သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဒီမိုကရေစီရေးရံပုံငွေ ဒေါ်လာ ၁၆ သန်းထိ တိုးပေးရန် သမ္မတဘုရှ်က လွှတ်တော်သို့ တင်ပြတောင်းခံမည်


မြန်မာ့ဒီမိုကရေစီရေးအတွက် အမေရိကန်ပြည်ထောင်စုက အထောက်အပံ့ပြုနေတဲ့ ရံပုံငွေကို ဒေါ်လာ ၁၆ သန်းနီးပါးထိချပေးဖို့ သမ္မတဘုရှ်က ကွန်ဂရက်စ် လွှတ်တော်ကို တနင်္လာနေ့မှာ တင်ပြတောင်းခံဖို့ရှိတယ်လို့ မနေ့က အေပီ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ဒီရံပုံငွေ ပမာဏဟာ မနှစ်ကထက် ဒေါ်လာ ၅ သန်းနီးပါး တိုးလာတဲ့အတွက် မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက်ရော၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေအတွက်ရော ပိုပြီးတော့ အထောက်အကူ ပြုပေးနိုင်မယ်လို့ သုံးသပ်ကြပါတယ်။ ဦးကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြထားပါတယ်။

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုအပါအ၀င် တခြားဆက်စပ်နေတဲ့ စီမံကိန်းတွေအတွက် နိုင်ငံတကာကပေးနေတဲ့ အကူအညီတွေထဲမှာ အမေရိကန် ပြည်ထောင်စုက ပေးတဲ့အကူအညီဟာ ကွန်ဂရက်စ် လွှတ်တော်ကနေ နှစ်စဉ် သတ်သတ်မှတ်မှတ်ချပေးတဲ့ အကူအညီဖြစ်ပါတယ်။ ဒါကြောင့် အခုလို သမ္မတကနေ တိုးတောင်းတာကို လွှတ်တော်ကနေအတည်ပြုပေးခဲ့ရင်တော့ ဒါဟာ လိုအပ်ချက်တွေကို ပိုပြီးတော့ ဖြည့်ဆည်းပေးနိုင်မှာပါလို့ အဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ (NCGUB) ၀န်ကြီးတဦးဖြစ်သူ ဦးဘိုလှတင့်က ပြောပါတယ်။

“ဒါဟာ သမ္မတကနေ Propose လုပ်ပြီးတော့ ကွန်ဂရက်စ်ကနေ အတည်ပြုပေးတဲ့ မြန်မာပြည်ဆိုင်ရာ နှစ်စဉ်ပေါ့နော်၊ သတ်မှတ်တဲ့ Democratization နဲ့ Humanitarian နှစ်ခုလုံးကို တွဲပြီးတော့ပါတဲ့ Package မျိုးဖြစ်ပါတယ်။ ဒီအကူအညီ ပိုပြီး တိုးလာတယ်ဆိုရင် မြန်မာပြည် ဒီမိုကရေစီရေးအတွက် အထောက်အကူ ပြုစေနိုင်သလို ပြည်သူလူထု လက်ရှိခံစားနေရတဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကိုလည်း ဒီထက်ပိုပြီး ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။”

ဒီရံပုံငွေထဲမှာ အမေရိကန်အစိုးရရဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကနေတဆင့် ဆိုင်ရာခေါင်းစဉ်အလိုက်၊ ဥပမာ - ပညာရေး သတင်းမီဒီယာ စတဲ့ကဏ္ဍတွေကနေ မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက တဆင့်ပေးတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေထိ ပါဝင်ပါတယ်။ ဒါ့အပြင် ဒီအကူအညီဟာ ပြည်တွင်းအတွက်ရော ပြည်ပအတွက်ပါ အကျုံးဝင်တယ်လို့ ဦးဘိုလှတင့်က ရှင်းပြပါတယ်။ ပေးတဲ့ပမာဏဟာ အမှန်တကယ် လိုအပ်နေ တာထက် အများကြီးကွာပေမယ့် နှစ်စဉ် တိတိကျကျ သတ်မှတ်ပေးတဲ့ အကူအညီမျိုးကတော့ ဒီတခုပဲရှိတာကြောင့် ကြိုဆိုပါတယ်လို့လည်း ဦးဘိုလှတင့်က ပြောပါတယ်။

“နိုင်ငံတကာမှာ ယှဉ်ကြည့်မယ်ဆိုရင်တော့ အမေရိကန် အစိုးရအနေနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးတဲ့အခါ အထူးသဖြင့် ဒီမိုကရေစီနဲ့ပတ်သက်လို့ရှိရင် ကွန်ဂရက်စ်လွှတ်တော်က နှစ်စဉ်နှစ်တိုင်း တိတိကျကျ သတ်မှတ်ပေးတာ ဒီတစ်ခုပဲရှိတဲ့အတွက် ဒါကို ကျနော်တို့က အများကြီး ကျေးဇူးတင်
ဝမ်းမြောက်မိပါတယ်။”

လက်ရှိမှာတော့ မြန်မာပြည် ဒီမိုကရေစီလှုပ်ရှားမှုအတွက် နိုင်ငံတကာကပေးတဲ့ အကူအညီတွေထဲမှာ အမေရိကန်ပြည်ထောင်စုက ပေးတဲ့အကူအညီဟာ အများဆုံးလို့ ပြောလို့ရပါတယ်တဲ့။ တချိန်ထဲမှာပဲ တခြားနိုင်ငံတွေကလည်း အကူအညီတွေ တိုးပြီးပေး လာကြတယ်လို့ ဦးဘိုလှတင့်က ရှင်းပြခဲ့ပါတယ်။

“လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုထဲမှာ ဆိုရင် အထူးသဖြင့် နော်ဝေးတို့လို ဒိန်းမတ် နိုင်ငံတွေလို စကင်ဒီနေဗီးယန်းနိုင်ငံတွေ၊ နော်ဒစ်နိုင်ငံတွေက နိုင်ငံတွေ သေးပေမယ့် သူတို့နိုင်ငံတွေက မြန်မာပြည်ဒီမိုကရေစီရရှိရေးအတွက်ကို အင်မတန်မှ
စိတ်ဝင်စားတဲ့အတွက် ပေးတဲ့အကူအညီတွေ တဖြေးဖြေး တိုးလာပါတယ်။ တချိန်ထဲမှာလည်း EU ဥရောပအဖွဲ့ဝင်နိုင်ငံတွေကလည်း အကူအညီတွေ တိုးပေးလာပါတယ်။ ဒါပေမယ့် တစ်နိုင်ငံချင်းအနေနဲ့ ပြောမယ် ဆိုရင်တော့ အမေရိကန်ပြည်ထောင်စုက အခုအချိန်မှာတော့ အမြင့်ဆုံး ဖြစ်နေပါသေးတယ်။”

အမေရိကန်နိုင်ငံဟာ မြန်မာ့ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်တယ်၊ သူတို့အလိုကျ ရုပ်သေးအစိုးရမျိုး တင်နိုင်အောင် ကြိုးစားနေတယ် စသည်ဖြင့် မကြာခဏဆိုသလို မြန်မာစစ်အစိုးရက စွပ်စွဲလေ့ရှိပါတယ်။ “အမေရိကန်အားကိုး ပုဆိန်ရိုး” ဆိုတဲ့ ကြွေးကျော်သံ ဆိုင်းဘုတ်တွေကိုတောင် ရန်ကုန်မြို့ရဲ့ တချို့နေရာတွေမှာ ထောင်ထားတာပါ။ ဒီတော့ အမေရိကန်က ပေးတဲ့ အကူအညီဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် အထောက်အကူဖြစ်စေ ပါတယ်လို့ ဆိုသလို နောက်ပြန်ဆွဲတဲ့ သက်ရောက်မှုတွေရော မဖြစ်စေနိုင်ဘူးလား ဆိုတာ ဒီနေရာမှာ စဉ်းစားစရာပါ။ ဒီအချက်ကို ဦးဘိုလှတင့်က ခုလို တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

“အဲဒါကတော့ နအဖဘက်က လုပ်ကြံဝါဒဖြန့်ချက်တွေပဲ ဖြစ်ပါတယ်။ နိုင်ငံတကာ မိသားစုအကူအညီနဲ့ မဖြစ်စေချင်ဘူးလို့ဆိုရင်လည်း တိုင်းပြည်ထဲမှာ ပြည်သူ လူထုဟာ ကိုယ့်ရဲ့ချွေးနဲစာတွေနဲ့ စနစ်တကျ လုပ်နိုင်တဲ့ အနေအထားမျိုး ဖန်တီးပေးရမှာ ဖြစ်ပါတယ်။ အဲဒီလို အခြေအနေမရှိတဲ့အခါမှာ ပြည်သူလူထုဟာ တစ်ဖက်က ဖန်တီးထားတဲ့ ဆင်းရဲငတ်မွတ်ထားတဲ့ ပြဿနာတွေ တဖက်ကလည်း အင်မတန်မှ ဖိစီးနှိပ်စက်ထားတဲ့ အခြေအနေအောက်မှာတော့ မလွဲ မရှောင်သာ နိုင်ငံတကာ အကူအညီတွေ ယူရမှာပါပဲ။ဒီလို အကူအညီတွေကို ငြိမ်းချမ်းစွာ ဒီမိုကရေစီရေးအတွက် အသုံးချတယ်ဆိုရင် ဒါ အမှားလို့ ယူဆလို့မရပါဘူး။”

ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ NCGUB ၀န်ကြီးတဦးဖြစ်သူ ဦးဘိုလှတင့် ပြောသွားတာပါ။

မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် နိုင်ငံတကာအနေနဲ့ ရံပုံငွေတွေ တိုးပြီး ကူညီ ထောက်ပံ့ကြဖို့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေရဲ့ တောင်းဆိုသံတွေ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်မှာ ကျယ်ကျယ်လောင်လောင် ထွက်ခဲ့ဖူးပါတယ်။ အကယ်၍သာ အခု အမေရိကန် သမ္မတက တိုးပြီး တောင်းခံမယ်ဆိုတဲ့ ရံပုံငွေ ပမာဏကို ကွန်ဂရက်စ်လွှတ်တော်ကလည်း အတည်ပြုပေးခဲ့မယ်ဆိုရင်တော့ တောင်းဆိုမှုတွေကို အသိအမှတ်ပြု တုန့်ပြန်တဲ့ လုပ်ရပ်တခုလို့ ဆိုရမှာ ဖြစ်ကြောင်းပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG