သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျားဖြန့်လုပ်ငန်းတွေနှိမ်နင်းရေး မြန်မာ၊ ထိုင်းနဲ့ တရုတ်လက်တွဲကြိုးပမ်းနေ


အိမ်နီးချင်း ထိုင်းနိုင်ငံ မဲဆောက်မြို့လေဆိပ်ကနေ စတင်ပြန်ပို့နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးခံရသူ တရုတ်နိုင်ငံသားများ (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၅)
အိမ်နီးချင်း ထိုင်းနိုင်ငံ မဲဆောက်မြို့လေဆိပ်ကနေ စတင်ပြန်ပို့နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးခံရသူ တရုတ်နိုင်ငံသားများ (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၅)

ထိုင်း-မြန်မာနယ်စပ်ကနေ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုကျူးလွန်နေကြတဲ့ လုပ်ငန်းတွေကို အမြစ်ဖြတ်ဖို့ တရုတ်အစိုးရအနေနဲ့ ထိုင်းနဲ့ မြန်မာအပါအဝင် နိုင်ငံစုံနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ တရုတ် နိုင်ငံခြားရေးဌာနပြောခွင့်ရ Guo Jiakun က ပြောကြားလိုက်ပါတယ်။ မြဝတီမြို့နယ် ရွှေကုက္ကိုနဲ့ KKP နယ်မြေတွေက ကျားဖြန့်လုပ်ငန်းတွေလို့ ပြောကြတဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ၊ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ အလုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသားတွေထဲက အယောက် ၂၀၀ ကို ထိုင်း မြန်မာ တရုတ် ၃ နိုင်ငံပေါင်းပြီး တရုတ်နိုင်ငံ ကို ဒီနေ့စတင်ပြန်ပို့နေချိန်မှာပဲ Guo Jiakun က ပုံမှန်သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ရာဇဝတ်မှုတွေဖြစ်စေတဲ့ အခြေခံအကြောင်းအရင်းတွေနဲ့ ဘက်ပေါင်းစုံနည်းနဲ့ ဖြေရှင်းနှိမ်နင်းနိုင် ရေးအတွက် တရုတ်အနေနဲ့ ထိုင်း၊ မြန်မာအပါအဝင် တခြားနိုင်ငံတွေနဲ့ နှစ်နိုင်ငံချင်းစီရော နိုင်ငံစုံပါ ပူးပေါင်းဆောင်ရွက်မှုတွေကို တက်တက်ကြွကြွလုပ်နေပါတယ်လို့ တရုတ်အစိုးရ ပြောခွင့်ရက ပြောသွားတာဖြစ်ပါတယ်။ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကို တားဆီးနိုင်ဖို့၊ အွန်လိုင်းလောင်းကစား နဲ့ လိမ်လည်မှုတွေကို အမြစ်ပြတ်နှိမ်နင်းပြီး လူတွေရဲ့ အသက်အိုးအိမ်တွေကိုကာကွယ်နိုင်ဖို့၊ ဒေသတွင်း အခြေအနေတည်ငြိမ်နေဖို့ အားလုံးနဲ့အတူ လက်တွဲလုပ်နေပါတယ်လို့ တရုတ်ဘက်က ပြောကြားခဲ့ပါတယ်။

မြန်မာ၊ ထိုင်း၊ တရုတ် ၃ နိုင်ငံပေါင်း ကြိုးပမ်းမှုနဲ့ မြန်မာနိုင်ငံထဲမှာ ရာဇဝတ်လုပ်ငန်းတွေလုပ်နေတဲ့ တရုတ်နိုင်ငံသား စုစုပေါင်း ၆၀၀ ပြန်ပို့ရေးလုပ်ငန်းတွေ ဒီနေ့ စတင်ပါတယ်။ ပထမအသုတ်အနေနဲ့ တရုတ် ၂၀၀ ကို လူသားချင်းစာနာမှုနဲ့ ထိုင်းဘက်ကတဆင့် ပြန်ပို့ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန် ပါတယ်။ သူတို့ကို တရုတ်နိုင်ငံမှာ ဥပဒေနဲ့အညီတရား စွဲမှာဖြစ်ပြီး ကြာသပတေးနေ့ကနေ စနေနေ့ အထိဆက်တိုက်ပို့ဆောင်သွားမှာဖြစ်တယ်လို့ Tak တတ်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောဆိုကြောင်း Bangkok Post သတင်းစာကရေးသားထားပါတယ်။ မြန်မာနိုင်ငံဘက်ခြမ်းကနေ အွန်လိုင်းငွေလိမ် လုပ်ငန်းတွေမှာ ဖမ်းဆီးခိုင်းစေခံထားရသူတွေထဲက ၇,၀၀၀ ထောင်လောက်ကို ထိုင်းနိုင်ငံဘက်က လက်ခံယူဖို့ ပြင်ဆင်လုပ်ဆောင်နေတယ်လို့ ပြီးခဲ့ရက်ပိုင်းက ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှီ နာဝပ်ကပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG