သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သမ္မတလောင်း ရွေးချယ်ရေး အမေရိကန်ရောက်မြန်မာများအကြား သဘောထားအမြင် အမျိုးမျိုးရှိ


အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် သမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းမယ့် သူကို ဒီမိုကရက်ပါတီနဲ့ ရစ်ပတ်ဗလင်ကန်ပါတီတွေအကြား အကြိတ်အနယ် ရွေးချယ်တင်မြှောက်နေကြဆဲ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ရောက်နေတဲ့ မဲပေးနိုင်တဲ့ အမေရိကန်နိုင်ငံသားခံယူထားတဲ့ မြန်မာလူမျိုးတွေကြားမှာလည်း ဘယ်သူ့ကို သမ္မတလောင်းအဖြစ် ထောက်ခံတယ်ဆိုတာ မသဲကွဲသေးပါဘူး။ မြန်မာနိုင်ငံအရေးနဲ့ ယှဉ်တွဲပြီး စဉ်းစားနေကြတာတွေလည်း ရှိပါတယ်။ အကြောင်းစုံကို ဦးသိန်းထိုက်ဦးက တင်ပြပေးပါမယ်။

ဒီမိုကရက်ပါတီက သမ္မတလောင်းအဖြစ် ဘားရက်ခ်အိုဘားမားကို ထောက်ခံတယ်လို့ ပြောဆိုတဲ့သူက အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လီးစ်မြို့မှာနေတဲ့ အန်တီ နော်လူဝီဇာဘင်ဆင်ပါ၊ သူက အခုလို ပြောပါတယ်။

“ဟီလာရီးလည်း ကောင်းပါတယ်။ ဟီလာရီနဲ့ အိုဘားမားနှစ်ယောက်စလုံးကို အန်တီ အားရတယ်။ အန်တီတကယ်ပဲ နှစ်ယောက်စလုံးကို သဘောကျတယ်။ ဒါပေမယ့် အန်တီ စိုးရိမ်တာက ဘီလ်ကလင်တန်နဲ့ နှစ်ယောက်ခွဲခြားလို့ရပါ့မလား ဆိုတာကို စိတ်ချလို့မရဘူးပေါ့လေ။”

အန်တီက ဒီမိုကရက်ပါတီကို ထောက်ခံတယ်ဆိုတော့ တကယ်လို့ ဒီမိုကရက်ပါတီက သမ္မတရွေးချယ်ခဲ့မယ်ဆိုရင် မြန်မာပြည် အတွက် တခုခု လုပ်ပေးနိုင်မယ်လို့ရော မျှော်လင့်ပါသလားခင်ဗျား။

“အန်တီမြင်တာကတော့ ဒီမိုကရက်ရော၊ ရီပတ်ဗလီကန်ရော နှစ်ဖက်စလုံး ဗမာပြည်ရဲ့ ဒီမိုကရေစီရဖို့အရေးအားပေးတယ်လေ။ တခုရှိတာက အိုဘားမားအနေနဲ့က ဒီမိုကရေစီသုံးပြီးတော့ ပြောင်းလဲလို့ရအောင် သူပိုပြီးတော့ လုပ်မယ်လို့ထင်တယ်လေ။ ဒါကြောင့် နဲနဲပိုအားရတယ်။”

လော့စ်အိန်ဂျယ်လီးစ်မြို့က အန်တီနော်လူဝီဇာ ဘင်ဆင်ရဲ့အမြင်ပါ။ ဟီလာရီ ကလင်တန်ကို ထောက်ခံတယ်လို့ ပြောတဲ့ သူတစ်ယောက်ကတော့ အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဒ်ဝိန်းမြိုက မမေသန်းရှိန်ပါ။

“ဟီလာရီက အမျိုးသမီးဖြစ်တဲ့အတွက် သူသာ သမ္မတဖြစ်ခဲ့လို့ရှိရင် ကျမတို့ ခေါင်းဆောင်ကို အကူအညီပေးနိုင်လိမ့်မယ်လို့ ယုံကြည်တယ်လေ။”

မမေသန်းရှိန်က ဘာကြောင့် ဒီမိုကရက်ပါတီကို ထောက်ခံတာလဲ။

“အဓိက ကတော့ ကျမက စစ်မဖြစ်ချင်ဘူး။ ကျမ ရောက်ခါစက ကလင်တန် လက်ထက်မှာတုန်းက စစ်ဖြစ်မဲ့ကိစ္စတွေရှောင်တယ်လေ။ စစ်ကြောင့်ပဲ ဒီမှာ လူတွေက ဒုက္ခရောက်ကြတယ်။ စစ်မဖြစ်လို့ရှိရင် တိုင်းပြည် အေးချမ်းမယ်။ တတိုင်းပြည်လုံး အမျိုးသမီးတွေ အတွက်မှ မဟုတ်ဘူး။ ဘိစနက်တွေ ပြန်ပွင့်တာပေါ့။ အလုပ်ကိုစီရှိကြမယ်။ အလုပ်လက်မဲ့မရှိကြဘူး။”

ဒါကတော့ မမေသန်းရှိန်ပါ။ ဖလောရီဒါပြည်နယ်က ဖိုဒ်လော်ရ်ယာဒေးလ် မြို့ ဒေါက်တာ ညွန့်လွင်ကတော့ သူ့အနေနဲ့ သမ္မတလောင်းကို ထောက်ခံတဲ့အခါ မြန်မာပြည်အရေးနဲ့ နိုင်းယှဉ်စဉ်းစားရလိမ့်မယ်လို့ ပြောပါတယ်။

“ကျွန်တော်ကိုယ်တိုင်ကတော့ ရီပတ်ဘလီကန်ပဲ။ ဘုရှ့် တက်လာပြီးနောက် ဗမာပြည်အတွက်တော့ သူကောင်းတာတွေ လုပ်ပေးပါတယ်။ ဒါပေမဲ့ သူ့ရဲ့ တခြားပေါ်လစီတွေကတော့ ပျက်ဆီးပါတယ်။ အဲဒါကိုတော့ ကျွန်တော်တို့ကတော့ စိတ်မကျေနပ်ဘူးပေါ့လေ။ လူတွေ မသေသင့်ဘဲနဲ့ သေကြတယ်။ စစ်သားတွေလည်း သေတယ်။ ဆဒါန်ဟူစိန် တယောက်သာသေပြီးတော့ ကျန်တဲ့သူတွေ သေတာများတယ်။ တိုင်းပြည်လည်း ပျက်ဆီးကုန်တယ်။ ဒါပေမဲ့ နောက်ဆုံးကျတော့ သူဗမာပြည်နဲ့ ပတ်သက်ပြီး သူကတော့ ကြိုးစားလုပ်ပေးပါတယ်။ သူ sanction တွေလုပ်တယ်။ အဲဒါတော့ အားကျပါတယ်။ ကျွန်တော် စောင့်ကြည့်ရမယ်လေ။ ဘယ်သူကို ဘယ်လိုအားပေးမယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်ကတော့ စောင့်ကြည့်ရမှာပဲ။”

ရစ်ပတ်ဗလင်ကန်ပါတီဘက်ကတော့ ဂျွန်မက်ကိန်းက သမ္မတလောင်းဖြစ်ဘို့ ရှေ့ကပြေးနေတယ်။ ဒေါက်တာညွန့်လွင်အနေနဲ့ရော ဒီမိုကရက်ဘက်က သမ္မတလောင်းအဖြစ် ဘယ်သူတက်လာမယ်လို့ မျှော်လင့်ပါသလဲခင်ဗျား။

“ မက်ကိန်းကတော့ ရီပတ်ဗလီကန်ဘက်ကတော့ ထွက်မှာပဲ။ ဒီမိုကရက်ဘက်ကတော့ ကလင်တန် ထွက်မှာပဲ။ အိုဘားမားကိုတော့ ကျွန်တော် သဘောကျတယ်။ သူတက်ဖို့ကိုတော့ သိပ်မထင်ဘူး။”

အမေရိကန်ပြည်ထောင်စု အင်ဒီးယားနားပြည်နယ် အင်ဒီးယားနားတက္ကသိုလ်မှာ နိုင်ငံတကာ ဥပဒေရေးရာ မဟာဝိဇ္ဇာဘွဲ့ ယူဘို့ပြင်ဆင်နေတဲ့ နော်မေဦးကို ဘယ်သူ့ကို သမ္မတလောင်းအဖြစ် ထောက်ခံသလဲလို့ မေးကြည့်တော့

“ကျမကတော့ အိုဘားမားကို ထောက်ခံတယ်။ ကျမ ပါတီကို အရင်ရွေးတော့ ဒီမိုကရက်ကို ထောက်ခံတယ်။”

ဒီမိုကရက်ကိုထောက်ခံတယ်ပေါ့။ ဂျွန်မက်ကိန်းဆိုရင်လည်း မြန်မာနိုင်ငံအရေးမှာ ဥပဒေကြမ်းတွေ ချမှတ်နိုင်ဖို့ ဦးဆောင်ဦးရွက် အဆိုပြုခဲ့တာတွေ ရှိပါတယ်။ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ရစ်ပါဗလစ်ကန် ဘက်က လုပ်ဆောင်ခဲ့တာတွေ ရှိတော့ မြန်မာ့အရေးမှာ ပိုပြီး ရစ်ပတ်ဗလင်ကန်က တက်တက်ကြွကြွလုပ်တယ်လို့ ပြောလို့ ပြောလို့ ရနိုင်မလား။

“မြန်မာပြည်အရေးနဲ့ ဝါရှင်တန်က နိုင်ငံရေးကို ကြည့်လို့ရှိရင် ကျမအနေနဲ့ မြင်တာက မြန်မာပြည်အတွက် ကံကောင်းတာတခုက ဘယ်ပါတီကပဲ ဝင်ဝင် မြန်မာပြည်အရေးကို အမြဲတမ်း လိုလိုလားလားပဲ ဦးဆောင်ပေးတာကို ကျမတွေ့ရတယ်။ မြန်မာပြည် အရေးတခုတည်းအတွက်နဲ့တော့ ဘယ် သမ္မတပဲလာလာ မက်ကိန်းပဲဖြစ်ဖြစ်၊ ဒီမိုကရက်က အိုဘားမားပဲဖြစ်ဖြစ် ပြဿနာမရှိပါဘူး။ စိတ်ပူစရာမလိုပါဘူး။”

အိုဘားမားနဲ့ ဟီလာရီမှာ ဘာကြောင့် အိုဘားမားကို ထောက်ခံတာပါလဲခင်ဗျ။

ကျမ သူတို့ နှစ်ယောက်စလုံးရဲ့ အရည်အချင်းကိုတော့ လုံးဝသံသယမရှိဘူး။ နှစ်ယောက်စလုံးတော်တယ်။ သမ္မတ ဖြစ်မယ်ဆိုရင် ဘယ်တယောက်ပဲ ဖြစ်လာဖြစ်လာ ကျေကျေနပ်နပ်ပဲ လက်ခံနိုင်တယ်။ ဒါပေမဲ့ ကျမတို့အတွက် အိုဘားမားကတော့ စိန်ခေါ်မှုကြီးတခုဖြစ်တယ်လို့ မြင်တယ်လေ။ တချိန်တုန်းက နိုင်ငံသမိုင်းကို ပြန်ကြည့်ရင် အမျိုးသမီးတွေက တချိန်က မဲပေးခွင့်တောင် မရှိဘူးဆိုတာ မှန်တယ်။ ဒါပေမဲ့ တချိန်တုန်းက ကျွန်ပြုခံနေရတဲ့ လူမျိုးအနေနဲ့ ကြည့်ရင် ဒီ သမိုင်းကို ချေဖြတ်ပြီးတော့ ဒီလူမျိုးကို အရည်အချင်းနဲ့ ကြည့်တဲ့အခါ ဘယ်ထိလက်ခံနိုင်ကြသလဲဆိုတာဟာ ကြီးကျယ်တဲ့ စိန်ခေါ်မှုတခုလို့ ကျမ မြင်တယ်။”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG