အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မက်မိုဟန်ဆင်းက မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး ကို အရေးတကြီး ဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။ မြန်မာစစ်အစိုးရနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းကို အိန္ဒိယနိုင်ငံမှာလက်ခံတွေ့ဆုံချိန်မှာ အဲဒီလို တိုက်တွန်းလိုက်တာပါ။ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ကလည်း အင်ဒိုနီးရှားကို သွားရောက်ဖို့ ရှိပြီးတော့ အင်ဒိုနီးရှားသမ္မတ ဆူဆီလိုဘန်ဘန်းယူဒိုယူနိုကလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖေါ်ဆောင်ဖို့တိုက်တွန်းမယ်လို့ သမ္မတယူဒိုယူနိုက ဆိုပါတယ်။ ဒါတွေဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖေါ်ဆောင်ဖို့အတွက် အားတက်စရာတွေများ ဆိုနိုင်ပါ့မလားကို ဦးကျော်ဇံသာက သုံးသပ်ပြပါတယ်။
ဒီလိုတိုက်တွန်းတယ်ဆိုတာ အားတက်စရာတော့ဟုတ်ပါတယ်။ ဒါထက် တိုက်တွန်းတဲ့အတိုင်း မြန်မာစစ်အစိုးရက လိုက်နာဆောင်ရွက်မယ် ဆိုလို့ရှိရင် ပိုပြီးအားတက်စရာကောင်းပါလိမ့်မယ်။ အခုတော့ ဒီလို တိုက်တွန်းသံတွေဟာ အိန္ဒိယတို့၊ အင်ဒိုနီးရှားတို့ တင်မကပါဘူး။ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ တိုက်တွန်းနေကြတာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံ ပြည်တွင်းမှာတော့ အမျိုးသားပြန်လည် သင့်မြတ်ရေး အလားအလာဟာ တဖြည်းဖြည်း နှိမ့်သထက်နှိမ့်၊ မှိန်သထက်မှိန် ဖြစ်လာနေပါတယ်။ နောက်ပြီး အခုလို နှစ်ဆန်းချိန်မှာ မင်္ဂလာယူရတာကို အင်မတန်မှ နှိက်ခြိုက်တဲ့မြန်မာလူမျိုးတွေ နှစ်သစ်ကူး မင်္ဂလာယူရမယ့်အချိန်မှာ လောင်စာဈေး ကောလဟာလတွေ၊ ဂြိုဟ်တုစလောင်းအခွန်တွေကို ကြားရတာကြောင့် စိတ်ပင်ပန်းနွမ်းနယ်နေပါလိမ့်မယ်၊ ဒါကြောင့် ဒီသတင်းလောက်နဲ့တော့ သူတို့ အားတက်ကြလိမ့်မယ်မဟုတ်ပါဘူး။ တခါ အိန္ဒိယ၀န်ကြီင်္းကို တိုက်တွန်းတယ်ဆိုတာကလည်းပဲ ဒါဟာ ကြိုတင်ခန်းမှန်းနိုင်တဲ့ တိုက်တွန်းချက်ပဲဖြစ်ပါတယ်ခင်ဗျ၊
“ ဗမာပြည်ဆိုင်ရာ နိုင်ငံတကာချဉ်းကပ်မှုအပေါ်မှာ အိန္ဒိယကလည်း သဘောတူထားတာ ရှိပါတယ် ခင်ဗျ၊ ဒါဟာ တနည်းအားဖြင့် ကုလသမဂ္ဂကို မဏ္ဍိုင်ပြုပြီးတော့ ဖြေရှင်းမယ့်ကိစ္စမှာ အိန္ဒိယကနေ ထဲထဲဝင်ဝင် ပါလာတဲ့အတွက် ဒီကုလသမဂ္ဂချထားတဲ့လိုင်းအတိုင်းဘဲ ဒီဦးဥာဏ်ဝင်းကို ၀န်ကြီးချုပ် က ပြောဖို့ရှိတယ်လို့ ကျနော်တို့ယူဆပါတယ်။ အဓိကအချက်ကတော့ တစ်အချက်က ဗမာပြည် ပြုပြင်ပြောင်းလဲရေးမှာ အားလုံးပါဝင်တဲ့ ဖြေရှင်းနည်းတခုလိုအပ်တယ်။ နံပါတ်နှစ်အချက်ကတော့ ဗမာပြည်ရဲ့ နိုင်ငံရေးပြဿနာဦးတည်ချက်ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတဲ့ နှစ်ချက်အပေါ်မှာ အိန္ဒိယကလည်း လက်ခံထားပြီးသားဖြစ်တဲ့ဖြစ်တဲ့အတွက် အဲဒီနှစ်ချက်အပေါ်မှာဘဲ ပြောမယ်လို့ ကျနော်တို့မှန်းဆကြည့်ရပါတယ်ခင်ဗျာ။”
အဲဒါကတော့ အိန္ဒိယနိုင်ငံအခြေစိုက် NCGUB ၀န်ကြီး ဒေါက်တာတင့်ဆွေက မနေ့ကလေးတင် ဦးဥာဏ်ဝင်းနဲ့ အိန္ဒိယ၀န်ကြီးချုပ်မတွေ့ဆုံခင်မှာ ကြိုတင်ခန်းမှန်းခဲ့တဲ့ ခန်းမှန်းချက်ဖြစ်ပါတယ်။ ဒီနေ့မှာ တွေ့ဆုံပြီးတဲ့အကြောင်း ကြေငြာချက်ပေါ်ထွက်လာတော့ကော အဓိကအားဖြင့် ဘာလည်းဆိုတာ ကျနော်တို့ဆက်ကြည့်ကြပါစို့။
“ မြန်မာနိုင်ငံမှာ ဇွဲကြီးကြီးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ အမျိုးသားပြန်လည်သင့်မြတ် ရေးလုပ်ဖို့ လိုအပ်နေပြီလို့ သူကဖွင့်ပြောတာ ဒါ အရေးကြီးတဲ့အချက်လို့ပဲ ကျမသုံးသပ်ပါတယ်။ အရင်တုန်းကတော့ အိန္ဒိယနိုင်ငံ အနေနဲ့ကတော့ အမြဲတမ်းကျင့်သုံးတာက တိတ်ဆိတ်ပဲ အမြဲတမ်း လူသိရှင်ကြား ထုတ်ဖေါ်ပြောလေ့မရှိဘူး။ အဲဒီမှာပေါ့နော် သူက ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးဖို့ အတွက်လိုလားပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး မြန်မာနိုင်ငံမှာ ဖြစ်ပေါ်တာကို သူမြင်ချင်တာလောက်ပဲ ပြောခဲ့တာရှိတယ်။ အဲဒါနောက်ဆုံး။ အခု ဦးဥာဏ်ဝင်းလာတဲ့အချိန်မှာ တိတိလင်းလင်းနဲ့ နိုင်ငံခြားရေးဝန်ကြီးဌါနကကို ပြောပြီးတော့မှ ထုတ်ပြန်ကြေငြာချက်ကို ထုတ်ပြီးတော့မှ လူသိရှင်ကြားကြေငြာတယ်။ ပြောတယ်ဆိုတာက ဒါဟာတိုးတက်မှုတခုလို့တော့ ကျမပြောလို့ရတယ်၊”
အိန္ဒိယနိုင်ငံမှာ အခြေစိုက်ပြီး မြန်မာ့အရေးလှုပ်ရှားတဲ့ ဒေါ်သင်းသင်းအောင်ဖြစ်ပါတယ်။ ဒါပေမဲ့ အိန္ဒိယအစိုးရက ဒီလိုတိုက်တွန်းတယ်ဆိုတဲ့နေရာမှာ ဘယ်လောက်ထိ ပြင်းပြင်းထန်ထန် မဖြစ်မနေ တိုက်တွန်းတယ်ဆိုတာရှိပါသလဲ။ စီးပွားရေးဆက်ဆံမှု၊ နယ်စပ်လုံခြုံရေးကိစ္စတွေကို ထိပါးခံပါ့မလား၊
“ ဒီနှစ်နိုင်ငံအနေနဲ့ စီပွားရေးကိစ္စတွေ၊ ကုန်သွယ်ရေးကိစ္စတွေ၊ နောက်ပြီးတော့ နယ်စပ်ဒေသ စစ်ရေးအရ ပူးတွဲပြီးတော့ ဆောင်ရွက်မှုတွေကတော့ ဆက်ပြီးတော့လုပ်သွားဦးမှာပဲ၊ ဒါကတော့ အိန္ဒိယနိုင်ငံနဲ့ မြန်မာဆက်ဆံရေးမှာ အရေးကြိးတဲ့အချက်တွေက ပါနေတယ်ဆိုတော့ အဲဒီကိစ္စ တွေကို ပျက်စီးလောက်အောင်တော့လုပ်မှာမဟုတ်ဘူး။သူ့ရဲ့ဆက်ဆံရေးအနေနဲ့၊ နောက်ပြီး မြန်မာနိုင်ငံက နအဖစစ်အစိုးရ တကယ့်ကို ထိခိုက်လောက်အောင် လုပ်မှာမဟုတ်ဘူး။ ဆက်ပြီးတော့ သူ့ရဲ့ နိုင်ငံခြားရေး ပေါ်လစီက ဒီအတိုင်းသွားမှာပဲ။ ဒါပေမဲ့ တဘက်မှာလည်း အမေရိကန်အပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းတို့၊ နောက်ပြီးတော့ ကုလသမဂ္ဂ ဦးဆောင်ပြီးလုပ်နေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကိစ္စတွေမှာ အိန္ဒိယနိုင်ငံအနေနဲ့ မပါဝင်ဘူးဆိုရင် သူဟာ တော်တော်လေးကို မျက်နှာပျက်စရာဖြစ်သွားမယ်။ အဲဒါကြောင့် အခုလိုမျိုး နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းလာတယ်။ သူတို့လက်ခံပြောတယ်။ ဒါပေမဲ့လည်း ဒီလောက်ကတော့ သူတို့ ပြောတယ် ဆိုတာကို လူသိရှင်ကြား ပြောပြတာလောက်ပဲလို့ ကျမထင်ပါတယ်။”
ဒေါ်သင်းသင်းအောင် ဖြစ်ပါတယ်။ တခါ မြန်မာစစ်အစိုးရက ၀န်ကြီးချုပ် အင်ဒိုနီးရှားကိုသွားရင် အင်ဒိုနီးရှား သမတက ပြောမယ်ဆိုတာလည်း အာစီယံဘောင်အတွင်းမှာပဲ ပြောမှာဖြပ်ပါတယ်။ တကယ်တော့ မြန်မာ့အရေးကို ပြောပြီဆိုရင် မပါမဖြစ်တဲ့ အကြောင်းအရာတခုကတော့ ဒီမိုကရေစီဖော်ဆောင်ရေးကိစ္စဖြစ်ပါတယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းက နိုင်ငံတွေဟာ နယ်စပ်လုံခြုံရေးကိစ္စပဲ ပြောပြော၊ လက်နက်အရောင်းအ၀ယ်ပဲလုပ်လုပ်၊ ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြုပ်နှံမှု ဘာပဲလုပ်လုပ် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖော်ဆောင်ရေးဆိုတာကို ထည့်ပြီး ပြောကြစမြဲပါ။ တနည်းအားဖြင့် ဒီမိုကရေစီအရေးဆိုတာ သိပ် ထမင်းမြိန်တဲ့ ဟင်းကောင်းတခွက်လို ဖြစ်နေပါတယ်။ ဒါကြောင့် မပြောမဖြစ်တဲ့ သဘောနဲ့ ထည့်ပြီးပြောကြရတာဆိုရင်တော့ သိပ်ပြီး အဆိုးမြင်တတ်ရာ မကျဘူးလို့ ထင်ပါတယ်ခင်ဗျာ။