သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီနဲ့ ရုရှားကြား စာချုပ်များ အကျိုးမဲ့ကြောင်း NUG က ရုရှားကို စာပို့


တိုက်ရိုက် လင့်ခ်

စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်း ရုရှားအစိုးရနဲ့ ချုပ်ဆိုခဲ့တဲ့ သဘောတူညီချက်တွေဟာ အနာဂတ်အတွက် အာမခံချက်မရှိကြောင်း NUG အမျိုးသားညီညွတ်ရေး အစိုးရ က မနေ့ တနင်္လာနေ့က သဘောထားထုတ်ပြန်လိုက်ပါတယ်။ ရေရှည်အာမခံနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် အခုလို စစ်ကောင်စီနဲ့ ချုပ်တဲ့ စာချုပ်တွေဟာ အကျိုးမရှိကြောင်း ရုရှားအစိုးရကို စာရေးသားပေးပို့ထားတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဗွီအိုအေကိုပြောပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားခရီးစဉ်နဲ့ ပတ်သက်လို့ NUG အစိုးရ သဘောထားတုံ့ပြန်ချက်ကို မအင်ကြင်းက Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ ဒီရုရှား ရုရှား အစိုးရဆီကို အခု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ NUG ဘက်က စာရေးသား ပေးပို့ထားတာနဲ့ ပတ်သက်ပြီးတော့ ရှင်းပြပေးပါဦးရှင့်။

ဒေါ်ဇင်မာအောင်။ ။ အော် ဟုတ်ကဲ့။ အဓိက ကတော့ ဒါ ကျမတို့ ခရီးစဉ် နောက်ဆုံး ခရီးစဉ် ပြီးသွားတဲ့ အချိန်ကို ကျမတို့ အစ အဆုံး သေချာလေး စောင့်ကြည့်တယ်။ ချုပ်ဆိုထားတဲ့ စာချုပ်တွေ၊ ဆွေးနွေးတဲ့ ဆွေးနွေးချက်တွေရဲ့ အတိမ်အနက်တွေ ပေါ့နော် ဘယ်လောက်ထိ ဖြစ်နိုင်ခြေ ရှိလဲ၊ မရှိဘူးလဲ ဆိုတဲ့ သုံးသပ်ချက်တွေ အပါအဝင်ပေါ့လေ ကျမတို့ နီးနီးကပ်ကပ် ဒီခရီးစဉ်ကို စောင့်ကြည့်လေ့လာပြီးတော့မှ စာရေးသား ပေးပို့ခဲ့တာ ဖြစ်တယ်ပေါ့နော်။ ဆိုတော့ အဓိက စာထဲမှာကတော့ ကျမတို့တွေက ဒီ စိုးရိမ် မကင်း ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရယ်၊ နောက်ပြီးတော့ အထူးသဖြင့်တော့ ဒီ ရုရှား အစိုးရနဲ့ စစ်ကောင်စီနဲ့ ပြုလုပ်ခဲ့တဲ့ ဒီ သဘောတူညီချက်တွေနဲ့ ပတ်သက်လို့တော့ လာမယ့် အနာဂတ်မှာ အာမခံနိုင်မှာ မဟုတ်ဘူး၊ လူထု အစိုးရ လက်ထက်မှာပေါ့နော် ဆိုတဲ့ ကိစ္စမျိုးတွေကို ကျမတို့ အဓိက ထားပြီးတော့ ဟိုက်လိုက် လုပ်တယ်။ ရေရှည် ၂ နိုင်ငံ ဆက်ဆံရေးနဲ့ ပေါ့နော် အာမခံတဲ့ ဆက်ဆံရေးမျိုး ရှိဖို့ ဆိုရင်တော့ ဒီပေါ့နော် ဒီ ရင်းနှီးမြှုပ်နှံတဲ့ သူတွေ အတွက်ကော ဒီ မဟာဗျူဟာ အရပေါ့နော် အာမခံနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှိဖို့ ဆိုလို့ ရှိရင် အခုလိုမျိုး တရားမဝင် စစ်ကောင်စီနဲ့ သဘောတူညီမှုတွေ လုပ်တယ်ဆိုတာက အကျိုးရှိမှာ မဟုတ်ဘူးဆိုတဲ့ဟာကို ကျမတို့ အဓိက ထားပြီး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အဲတော့ ရေရှည်မှာ ၂ နိုင်ငံ ဆက်ဆံရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကို သေချာ စေချင်တယ် ဆိုလို့ ရှိရင်တော့ အကြမ်းဖက် စစ်ကောင်စီ အလွန်ကာလ အရပ်သား အစိုးရများ ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ခံရတဲ့ အစိုးရတွေနဲ့ မှသာလျင် ဆက်သွယ်ဆောင်ရွက်ဖို့ အဓိက ထားပြီး ဖော်ပြတာ ဖြစ်ပါတယ်။

အင်ကြင်းနိုင်။ ။ အခု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားနဲ့ ဘဲလာရုစ် ခရီးစဉ်မှာ ပြောသွားတယ်ပေါ့နော် မြန်မာနိုင်ငံမှာ ဒီနှစ် အကုန် ဒါမှမဟုတ် နောက် နှစ်ဆန်းပိုင်းလောက်ကို သူတို့ ရွေးကောက်ပွဲ လုပ်မယ်၊ အဲဒီ ရွေးကောက်ပွဲကို ရုရှား အကူအညီနဲ့ သူ ကျင်းပသွားမယ် ဆိုတာ ပြောသွားတော့ တကယ်တန်း ဒီ အာဆီယံရော ကုလသမဂ္ဂ ရောက ထောက်ပြထားတယ် ဒီအချိန်က ရွေးကောက်ပွဲ လုပ်လို့ မရဘူးဆိုတာ ပြောထားရဲ့သားနဲ့ စစ်ကောင်စီ အကြီးအကဲက အဲလို အတင်း လုပ်သွားမယ်ဆိုရင် အခြေအနေက ဘယ်လို ဖြစ်လာနိုင်မလဲရှင့်။

ဒေါ်ဇင်မာအောင်။ ။ အဲ သူပြောသွားတဲ့ အချိန်လည်း ကျမတို့ သေချာ ကြည့်တဲ့ အချိန်ကျတော့ ဒီနှစ်ကုန် နောက်နှစ်ဆန်း ဆိုပြီးတော့ သူပြောသွားတာမျိုး ရှိပါတယ်။ ဆိုတော့ ကျမတို့ အနေနဲ့ကတော့ သူ ဘယ်လိုပဲ ရွေးကောက်ပွဲကို လုပ်ဖို့ ကြိုးစား ကြိုးစား ပေါ့နော် ဆောင်ရွက် ဆောင်ရွက် ဒီ ရွေးကောက်ပွဲက ဘယ်သော အခါမှ အကြမ်းဖက် စစ်ကောင်စီရဲ့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ပယ်ဖျက်နိုင်တဲ့ ရွေးကောက်ပွဲမျိုးတော့ မဟုတ်ပါဘူး။ accountable ယူရမယ့် ဟာတွေက ယူရမှာဘဲ ဖြစ်ပါတယ်။ နောက် ဒုတိယ တချက်က ကျတော့ ဒီ ရွေးကောက်ပွဲက မြန်မာပြည် အတွက် အဖြေ မဟုတ်ဘူးဆိုတာကတော့ ခုန ပြောသလိုဘဲ ပေါ့နော် အာဆီယံ ခေါင်းဆောင်များကတောင်မှ သိရှိ နားလည်ထားပြီးသား ဖြစ်တယ်။ အာဆီယံရော ကုလသမဂ္ဂ ရောပေါ့နော်။ တခြားသော မြန်မာ့ အရေးကို ကူညီဆောင်ရွက်လိုတဲ့ အားပေးလိုတဲ့ နိုင်ငံ အသီးသီးကလည်း ဒါ အဖြေ မဟုတ်ဘူးဆိုတာကို သူတို့ ရပ်တည်ချက်တွေကိုပေါ့နော် ပွင့်ပွင့်လင်းလင်း ပြောဆိုထားပြီး ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ကျမ မြင်ပါတယ် ဒီဟာက သူ အခုမှ ထုတ်ပြီးတော့ ပြောတာပေါ့လေ။ ရုရှားတို့ ဘဲလာရုစ်တို့ ကတော့ အစောကြီး ကတည်းက သူတို့ ဆက်ဆံရေး ရှိထားပြီးသား နိုင်ငံတွေလည်း ဖြစ်တဲ့ အခါကျတော့ ဒီ အချက်တွေ အလက်တွေ အပေါ်မှာ သူကတော့ ဒီနိုင်ငံကို သွားရင် ဖြစ်ဖြစ် ဘယ်နိုင်ငံကိုဘဲ သွားသွား သူ ရွေးကောက်ပွဲ လုပ်မယ်၊ ဘာလုပ်မယ်ဆိုတာ တောက်လျောက် ပေါ့နော် တရုတ်ကို သွားတုန်းကလည်း ပြေတာဘဲ။ ဆိုတော့ အဖြေ မရခဲ့တာသည်သာ ရှိတာပေါ့နော်။ အခု ဒီ ရုရှား၊ ဘဲလာရုစ် ဆိုတာတော့ ပုံစံ တမျိုးနဲ့ ထောက်ခံမယ် ဆိုလို့ ရှိရင် တောင်မှဘဲ ကျမတော့ ဖြစ်အောင် လုပ်ပါစေဦး လို့ဘဲ ပြောရမှာပေါ့နော်။ ရွေးကောက်ပွဲကိုလေ။

အင်ကြင်းနိုင်။ ။ အဲတော့ ဖြစ်အောင် လုပ်ပါစေဦး ဆိုတဲ့ အနေအထားမှာ သူတို့ဘက်က ဘယ်လို ပုံစံမျိုး ဖန်တီးနေလဲ၊ အဲဒါက လက်တွေ့ အခြေအနေနဲ့ရော ဘယ်လိုမျိုး ကင်းကွာနေသလဲပေါ့နော် ဒါ …

ဒေါ်ဇင်မာအောင်။ ။ အဲဒါကြောင့် ပြောတာပေါ့နော်။ ဒါ လက်တွေ့ အခြေအနေနဲ့ ကင်းကွာနေတဲ့ အတွက်ကြောင့်မို့လို့ သူတို့ကတော့ ကျမမြင်တယ် ဒါက မြန်မာပြည်ရဲ့ ရွေးကောက်ပွဲပဲ လုပ်လုပ် ဘယ်လိုမျိုးသော နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အခင်းအကျင်းကို ဖန်တီး ဖန်တီး မြန်မာ တနိုင်ငံလုံး ကြုံတွေ့နေရတဲ့ အခက်အခဲ အကြပ်အတည်းတွေကို ကျော်လွှားနိုင်မယ့် အဖြေရှာမှုမျိုး ဖြစ်ဖို့ လိုတယ်လေ။ လူ တဦး တယောက်ဘဲ ထွက်ပေါက် ရသွားဖို့လို့ သူ့ ထွက်ပေါက်ကို ရှာတဲ့ အဖြေမျိုးဘဲ ဆိုရင်တော့ ဒါက ကျမတို့ အတွက် စိတ်ဝင်စားစရာလည်း မကောင်းဘူးပေါ့နော်။ ကျမတို့ အတွက်ဆိုတာ ပြည်သူ လူထု အတွက်ပေါ့။ ဒီ တော်လှန်ရေး အတွက်တော့ ဘာမှတော့ စိတ်ဝင်စားစရာ ကောင်းတဲ့ အဖြေမျိုး မဟုတ်ဘူး။ ဒါကြောင့်မို့လို့ ကျမ ပြောချင်တာကတော့ ဖြစ်နိုင်ခြေ ကတော့ အခုလို သူ လုပ်စရာ Process တွေ ၊ ရွေးကောက်ပွဲ လုပ်မယ် ဆိုလို့ ရှိရင် လုပ်စရာ Process တွေ အများကြီး။ ကုန်ကျစာရိတ်တွေလည်း အများကြီး ရှိတယ်။ ဆိုတဲ့ အနေအထားမျိုးတွေပေါ့နေ။ နောက်တခုက နယ်မြေ ဒေသ တည်ငြိမ်အေးချမ်းရေးပေါ့။ ရွေးကောက်ပွဲ ဆိုတဲ့ သဘောသဘာ၀ ကိုယ်နှိုက်ကိုယ်က ပြိုင်ဆိုင်မှု ပြင်းထန်တယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေ ဆိုတာ တည်ငြိမ်နေတဲ့ အချိန်မှာတောင်မှ ဖြစ်လေ့ ဖြစ်ထ ရှိတယ်။ အဲတော့ အခုလို လက်နက်ကိုင် တော်လှန်ရေး တိုက်ပွဲတွေ ဖြစ်နေတဲ့ အခြေအနေမျိုးမှာ ဇွတ်တွန်းလုပ်မယ် ဆိုရင်တော့ ဒါ တိုင်းပြည်ကို နောက်ထပ် ပဋိပက္ခ တခုတည်းကို ရောက်သွားအောင် လုပ်တဲ့ ကြိုးစားအားထုတ်မှုလို့ဘဲ ကျမတို့ ပြောရမှာ ဖြစ်ပါတယ်။

အင်ကြင်းနိုင်။ ။ ဒီခရီးစဉ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောသွားတာက အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယူမှု ကိစ္စပေါ့နော်။ အဲဒီမှာ သူက ရုရှားနဲ့ ပတ်သက်ပြီးတော့လည်း ပြောသွားတော့ ဒီ အနောက်နိုင်ငံတွေ ဘက်က ပိတ်ဆို့ အရေးယူခြင်း အားဖြင့် သူတို့ နိုင်ငံတွေ အချင်းချင်းပေါ့၊ ပိတ်ဆို့ အရေးယူ ခံရတဲ့ နိုင်ငံတွေ အချင်းချင်းက ပိုပြီးတော့ ညီညွတ်သွားတယ် ဆိုတာမျိုး ထုတ်ပြောသွားတယ် ဆိုတော့ အဲလိုမျိုး ဒီ အနောက်နိုင်ငံတွေ ပိတ်ဆို့ အရေးယူတာ ထိရောက်မှု မရှိဘူးဆိုတဲ့ သဘောမျိုးရော ယူဆလို့ ရလား။

ဒေါ်ဇင်မာအောင်။ ။ ထိရောက်မှု ရှိလို့ကို သူတို့ အချင်းချင်း ပေါင်းရတဲ့ သဘောလို့ ကျမတော့ မြင်တယ် ပေါ့နော်။ ထိရောက်မှု မရှိရင် ဘယ်သူ့ ဘယ်သူမှ အဖော် ရှာနေစရာ မလိုဘူးလေနော်။ ကိုယ့်တနိုင်ငံတည်း ရင်ဆိုင်ပေါ့။ သဘောကလေ။ ဆိုတော့ ကျမ မြင်တာ အဲဒီမှာကိုက အဖြေရှိတယ်လို့ ကျမ မြင်ပါတယ်။ ဘာလို့လဲ ဆိုတော့ statistically အချက်အလက်တွေ အရရော မင်းအောင်လှိုင် အသိဆုံး ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတဲ့ အခါကျတော့ အခု သူတို့ ရုရှားက နေပြီးတော့ စစ်လက်နက် ပစ္စည်း ဝယ်ဖို့ဘဲ ဖြစ်ဖြစ် ငွေပေးချေ ရတာ US ဒေါ်လာ နဲ့ ပေးချေ ရတာ ဖြစ်တယ်။ နိုင်ငံတကာ currency မှာ။ ဒါကြောင့် မို့လိုဘဲ ဒီ စီးပွားရေး ပိတ်ဆို့ခံထားရတဲ့ နိုင်ငံတွေနဲ့ရော ခုန ပြောသလို စီးပွားရေး ပြိုင်ဆိုင်နေတဲ့ ခုန BRICS လို အဖွဲ့မျိုးတွေက US ဒေါ်လာကို အစားထိုးကြဖို့ ကြိုးစားနေကြတာ ဖြစ်တယ်ပေါ့နော်။ international currency မှာ။ ဒါကတော့ တခြား another story ပါ။ ပြောရမယ် ဆိုလို့ ရှိရင်။ ဒါပေမဲ့ ဒါက ဆက်စပ်မှု ရှိတာကို ကျမ ပြောချင်တာပါ။ ဒီ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေဟာ သူတို့တွေရဲ့ စစ်လက်နက် ဝယ်ယူမှု၊ နောက်ပြီးတော့ ဝယ်ယူတဲ့ နေရာမှာ ပေးချေရတဲ့ ငွေပေးချေမှုကို အကြီးအကျယ် ထိခိုက်မှု ရှိတာတော့ အမှန်ပါပဲ။ ဒါကြောင့်မို့လို ကျမတို့ ပြီးခဲ့တဲ့ နှစ်တွေတုန်းက ဆိုရင် လေယာဉ် နဲ့ ဗုံကျဲ။ အခုမှသာ အခု ၂ လ ၃လ အတွင်းတော့ နည်းနည်း ပြန်တက်လာတယ်ပေါ့။ ဒီလို လေယာဉ်နဲ့ တနိုင်ငံလုံး ဗုံးကျဲ တိုက်ခိုက်တဲ့ ကိစ္စ ၊ ဒီ တွေပေါ့နော် Paramotor သုံးပြီးတော့ တိုက်ခိုက်လာတဲ့ ကိစ္စတွေ ပိုများလာတယ်။ အဲဒီတော့ Paramotor က ပြောရမယ် ဆိုလို့ ရှိရင် ခုနက jet fuel ထက် သုံးဖို့လို့ပေါ့နော် တဝက်လောက် လျှော့ပြီး သုံးရတယ်လို့ ပြောတယ် Paramotor ကို သုံးခြင်း အားဖြင့်။ ဆိုလိုတာက jet fuel တို့ဘာတို့ သုံးတဲ့ ပမာဏကို လျှော့ပြီးတော့ လေယာဉ်လောင်စာဆီ မသုံးဘဲနဲ့ တိုက်ခိုက်မယ့် နည်းလမ်းတွေကို သူတို့ အစားထိုး ပြီးတော့ ရှာဖွေ လာရတဲ့ အထိပေါ့နော်။ ခုနက jet fuel တွေနဲ့ ပတ်သက်လို့၊ စီးပွားရေး ပိတ်ဆို့တာတွေနဲ့ ပတ်သက်လို့ ထိရောက်မှု ရှိခဲ့တာကို တွေ့ရပါတယ်။

အင်ကြင်းနိုင်။ ။ အဲတော့ အခု ဒီလို ရုရှားက မြန်မာ စစ်ကောင်စီနဲ့ လက်နက် ရောင်းဝယ်ရေးမှာလည်း ဆက်စပ်နေတဲ့ အနေအထားမှာ အခု နျူးကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်တဲ့ အခါမှာ သူတို့က လျှပ်စစ် ဓာတ်အား ထုတ်လုပ်ဖို့ ဆိုပြီးတော့ ပေါ့လေ ပြောထားတယ် ဆိုပေမဲ့ ဒါဟာ တကယ်ဘဲ အခုအချိန်မှာ နျူးကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ခြင်း အားဖြင့် တကယ်ဘဲ အကျိုးဖြစ် စေမလား၊ ဒါမှမဟုတ် လူတွေ အတွက် ပိုပြီးတော့ အန္တရာယ် ဖြစ်စေမလား။ ဒေသတွင်း အတွက်ပါ။

ဒေါ်ဇင်မာအောင်။ ။ တခွန်းတည်း ပြောရရင်တော့ ဒေသတွင်း အတွက်ရော၊ တိုင်းပြည် အတွက်ရော ဆိုးကျိုးကိုသာ ဖြစ်စေမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ နျူးကလီးယား နည်းပညာကို အသုံးပြုတယ်ဆိုတာ တာဝန်ယူမှု တာဝန်ခံမှုလည်း ရှိရတယ်။ နိုင်ငံရေးလည်း တည်ငြိမ်ရတယ်။ credible ဖြစ်ရတယ်ပေါ့။ နိုင်ငံတကာ စာချုပ်စာတမ်းတွေ ဥပမာ - IAEA လိုမျိုး အစရှိသဖြင့်ပေါ့။ ဒီလိုမျိုး အဖွဲ့ဝင် အဖြစ်နဲ့သွား - သူက Process တွေ အများကြီး ရှိပါတယ်။ နျူးကလီးယား နည်းပညာကို သုံးနိုင်ဖို့ ဆိုလို့ရှိရင် ပေါ့နော်။ ဒါက ၁ အချက်။ နည်းပညာနဲ့ ပတ်သက်လို့။ နောက် ဒုတိယ တချက်က ကျတော့ ဒီဟာက အခု သဘောတူ အခုလာပြီးတော့ ရင်းနှီးမြှုပ်နှံပြီး တည်ဆောက်လို့ ရတဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ ပြင်ဆင်ရတယ်။ ဆောင်ရွက်ရတဲ့ Process တွေက အများကြီး ရှိပါတယ်။ ဆိုတော့ ၁ အချက်က ကျမတို့ တာဝန်ယူမှု တာဝန်ခံမှု ဆိုင်ရာ ရှုထောင့် အရရော၊ အခုလိုမျိုး ကိုယ့်လူထုကို ကိုယ်ပြန်ပြီးတော့ ညှဉ်းပန်းနှိပ်စက်နေတဲ့ အကြမ်းဖက်နေတဲ့ အစိုးရ လက်ထက်မှာ စစ်ကောင်စီ လက်ထက်မှာ တည်ဆောက်မယ် ဆိုတဲ့ဟာက ဒါ ကျမတို့ အတွက် စိုးရိမ်စရာ ကောင်းတယ်။ ဒေသတွင်း အတွက်လည်း စိုးရိမ်စရာ ကောင်းတယ်။ ဒီ အာဏာရှင်တွေ လက်ထဲကို နောက်ထပ် နျူးကလီးယား နည်းပညာ အခုပေါ့နော် လျှပ်စစ် ကိုဘဲ အကြောင်းပြပြ၊ ဘယ်အရာကိုဘဲ အကြောင်းပြပြ၊ နည်းပညာတွေ ရောက်သွားတယ်ဆိုတာက လက်ခံနိုင်စရာ အကြောင်း မရှိဘူးလို့ဘဲ ကျမ ပြောချင်တယ်။ နိုင်ငံရေး အရ အာမခံမှု ပေါ့နော်၊ ဥပဒေကြောင်းတွေ အရ accountable ဖြစ်တဲ့ အစိုးရ၊ လူထုကို တကယ် ကိုယ်စားပြုတဲ့ အစိုးရတွေ မတက်လာ မချင်း ဒီလိုမျိုး သဘောတူမှုတွေက မလုပ်သင့်ဘူးလို့ ကျမတို့ မြင်တယ်ပေါ့နော်။ ဆိုတော့ ဒါကြောင့် ဒါက ၁ အချက်။ နောက် ဒုတိယ အချက်က ကျတော့ ဒီဟာကို အခု MOU တွေ ထိုးတယ်ဆိုတာလည်း အချိန် မရွေး ပျက်ပြယ်သွားနိုင်တဲ့ အနေအထားမျိုး ရှိတယ်။ ဒါဘာ guarantee မှ ရှိတဲ့ သဘောတူညီချက်မျိုးတော့ မဟုတ်ဘူး။ ကနဦး သဘောတူညီချက်တော့ မှန်ပေမဲ့ Process တွေ လုပ်ရဦးမယ့် အနေအထားမျိုးမှာပေါ့နော်။ အချိန်ကာလလည်း တော်တော်တော့ ကြာမြင့်ဦးမယ့် သဘောတော့ ပြောလို့ရတယ်။ ဒါပေမဲ့ တဖက်မှာတော့ စစ်ကောင်စီ အနေနဲ့ သူ့အတွက် ပြောရရင်တော့ သူ့တပ်ကို သူ ပြန်စည်းရုံးဖို့၊ စိတ်ဓာတ်ကျနေတဲ့ တပ်ကို ပြန်စည်းရုံးဖို့ ကောင်းတဲ့ အချက်တချက် ဖြစ်သွားတာကလွဲလို့ ကျန်တဲ့ တကယ့် realistically တကယ့် လက်တွေ့ ဖြစ်နိုင်ခြေနဲ့တော့ တော်တော်လေးတော့ ကင်းကွာနေတဲ့ အနေအထားမျိုး ဖြစ်သလို ကျမတို့ လက်ခံလို့လည်း မရတဲ့ ကိစ္စမျိုး ဖြစ်ပါတယ်။




XS
SM
MD
LG