သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရကို ပိုမိုအရေးယူဖိအားပေးဖို့ ကနေဒါပါလီမန်အမတ် ကတိပေး


မြန်မာ့မိတ်ဆွေ ကနေဒါ လွှတ်တော်အမတ်များအဖွဲ့ရဲ့ ဥက္ကဌ လယ်ရီ ဘတ်ဂ်နဲလ်ဟာ ထိုင်းမြန်မာ နယ်စပ်မှာရှိတဲ့ မြန်မာ့အတိုက်အခံနိုင်ငံရေးအဖွဲ့တွေ၊ တိုင်းရင်းသားနဲ့ လူမှုအဖွဲ့အစည်းအသီးသီးက သူတွေနဲ့ သွားရောက်တွေ့ဆုံခဲ့ပြီးတဲ့နောက်မှာ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

သူပြောဆိုသွားတာကတော့ ကနေဒါနိုင်ငံနဲ့ နိုင်ငံငံတကာအသိုင်းအဝိုင်းက မြန်မာအစိုးရအပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ပိုမိုလုပ်ဆောင်လာစေဖို့နဲ့ လူမှုရေးဆိုင်ရာ အထောက်အပံတွေ ပိုမို ပေးသွားဖို့ ဆောင်ရွက်သွားမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

ထိုင်းမြန်မာနယ်စပ်ကို လာရောက်တဲ့ ခရီးစဉ်အတွင်းမှာ မြန်မာပြည်ရဲ့တိုင်းရင်းသားနယ်မြေတွေမှာ အကြမ်းဖက်မှုတွေ၊ အဓ္ဓမပြုကျင့်မှုတွေ၊ အတင်းအကျပ် လုပ်အားပေးပြောင်းရွေ့မှုနဲ့ နေရပ်ဒေသ ပြောင်းရွေ့စေခိုင်းမှုတွေဟာ ကနေ့ထိ ဆိုးဆိုးဝါးဝါး ဆက်လက်ဖြစ်နေတာကို တွေ့ခဲ့ရတယ်လို့ သူထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက မြန်မာပြည်မှာ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲဖို့ အတွက် ဆောင်ရွက်ကြတဲ့ လှုပ်ရှားမှုတွေနဲ့ သံဃာတော်တွေကို ရက်ရက်စက်စက်ဖြိုခွင်းခဲ့တဲ့အပေါ် ကနေဒါပြည်သူတွေအနေနဲ့ စိတ်ပျက်နေကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ နောက် ကနေဒါ ပြည်သူတွေဟာ ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ မြန်မာပြည်သူတွေနဲ့ တသားတည်းရှိနေပါတယ်လို့ လည်း ပြောကြားပါတယ်။

ပြည်သူတွေအပေါ် ဖိနှိပ်နေတာတွေ ရပ်တန့်စေဖို့နဲ့ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာစေဖို့အတွက် ကနေဒါနိုင်ငံက မြန်မာစစ်အစိုးရကို စီးပွားရေးပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပြီး ကနေဒါ လွှတ်တော်ကလည်း ဒေါ်အောင်ဆန်းကြည်ကို လွတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒီတောင်းဆိုမှုအပေါ် မြန်မာအစိုးရက အခုထိ အရေးယူဆောင်ရွက်မှု မရှိသေးပေမယ့် မြန်မာ ပြည်သူတွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ပူးပေါင်းဆောင်ရွက်ပြီး ဖိအားတွေ ပေးနိုင်တယ်ဆိုရင် မြန်မာအစိုးရဟာ တွေ့ဆုံဆွေးနွေးရေးကို လက်ခံလာရမှာ ဖြစ်တယ်လို့ သူက သုံးသပ်ပြောဆိုခဲ့ပါတယ်။

ကနေဒါ လွှတ်တော်အမတ်များအဖွဲ့ဟာ ကနေဒါပါတီ အသီးသီးက လွှတ်တော်ကိုယ်စားလှယ် ၃၆နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး မြန်မာနိုင်ငံဒီမိုကရေစီပြောင်းလဲရေးအတွက် တက်တက်ကြွကြွ ဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG