သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာလီ ရာသီဥတုညီလာခံ သောင်မတင်ရေမကျ အခြေအနေဆိုက်ရောက်နေ


အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပ သမဂ္ဂတို့ကြား ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့ လျှော့ချရေးနဲ့ ပတ်သက်ပြီး ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေတဲ့ အခြေအနေ တွေက ဆွေးနွေးပွဲ မအောင်မမြင် အခြေအနေကို ဆိုက်ရောက် သွားလိမ့်မယ်လို့ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံ အကြီးအကဲက သတိပေး ပြောဆိုလိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း ညီလာခံ ကနေ ဗွီအိုအေ သတင်းထောက် NANCY-AMELIA COLLINS သတင်းပေးပို့ ထားတာကို ကိုအောင်လွင်ဦး ကတင်ပြထားပါတယ်။

ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဒီညီလာခံကြီး စတင်တုန်းက ရာသီဥတု ဖောက်ပြန်မှုတွေကို တိုက်ဖျက်ရေး ကျိုးပမ်းမှု အသစ်တွေကို ဆွေးနွေး ညှိနှိုင်းတဲ့ အဆင့်သာ ပြုလုပ်မယ်လို့ ပြောဆို ထားကြတာပါ။ လာမယ့် သက္ကရာဇ် ၂၀၁၂ ခုနှစ်မှာ သက်တမ်း ကုန်ဆုံးမယ့် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ကျိုတို သဘောတူညီချက်ကို အသစ် အစားထိုး ရေးဆွဲဖို့ ရည်ရွယ်ပြီး ဒီလို ဆွေးနွေးမှုတွေ လုပ်ခဲ့ကြတာပါ။

ဒါပေမဲ့လည်း ဖန်လုံအိမ် အာနိသင် ဓာတ်ငွေ့တွေ လျှော့ချဖြတ်တောက်ရေး တိကျတဲ့ ရည်မှန်းချက်တွေ ချမှတ်သင့် မသင့် ကိစ္စအပေါ် ဥရောပ သမဂ္ဂ နဲ့ အမေရိကန် ပြည်ထောင်စု တို့အကြား သဘောထားကွဲလွဲမှုတွေ ပေါ်ထွက် လာတာပါ။ ကုလသမဂ္ဂ က ကမကထလုပ် ကျင်းပတဲ့ ဒီအစည်းအဝေးကို ဦးဆောင်နေတဲ့ အီဗို ဒါ ဘိုအား (Yvo de Boer) ကတော့ အများဆန္ဒရှိနေတဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေကို ပျက်ပြား လောက်အောင် ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေရတယ်လို့ ဒီကနေ့ ကြာသပတေးနေ့မှာပဲ သတိပေး ပြောဆိုလိုက်တာပါ။

“ကျနော် ထင်တာကတော့ အမေရိကန် ပြည်ထောင်စု အတွက်ရော အားလုံးအတွက်ပါ အရေးကြီးတဲ့ ကိစ္စကတော့ ကျိုတိုသဘောတူညီချက် ၂၀၁၂ ခုနှစ်မှာ သက်တမ်း ကုန်ဆုံးတဲ့အခါ အသစ် အစားထိုးဝင်ရောက်လာမယ့် ရေရှည်ခံ ရာသီဥတုဆိုင်ရာ မူဝါဒတခု အချိန်မှီ အစားထိုး နိုင်မလား ဆိုတာပဲ ဖြစ်ပါတယ်။”

ဒီကနေ့မှာဆိုရင် အခြေအတင် ဖြစ်မှုတွေဟာ အမေရိကန် ပြည်ထောင်စုက စိတ်မပြောင်းဘူး ဆိုရင် ရှေ့လထဲမှာ အမေရိကန် ပြည်ထောင်စုက ကမကထ လုပ်မယ့် ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲတွေကို သပိတ်မှောက်ဖို့ ဥရောပ နိုင်ငံတွေက ခြိမ်းခြောက်ခဲ့တဲ့ အဆင့်အထိ ရောက်လာပါတယ်။ ဥရောပ သမဂ္ဂ နဲ့ ညီလာခံကို တက်ရောက်လာတဲ့ နိုင်ငံပေါင်း ၁၉၀ က ပါဝင်သူ အများစုကတော့ ကာဗွန်ဓာတ်ငွေ့တွေ ၂၅ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းအထိ လျှော့ချ ဖြတ်တောက်ဖို့ ရည်မှန်းချက်တွေ ရှိနေတာပါ။ ကနေဒါ၊ ဂျပန် နိုင်ငံတွေနဲ့ အတူ အမေရိကန် ပြည်ထောင်စု ကတော့ ဒီကိစ္စကို သဘောမတူနိုင် ဖြစ်နေပါတယ်။

ကမ္ဘာကြီး ပူနွေးလာမှုကို ဆန့်ကျင်တိုက်ဖျက်ဖို့ စောစောစီးစီး ဆောင်ရွက်နိုင်ဖို့ သတ်မှတ်ချက်တွေ ချမှတ်ထားဖို့ အရေးကြီးတယ်လို့ ဥရောပ သမဂ္ဂ နဲ့ တခြားနိုင်ငံတွေက ပြောဆိုနေတာပါ။ အမေရိကန် ဖက်ကတော့ ဆွေးနွေးညှိနှိုင်းမှုတွေ စတင်ပြီးမှသာ သတ်မှတ်ချက်တွေ ချမှတ်သင့်တယ်လို့ ဆိုပါတယ်။ ကမ္ဘာပေါ်မှာ ဖန်လုံအိမ် အာနိသင် ဓာတ်ငွေ့တွေ ထုတ်လုပ်မှု အများဆုံးနိုင်ငံ ၂ ခုထဲက တခုဖြစ်တဲ့ အမေရိကန်ဟာ ကျိုတို သဘောတူညီချက်ကို လက်မှတ် ထိုးမထားတဲ့ အဓိက စက်မှုထွန်းကားတဲ့ နိုင်ငံတခုလည်း ဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ ကမ္ဘာကြီး ပူနွေးလာမှုဆိုင်ရာ တွေ့ရှိချက် အထောက် အထားတွေက နိုင်ငံအားလုံးအနေနဲ့ အလျှင်အမြန် ဆောင်ရွက်ချက်တွေ လုပ်ဆောင်ဖို့ လိုအပ်နေပြီဆိုတာ လက်ခံဖို့ ပြသနေပါပြီလို့ မစ္စတာ ဒါ ဘိုအား က ပြောပါတယ်။

“နိုင်ငံရေးသမားတွေ အနေနဲ့ ဒီကနေ အိမ်ပြန်သွားကြပြီး သိပ္ပံပညာရှင် အသိုင်းအဝိုင်းက ပြောဆိုနေတဲ့ အပေါ် နိုင်ငံရေးအရ အဖြေမပေးနိုင်ဘူး ဘာမှလည်း ရှင်းမပြနိုင်ဘူးဆိုတာ တကယ့်ကို ခက်ခဲမယ့် အခြေအနေမျိုးလို့ ကျနော် ထင်ပါတယ်။”

အမေရိကန် ပြည်ထောင်စု ကိုယ်စားလှယ်အဖွဲ့ အကြီးအကဲ ဒီမိုကရေစီရေးနဲ့ နိုင်ငံတကာ အရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ပေါ်လာ ဒိုဘရင်စကီး (Paula Dobriansky) ကတော့ သောကြာနေ့ ညီလာခံ မပြီးခင် ဘုံရပ်တည်ချက် တခု ညှိနှိုင်းရှာဖွေ နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

“ကျမတို့ ဒီကနေ့နဲ့ နောက်တနေ့တွေမှာ လုပ်စရာ အလုပ်တွေ ရှိပါသေးတယ်။ ကျန်နေသေးတဲ့ ကွဲလွဲမှုတွေကို ပေါင်းကူးပေးနိုင်မယ့် နောက် ဘာလီ လမ်းပြမြေပုံ နဲ့ ပတ်သက်လို့ ဘုံရပ်တည်ချက် ရနိုင်မယ့် နည်းလမ်း တခုတော့ ရှာနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။”

နောက်ထပ် သဘောကွဲလွဲမှု တခုကတော့ ဆင်းရဲတဲ့ နိုင်ငံတွေမှာ သန့်ရှင်းတဲ့ စွမ်းအင် အရင်းအမြစ်တွေနဲ့ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်တဲ့ နေရာမှာ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေအနေနဲ့ အကူအညီပေးဖို့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေက တောင်းဆိုနေတဲ့ ကိစ္စလည်း အပါအဝင် ဖြစ်ပါတယ်။

XS
SM
MD
LG