သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေ မြန်မာကနေ ကယ်ထုတ်နိုင်ဖို့ လနဲ့ချီကြာနိုင်


မြန်မာနိုင်ငံအတွင်း တရားမဝင်, ဝင်ရောက်နေကြတဲ့ တရုတ်နိုင်ငံသား အယောက် ၃၀၀ ကို ပြန်လည်လွှဲပြောင်းပေးအပ်စဥ်။ (ဖေဖေါ်ဝါရီ ၂၁၊ ၂၀၂၅/ဓာတ်ပုံ-နေပြည်တော်)
မြန်မာနိုင်ငံအတွင်း တရားမဝင်, ဝင်ရောက်နေကြတဲ့ တရုတ်နိုင်ငံသား အယောက် ၃၀၀ ကို ပြန်လည်လွှဲပြောင်းပေးအပ်စဥ်။ (ဖေဖေါ်ဝါရီ ၂၁၊ ၂၀၂၅/ဓာတ်ပုံ-နေပြည်တော်)

ထိုင်းနိုင်ငံနဲ့နယ်စပ် မြန်မာဘက်က အွန်လိုင်းငွေကြေးလိမ်လည်တဲ့အဆောက်အဦးတွေမှာ ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေ ပြန်ပို့ဖို့ လနဲ့ချီကြာနိုင်တယ်လို့ ထိုင်းရဲချုပ်က ပြောလိုက်ပါတယ်။

ပိတ်မိနေတဲ့နိုင်ငံခြားသား သောင်းဂဏန်းလောက်ရှိနေသေးတဲ့အတွက် ကယ်တင်ပြန်ပို့နိုင်ဖို့ အချိန်ကြာ နိုင်တယ်လို့ ထိုင်းနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဌာန ဒါရိုက်တာ ရဲချုပ် Thatchai Pitaneelaboot ရဲ့အပြောကို ဗြိတိန်ထုတ် The Guardian သတင်းစာကြီးမှာ ကိုးကားဖော်ပြခဲ့ပါတယ်။ ရွှေကုက္ကိုနဲ့ KK Park နယ်မြေတွေမှာ တရုတ်ကျားဖြန့် ရာဇဝတ်ဂိုဏ်း (၃၀) နဲ့ (၄၀) ကြား လှုပ်ရှားနေ တယ်လို့ ခန့်မှန်းပြီး လောင်းကစားရုံ အဆာက်အဦးတွေအတွင်းမှာ အနည်းဆုံး တသောင်း (၁၀,၀၀၀) ကျော် ရှိနိုင်တယ်လို့ ရဲချုပ် Thatchai Pitaneelaboot က ပြောတာပါ။

လောင်းကစားရုံတွေထဲ အလုပ်လုပ်သူတွေထဲမှာ နိုင်ငံပေါင်း (၃၀) ကျော်က နိုင်ငံသားတွေ ရှိနေတာကို သိရှိထားပြီး အများစုက တရုတ်နိုင်ငံသားတွေ ဖြစ်တယ်လို့လည်း ပြောပါတယ်။ လူ အရေအတွက်ဟာ သုံးသောင်း၊ ငါးသောင်း၊ တသိန်းအထိလည်း ဖြစ်နိုင်တယ်လို့လည်း ထိုင်းရဲချုပ်က ခန့်မှန်းပါတယ်။ လောင်းကစားရုံတွေရှိတဲ့နေရာကို ထိန်းချုပ်ထားတဲ့ ကရင်နယ်ခြားစောင့်တပ် BGF အဖွဲ့ကလည်း လောင်းကစားရုံတွေက လူ တသောင်းလောက်ကို ပြန်ပို့မယ်လို့ ပြောဆိုထားပါတယ်။

ထိုင်း၊ တရုတ်၊ မြန်မာ (၃) နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုနဲ့ ရွှေကုက္ကိုနဲ့ KK Park နယ်မြေတွေက အွန်လိုင်း လိမ်လည်တဲ့လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေကို မနေ့ ဖေဖော်ဝါရီ ( ၂၀) ရက်က စတင်ပြီး တရုတ်ဘက်ကို ပြန်ပို့နေပါတယ်။ မြန်မာနဲ့နယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့လေဆိပ်ကတဆင့် တရုတ်နိုင်ငံကို တရုတ်လေယာဉ်တွေနဲ့ ပြန်ပို့နေတာပါ။

ဒီနေ့ သောကြာနေ့မှာ တရုတ် (၃၀၀) ကို ပြန်ပို့ ပေးခဲ့ပြီး မနေ့ ကြာသပတေးနေ့ကတော့ တရုတ် အယောက် (၂၀၀) ကို ပြန်ပို့ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ ၂၀၂၅ ဇန်နဝါရီ (၃၀) ကနေ ဖေဖော်ဝါရီ (၂၀) အထိ မြန်မာနိုင်ငံကို တရားမဝင်ဝင်ရောက်လာတဲ့ ပြည်ပနိုင်ငံသား (၁,၇၆၃) ယောက်ကို ထိန်းသိမ်းနိုင်ခဲ့ပြီး အဲဒီထဲက (၂၆၁) ယောက်ကို ထိုင်းနိုင်ငံကနေတဆင့် သက်ဆိုင်ရာနိုင်ငံတွေကို ပြန်ပို့ခဲ့တယ်လို့ ဖေဖော်ဝါရီ (၂၁) ရက် စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG