အမေရိကန်ပြည်ထောင်စုမှာ စီအိုင်အေ ဗဟိုထောက်လှမ်းရေးက လုပ်ရပ်တခုကို တရားရေးဌာနက စုံစမ်းသိရပါတော့မယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဗွီအိုအေ သတင်းထောက် မာဂရက်ဘယ်ချာ (Margaret Besherr) သတင်းပေးပို့ထားတာကို ဒေါ်အေးသန္တာကျော်က တင်ပြထားပါတယ်။
စီအိုင်အေကနေပြီးတော့ သူတို့ရဲ့ လုပ်ဆောင်ချက်ကို လိုက်ဖုံးပေး ခဲ့တယ်လို့ တချို့ ဥပဒေပြုအမတ် တွေက စွပ်စွဲကြပြီးတော့ လွတ်တော် ဒီမိုကရက် အမတ်တွေကလည်း ပြင်းပြင်းထန်ထန်တောင်းဆိုကြတာမို့လို့ အခုလို ပဏာမ စစ်ဆေးမှု လုပ်မယ့်ကိစ္စ ပေါ်ပေါက်လာရတာပါ။
စီအိုင်အေက အဲဒီတိတ်ခွေတွေကို ၂၀၀၅ ခုနှစ်မှာ ဖျောက်ဖျက်ပစ်ခဲ့တာလို့ အစောပိုင်းတုန်း က အသိအမှတ်ပြု ပြောဆိုသွားတဲ့ စီအိုင်အေ ညွှန်ကြားရေးမှူး မိုက်ကယ်လ် ဟယ်ဒင် (Michael Hayden) က အခု စုံစမ်းစစ်ဆေးမယ့် အစီအစဉ်ကို ကြိုဆိုပါတယ်။ စီအိုင်အေ ဘက်က အပြည့်အ၀ ပူးပေါင်းပါဝင်မယ်ဆိုတဲ့အကြောင်း ပြောသွားပါတယ်။
အကြမ်းဖက်မှုနဲ့ သံသယဖြစ်ခံရပြီးတော့ အဖမ်းခံထားရသူတွေကို စစ်ဆေးမေးမြန်းတဲ့ အခါမှာ သုံးတဲ့နည်းလမ်းတွေဟာ နှိပ်စက်ညှင်းပမ်းတဲ့နည်းလမ်းတွေ သုံးတယ်ဆိုပြီးတော့ ဝေဖန်ခံရတဲ့ အဲဒီတိတ်ခွေကို စီအိုင်အေက ရိုက်ကူးခဲ့တယ်။ ပြီးတော့ ဖျက်ဆီးပစ်ခဲ့တယ်လို့ မစ္စတာ ဟယ်ဒင် ပြောဆိုသွားပြီး ရက်ပိုင်းအတွင်းမှာပဲ အခုလို ဒီကိစ္စရပ်ကို စုံစမ်းဖော်ထုတ်မယ့် ဆုံးဖြတ်ချက် ကျလာတာပါ။
လျို့ဝှက်ထောက်လှမ်းရေး စီမံကိန်းတွေရဲ့ အကြီးအကဲက စီအိုင်အေရဲ့ ရှေ့နေရှေ့ရပ် တွေနဲ့ မတိုင်ပင်ပဲ ဒီတိတ်ခွေတွေ ဖျောက်ဖျက်ပစ်ခံလိုက်တာလို့ ဆိုပါတယ်။ ဒီလို တိတ်ခွေ ဖျောက်ဖျက်ပစ်တာဟာ အကြမ်းဖက်မှုနဲ့ မသင်္ကာလို့ ဖမ်းထားသူတွေကို အနိုင်ကျင့် နှိပ်စက်တယ်ဆိုတဲ့ သက်သေအထောက်အထားတွေကို ဖုံးဖိဖို့များ တရားဥပဒေနဲ့ မညီပဲ လုပ်ဆောင်နေတာလားဆိုတာ တရားရေးဌာနအနေနဲ့ စုံစမ်းဖော်ထုတ်ပေးဖို့ ကွန်ကရက်က ဒီမိုကရက်အမတ်တွေက တောင်းဆိုထားပါတယ်။
အခုလို စွပ်စွဲချက်တွေဟာ တကယ်ပြင်းထန်တဲ့ စွပ်စွဲချက်တွေပဲလို့ ဥပဒေ ပါရဂူ ဂျော်နယ်လ်သန် ဒါလီ (Jonathan Turley) က ပြောပါတယ်။
“တကယ်ပြင်းထန်တဲ့ စွပ်စွဲချက်တွေပါပဲ။ ရာဇဝတ်မှု ခြောက်ခုလောက်ကို မြောက်ပါတယ်။ ကွန်ကရက်ကို မထေမဲ့မြင်ပြုမှု၊ တရားရေးဌာနရဲ့ အမိန့်ကို ဖီဆန်မှု၊ သက်သေအမှားတွေ ထွက်ဆိုမှု၊ အမှားတွေကို သက်သေခံမှု အဲလိုအမှုတွေနဲ့ သွားကိုက်ပါတော့တယ်။”
အယ်လ်ကိုင်ဒါနဲ့ ဒုတိယခေါင်းဆောင်တစ်ယောက်ကို ဖမ်းဆီးပြီးတော့ လျို့ဝှက် ထိန်းသိမ်း ထားခဲ့တယ်။ စစ်ဆေးမေးမြန်းပြီးတော့ ၂၀၀၂ ခုနှစ်မှာ ဗွီဒီယိုတွေ ရိုက်ကူးထားခဲ့တာလို့ စီအိုင်အေ ညွှန်ကြားရေးမှူး ဟယ်ဒင်က ပြောပါတယ်။
အဲဒီနှစ်နောက်ပိုင်းမှာတော့ ဗွီဒီယို ရိုက်ကူးတဲ့ကိစ္စ ဆက်မလုပ်တော့ပါဘူး။ စစ်ဆေးမေးမြန်း ခဲ့တဲ့သူတွေ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ လျို့ဝှက်ထားဖို့အတွက် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ တိတ်ခွေတွေကို ဖျက်ဆီးပစ်ခဲ့တာလို့ မစ္စတာဟယ်ဒင်က စီအိုင်အေ ဝန်ထမ်းတွေကို လိပ်မူရေးသားတဲ့ စာထဲမှာ ပြောထားပါတယ်။
အကြမ်းဖက်သမားလို့ သံသယရှိပြီးတော့ ဖမ်းဆီးထားသူအပေါ် ဆက်ဆံမှုနဲ့ ပတ်သက်ပြီး သမ္မတ ဘွတ်ရှ်အစိုးရကို ပြည်တွင်းပြည်ပ ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။ ဒါပေမယ့် အခုကိစ္စကိုတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က လူသိရှင်ကြား ပေါ်ပေါက်မလာခင် အချိန်အထိ ဒီတိတ်ခွေတွေရဲ့ အကြောင်းကိုရော သူတို့ကို ဖျောက်ဖျက်ပစ်တဲ့ ကိစ္စကိုရော သမ္မတဘွတ်ရှ်က လုံးဝပြန်ပြီးတော့ စဉ်းစားလို့ မရပါဘူးလို့ အိမ်ဖြူတော်ရဲ့ ပြောခွင့်ရ အမျိုးသမီးက သောကြာနေ့ ပြောသွားပါတယ်။