မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ စစ်ဘက်ကို ချန်လှပ်ထားလို့မရဘဲ သူတို့ပါ အတူတွဲပြီး အကောင်အထည်ဖော် လုပ်ဆောင်ရမယ်၊ စစ်အစိုးရကို တွန်းအားပေးဖို့အတွက် နိုင်ငံတကာက နည်းလမ်းတွေ ရှာဖွေနေရာမှာ တွေ့ဆုံဆွေးနွေးတာနဲ့ ဖိအားပေးတာတွေကို ကုလသမဂ္ဂရဲ့ကမကထပြုမှုနဲ့ အကောင်အထည်ဖော်တာဟာ အကောင်းဆုံး ဖြစ်မယ် စသည်ဖြင့် မြန်မာ့အရေး လေ့လာသုံးသပ်သူနှစ်ယောက်က ပြောလိုက်ပြန်ပါတယ်။ အပြည့်အစုံကို ဦးကျော်ကျော်သိန်းက တင်ပြထားပါတယ်။
မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေးတို့ အတွက် ဆောင်ရွက်နေကြတာတွေမှာ ဘယ်လိုချဉ်းကပ်မှုမျိုး၊ နည်းလမ်းမျိုးက အကောင်းဆုံးဖြစ်မယ်၊ ဘယ်လို အကောင်အထည်ဖော် လုပ်ဆောင်သင့်တယ် ဆိုတာတွေနဲ့ပတ်သက်ပြီး ပညာရှင်တွေ၊ မြန်မာ့အရေး စောင့်ကြည့် လေ့လာ သုံးသပ်သူတွေက အကြံပြု ပြောဆို ရေးသားကြတာတွေကို ဒီတလောမှာ ခပ်စိတ်စိတ် တွေ့လာနေရပါတယ်။
အခုနောက်ဆုံး ထွက်လာတာကတော့ အမေရိကန်အခြေစိုက် Century Foundation မှာ အကြီးတန်းသုတေသနမှူးအဖြစ် ဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း Morton Abramowitz နဲ့ သုတေသနမှူး Jonathan Kolieb တို့ရဲ့ သုံးသပ် အကြံပြုချက်တွေပါ။ သူတို့ရေးသားတဲ့ သုံးသပ်ချက်ကို
ဇန်န၀ါရီလ ၁၇ ရက်နေ့ သြစတြေးလျနိုင်ငံထုတ် The Australian သတင်းစာမှာဖော်ပြခဲ့ပြီး Century Foundation ရဲ့ အင်တာနက်စာမျက်နှာမှာလည်း ပြန်လည်ဖော်ပြခဲ့ပါတယ်။
သူတို့က ပြီးခဲ့တဲ့လတွေအတွင်း မြန်မာ့အရေးနဲ့ပတ်သက်လို့ ဖြစ်ပျက်ခဲ့တာ တွေကို နောက်ကြောင်းခံရေးသားထားပြီး သူတို့ရဲ့ သုံးသပ်အကြံပြုချက်တွေကို ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံကိစ္စဟာ ရေတိုစီမံကိန်းတရပ်မဟုတ်သလို အလျင်အမြန်ဖြေရှင်းနိုင် မယ့် နည်းလမ်းတခုခုကိုလည်း ဘယ်သူမှ ရှာမတွေ့ခဲ့ပါဘူးတဲ့။ အရှေ့တိုင်းရဲ့ ထိတွေ့ဆက်ဆံရေးမူ၊ အနောက်တိုင်းရဲ့ ဖိအားပေးရေးမူ၊ မူနှစ်ရပ်စလုံးဟာ စစ် အုပ်စုက အာဏာချုပ်ကိုင်ထားတာကို လျော့ကျသွားအောင် မလုပ်နိုင်ခဲ့ပါဘူးလို့ ဆိုထားပါတယ်။
မြန်မာစစ်ဘက်နဲ့ပတ်သက်ပြီး သုံးသပ်ထားရာမှာ စစ်တပ်ဟာ မြန်မာတနိုင်ငံ လုံးကို လွှမ်းမိုးထားနိုင်ပြီး အရင်းအမြစ်လည်းရှိတဲ့ အဖွဲ့အစည်းဖြစ်တယ်၊ မြန်မာ့ စီးပွားရေးနဲ့ ဒွေးရောယှက်တင်ဖြစ်နေပြီး နက်နက်ရှိုင်းရှိုင်းလည်း ပါဝင်ပတ်သက် နေတယ်၊ ကောင်းဖို့ဖြစ်စေ ဆိုးဖို့ဖြစ်စေ အကွဲကွဲအပြားပြား လူမျိုးစုတွေကို အတူတကွရှိနေအောင် ထိန်းထားနိုင်တဲ့ တခုတည်းသောအဖွဲ့အစည်းဖြစ် တယ်လို့ ရေးထားပါတယ်။
ဒီတော့ ပြည်တွင်းအပြောင်းအလဲဆီ ရှေးရှုလာအောင် မြန်မာစစ်ဘက်ကို ဘယ်လို တွန်းအားပေးကြမလဲလို့ မေးခွန်းထုတ်ပြီး သူတို့ကိုယ်တိုင် အဖြေထုတ် ထားတဲ့ လုပ်ငန်းသုံးခုကို ဖော်ပြထားပါတယ်။
ပထမတခုကတော့ တွေ့ဆုံဆွေးနွေးတာပဲဖြစ်ဖြစ်၊ ဖိအားပေးတာပဲဖြစ်ဖြစ် မစ္စတာဂမ်ဘာရီက အကောင်အထည်ဖော်တာဟာ အကောင်းဆုံးပါပဲတဲ့။ ဥရောပသမဂ္ဂ၊ တရုတ်၊ဂျပန်၊ အင်ဒိုနီးရှားနဲ့ သြစတြေးလျတို့က ကိုယ်စားလှယ် တွေ
ပါဝင်တဲ့ နိုင်ငံစုံ အထောက်အကူပြုအဖွဲ့တဖွဲ့က သူ့ရဲ့လုပ်ငန်းတွေကို ကူညီ နိုင်မယ်၊ ဒီအဖွဲ့ဟာ မစ္စတာဂမ်ဘာရီနဲ့ စစ်အစိုးရကြား ဆွေးနွေးပွဲတွေ ပြန်ပြီး အားကောင်းလာအောင် ကူညီနိုင်မယ်၊ ပြီးတော့ တခြားအစိုးရတွေ ထောက်ကူ ဆောင်ရွက်လာအောင်လည်း လုပ်နိုင်ပါမယ်တဲ့။ တွေ့ဆုံဆွေးနွေးရာမှာ လက်တွေ့အကျဆုံးကတော့ စစ်အစိုးရကချမှတ်ထားတဲ့ Road Map လို့ခေါ်ကြ တဲ့ နိုင်ငံရေးလမ်းစဉ်ခုနစ်ရပ်ပေါ်မှာ အခြေခံဖို့ သူတို့က တိုက်တွန်းထားပါတယ်။ စေ့စပ်ဆွေးနွေးပွဲတွေကို စစ်အစိုးရကိုယ်တိုင်ချမှတ်ထားတဲ့ လမ်းစဉ်ပေါ်မှာ အခြေခံတာဟာ ဆွေးနွေးပွဲစတင်ဖို့ မရှိမဖြစ် အရေးပါတဲ့အချက်တချက် ဖြစ်နိုင်ခြေရှိမယ်လို့ သူတို့ကမြင်တာပါ။
ဒုတိယကတော့ အကယ်၍ တွေ့ဆုံဆွေးနွေးပွဲတွေ မအောင်မမြင်ဖြစ်ခဲ့ရင် ခုန အဖွဲ့အနေနဲ့ စစ်အစိုးရပေါ်မှာ ဆက်ပြီး ဖိအားပေးလိုရပါမယ်၊ တကမ္ဘာလုံးပါဝင်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုက နိုင်ငံရေးအရ မဖြစ်နိုင်ပါဘူး၊ တခြားနည်းလမ်းတွေကိုလည်း လုပ်ဆောင်ရမယ်လို့ ဖော်ပြထားပါတယ်။ အဲဒီထဲမှာတခုကတော့ စစ်အစိုးရကို လက်နက်ရောင်းနေတာ ကန့်သတ်ဖို့ရာ တရုတ်နိုင်ငံနဲ့ ညှိနှိုင်းဖို့ပါတဲ့။ အိန္ဒိယက ကန့်သတ်လိုက်တဲ့နမူနာဟာ တရုတ်ကို လည်း အဲဒီအတိုင်းလိုက်လုပ်ဖို့ ဆွဲဆောင်စည်းရုံးဖို့ရာ အခွင့်အလန်းတခုအဖြစ် သူတို့က သုံးသပ်ပါတယ်။
နောက်ဆုံးအချက်ကတော့ ကျန်းမာရေးနဲ့ ပညာရေးနယ်ပယ်မှာ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ ကြီးကြီးမားမား ကမ်းလှမ်းရေး မစ္စတာဂမ်ဘာရီကို အခွင့်အာဏာပေးအပ်ဖို့ တင်ပြထားပါတယ်။ ဒီနယ်ပယ်တွေမှာ ဘေးဒုက္ခကြုံနေရတဲ့ ဒေသတွေဆီ အကူအညီတွေ အကောင်းဆုံးပေးပို့ဖို့ရာ နည်းလမ်းတွေရှာဖွေဖို့ကိုလည်း Morton Abramowitz နဲ့ Jonathan Kolieb တို့က တိုက်တွန်းထားပါတယ်။
သူတို့နှစ်ယောက်ဟာ ၂၀၀၇ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့ထုတ် ၀ါရှင်တန်ပို့စ်တ် သတင်းစာမှာလည်း မြန်မာနိုင်ငံသားတွေအတွက် အသက်ကယ်ဆေးလို့ ဆိုရ မယ့်ခေါင်းစဉ်နဲ့ ဘေးဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို ကူညီကြပြီး အာရုံစိုက်မှုကို စစ်ဗိုလ်ချုပ်တွေဆီကနေ လူထုဆီပြောင်းလဲဖို့ တိုက်တွန်း ရေးသားခဲ့ပါသေးတယ်။