြီး သူတို့လုပ်ငန်းတွေကို ဆက်လုပ်ကောင်း လုပ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုကြပါတယ်။

အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ဆက်စပ်တယ်လို့ ယူဆရတဲ့ 'ဝ' အရာရှိနှစ်ဦးကို တရုတ်အစိုးရက တရုတ်ယွမ်ငွေ ငါးသိန်းအထိ ဆုကြေးပေးပြီး ဖမ်းဝရမ်း ထုတ်ထားပါတယ်။ တရုတ်နိုင်ငံရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်ဆိုပြီး ဒီအရာရှိနှစ်ယောက်ကို 'ဝ' ဒေသ တာဝန်ရှိသူတွေက အရေးယူထားပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦး ဘယ်မှာရှိနေလဲဆိုတဲ့ နောက်ဆက်တွဲ သတင်းတွေကို တရုတ်အစိုးရရော၊ 'ဝ' အဖွဲ့ကပါ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ကျားဖြန့်လို့တရုတ်လိုခေါ်တဲ့ မြန်မာနိုင်ငံထဲက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဟာ အွန်လိုင်း လောင်းကစားလုပ်ငန်းတွေ အပါအဝင် လူကုန်ကူးမှုတွေအထိ ကျယ်ပြန့်နေပါတယ်။ တရုတ်နိုင်ငံသားတွေ အများဆုံး ထိခိုက်နစ်နာလာတဲ့အတွက် တရုတ်အစိုးရက ဒါကို စိုးရိမ်လာတာပါ။ Wa နဲ့ ကိုးကန့်ဒေသမှာ အခြေစိုက်ပြီး လှုပ်ရှားနေသူတွေဟာ လားရှိုးမြို့ပေါ်မှာလည်း စီးပွားရေးလုပ်ငန်းတွေကို ထူထောင်ထားကြတယ်လို့ လားရှိုးဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။ Wa အာဏာပိုင်တွေက ဒါတွေကို ရှင်းလင်းဖို့ အစီအစဉ်ရှိတယ်ဆိုတာ ကြားထားကြောင်း သူကပြောပါတယ်။

" Wa ဘက်က လုပ်ဖို့ရှိတယ်လို့တော့ ကြားတယ်၊ ဟုတ်တာ မဟုတ်တာတော့ မသိဘူးပေါ့။ အစီအစဉ် ဆွဲနေတယ်လို့ ကြားတယ်။ ကျနော်တို့ ဒီလားရှိုးမြို့ပေါ်တော့ လောင်းကစားရုံတွေ ဘာတွေတော့ အကုန်ဖျက်သိမ်းထားတယ်၊ ပြဿနာတက်တာလို့ ပြောတာပဲ၊ ဗီယက်နမ်နိုင်ငံသားနဲ့ ပြဿနာတက်ပြီး ကတည်းက လောင်းကစားဝိုင်းတွေ အကုန်လုံး ဖျက်သိမ်းထားတာပဲ။"

တရုတ်အစိုးရကတော့ မြန်မာစစ်ကောင်စီ၊ 'ဝ' အာဏာပိုင်တွေနဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသက တာဝန်ရှိသူတွေကို သူတို့နဲ့ပူပေါင်းပြီး ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းပေးဖို့ ဖိအားပေးထားပါတယ်။ အခုဆိုရင် မြန်မာဘက်က လွှဲပြောင်းပေးခဲ့ တရုတ်နိုင်ငံသားဟာ အယောက် ၂,၃၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG