မကြာသေးခင်လတွေအတွင်းမှာ စစ်အစိုးရအပေါ်မှာ နိုင်ငံတကာရဲ့ ဖိအားတွေ လျော့ကျသွားတာဟာ စိတ်ပျက်ဖို့ ကောင်းတယ်လို့ အမေရိကန် နိုင်ငံခြားရေး
ဝန်ကြီး ကွန်ဒိုလီဇာရိုက်(စ်)က မနေ့က ပြောကြားသွားပါတယ်။
အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့စားပွဲဝိုင်းကို မြန်မာစစ်အစိုးရ ရောက်ရှိလာဖို့ ကုလသမဂ္ဂထဲမှာပဲဖြစ်ဖြစ်၊ တရုတ်နိုင်ငံလို အာရှက သြဇာရှိတဲ့ နိုင်ငံနဲ့ပဲဖြစ်ဖြစ် အမေရိကန်က ဆက်ပြီးတော့ ကြိုးစားသွားမယ်လို့ မစ္စ ရိုက်(စ်)က မနေ့က ပြောကြားသွားပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ သတင်းထောက် David Gollust သတင်းပေးပို့ထားတဲ့အတိုင်း ဦးရော်နီညိမ်းက အစီရင်ခံထားပါတယ်။
မနေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌါနရဲ့ တစ်နှစ်တာ လုပ်ငန်းတွေ ပြန်လည်သုံးသပ်ခြင်း သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး ကွန်ဒိုလီဇာရိုက်(စ်)က မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေဟာ သမ္မတ ဘုရှ်အစိုးရအတွက် မျက်စိဒေါက်ထောက် ကြည့်နေဖို့ ဖြစ်လာနေပြီးတော့ မြန်မာ့အရေးဟာ ကုလသမဂ္ဂထဲမှာပဲဖြစ်ဖြစ်၊ ဘယ်မှာပဲဖြစ်ဖြစ် ထပ်ချီထပ်ချီ တကျော့ပြီးတကျော့ ပြန်လာနေမယ့် ပြဿနာရပ်ကြီး ဖြစ်လာနေတယ်၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို နေရာတိုင်းမှာ ဖိအားပေးနေရမယ်လို့ ပြောကြားလိုက်ပါတယ်။
ထိန်းသိမ်းခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်အတွေး ဆွေးနွေးချက်တွေကို မြန်မာ စစ်ခေါင်းဆောင်တွေ နားထောင်ဖို့ကို အမေရိကန်က ဖြစ်စေချင်တယ်၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စတာ အီဘရာဟမ် ဂမ်ဘာရီ အပေါ်မှာ မြန်မာစစ်အစိုးရက မလေးမခန့်လုပ်မှုကို အဆုံးသတ်ဖို့ကိုလည်း အမေရိကန်က မြင်ချင်တယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီး ရိုက်(စ်)က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလက မြန်မာနိုင်ငံက ရဟန်းသံဃာတွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေကို မြန်မာစစ်အစိုးရက ဖြိုခွင်းနှိပ်ကွပ်မှုအပေါ် နိုင်ငံတကာက အာရုံစူးစိုက်မှု လျော့ကျလာတာနဲ့ ပတ်သက်ပြီး ဝန်ကြီးရိုက်(စ်)က အခုလို ပြောပြသွားပါတယ်။
“ မြန်မာနိုင်ငံက သံဃာတော်တွေ လမ်းတွေပေါ်မှာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြတဲ့အချိန်မှာ ဒီကုလသမဂ္ဂ အထွေထွေညီလာခံကြီး ကျင်းပတဲ့ အချိန်ပဲလို့ ကျမ သတိထားမိပါတယ်၊ နိုင်ငံတကာ မိသားစုကနေပြီးတော့ မြန်မာနိုင်ငံအရေးအတွက် တစ်ခုခုဆောင်ရွက်ကြဖို့ အားစိုက်ထုတ်မှုတွေလည်း ရှိခဲ့တာပါပဲ၊ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ နိုင်ငံတကာက ဒီလို အားစိုက်ထုတ်မှုတွေ ရှိပေမယ့် ကံမကောင်းစွာနဲပဲ ဒီအားစိုက်ထုတ်မှုတွေက ပျောက်ပျောက် သွားတတ်ပါတယ်။ မြန်မာနိုင်ငံအရေးအတွက် အားစိုက်မှုတွေ အပေါ်မှာ ဆက်ပြီးတော့ အာရုံစိုက်နေဖို့၊ နိုင်ငံတကာနဲ့ လက်တွဲပြီးတော့ ကြိုးစားသွားဖို့က ကျမတို့ အမေရိကန်ပြည်ထောင်စုရဲ့ ဝတ္တရားပါရှင်။”
မြန်မာ့အရေးမှာ မစ္စတာ ဂမ်ဘာရီရဲ့ အခန်းကဏ္ဍကို ပိုမို မြှင့်တင်ဖို့လိုတယ်လို့လည်း မစ္စရိုက်(စ်)က ဆိုပါတယ်။ မြန်မာ့အရေးကို အထူး စိတ်ဝင်စားတဲ့ သမ္မတ ဘုရှ်ကတော် လော်ရာဘုရှ်နဲ့လည်း ဒီသီတင်းပတ်အစောပိုင်းမှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံအပေါ် ဥပဒေကဲ့သို့ လိုက်နာရန်မလိုတဲ့ ဆုံးဖြတ်ကြေညာချက်ကို မြန်မာစစ်အစိုးရက နည်းနည်းလေးများ အလေးထား ဂရုစိုက်မလားလို့ နိုင်ငံတကာက မျှော်လင့်ခဲ့တာဟာ ဘာမှ အရာမထင်ခဲ့ဘူးလို့ မစ္စဘုရှ်က မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အင်္ဂါနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီမိုကရေစီကို ကူးပြောင်းပါလို့ နိုင်ငံတကာက တောင်းဆိုနေတာကို ပယ်ချနေတဲ့ တချိန်ထဲမှာပဲ မြန်မာစစ်အစိုးရက မြန်မာနိုင်ငံကို ပြိုကွဲအောင်လုပ်နေတယ်၊ မြန်မာပြည်သူတွေ ဘေးဒုက္ဒကပ်တွေ ဆိုက်အောင် လုပ်နေတယ်လို့လည်း သမ္မတကတော်က ပြောကြားခဲ့ပါတယ်။
၈၈ မျိုးဆက်ကျောင်းသား ၆ ယောက်ကို ဒီသီတင်းပတ်အတွင်း ဖမ်းဆီးခဲ့တာနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရွှန် မက်ကောမက်က မနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ရာမှာလည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့၊ အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ အချိန်ဇယား အတိအကျနဲ့ မြန်မာစစ်အစိုးရက အဓိပ္ပါယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးရေးတွေ အရင် ပြုလုပ်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ဆိုတာတွေကို မြန်မာစစ်အစိုးရကို တိုက်တွန်း ကြေညာသွားပါတယ်။