သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ဒုစရိုက်သမားတွေ အဓမ္မစေခိုင်းခံရသူ မလေးရှား ၃ ဦး ပြန်လည်လွတ်မြောက်


Flag of Malaysia
Flag of Malaysia

[[Zawgyi/Unicode]]

အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေရမယ်ဆိုတဲ့ မက်လုံးပေးဆွဲဆောင်မှုတွေနဲ့ မြန်မာနိုင်ငံက နိုင်ငံတကာရာဇဝတ်ဂိုဏ်းတွေရဲ့ သားကောင်ဖြစ်ခဲ့ကြရပြီး အတင်းအကျပ်ခိုင်းစေခံနေရတဲ့ မလေးရှားနိုင်ငံသား နောက်ထပ် ၃ ဦးကို နေရပ် ပြန်ခေါ်နိုင်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုးကားပြီး မလေးရှားသတင်းတွေက အင်္ဂါနေ့မှာ ဖော်ပြကြပါတယ်။

လိမ်လည်ခိုင်းစေခံရပြီး နေရပ်ပြန်ရောက်လာသူတွေဟာ အသက် ၁၉ နှစ်ကနေ ၃၃ နှစ်ကြားအရွယ်တွေဖြစ်ပြီး ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ်ကို ရောက်ရှိလာချိန်မှာ နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ မလေးရှားရဲတပ်ဖွဲ့ PDRM ကို လွှဲပြောင်းပေးခဲ့တယ်လို့ မလေးရှား နိုင်ငံခြားရေးဌာနရဲ့ကြေညာချက်မှာ ဖော်ပြထားကြောင်း Malaymail အင်တာနက် စာမျက်နှာမှာဖော်ပြထားပါတယ်။

ရာဇဝတ်ဂိုဏ်းသားတွေလက်ကနေ ကယ်တင်နိုင်အောင် ထိုင်းနိုင်ငံက မလေးရှားသံရုံးနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ထိုင်းအာဏာပိုင်တွေနဲ့ မလေးရှားရဲတပ်ဖွဲ့ကို အထူးကျေးဇူးတင်ကြောင်းလည်း ကြေညာချက်မှာဖော်ပြထားပါတယ်။

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ထိုင်းနိုင်ငံမှာ ရာဇဝတ်ဂိုဏ်းတွေရဲ့ သားကောင် အဖြစ် အလုပ်ခိုင်းစေခံနေရသူတွေနဲ့ပတ်သက်လို့ ဇန်နဝါရီလ ၁၆ ရက်နေ့ထိ မလေးရှားနိုင်ငံခြားရေးရုံးဆီ သတင်းပေးပို့မှုပေါင်း ၅၁၉ ခုရှိပါတယ်။ အဲဒီထဲကနေ ကယ်ထုတ်နိုင်ခဲ့သူ ၃၇၃ ဦးထဲမှာ ၃၄၆ ဦးကတော့ မလေးရှားနိုင်ငံကို ပြန်ရောက် လာပြီး ကျန် ၂၇ ဦးကတော့ ဆက်ပြီးထိန်းသိမ်းခံထားရတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ သံရုံးတွေကတဆင့် သက်ဆိုင်ရာနိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်ပြီး မတရားခိုင်းစေခံနေရတဲ့ ကျန် ၁၄၆ ဦးကို ဆက်ပြီးရှာဖွေကယ်တင်သွားမယ်လို့လည်း ကြေညာချက်မှာ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]







XS
SM
MD
LG