သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့တီမောသမ္မတ အတိုက်အခိုက်ခံရ၊ သြစတြေးလျမှာ ဆေးကုသမှုခံယူနေ


အရှေ့တီမောသမ္မတ ဂျိုဆေး ရာမို့စ် ဟော်တာ
(Jose Ramos-Horta) ဟာ မြို့တော်ဒီလီက သူ့ရဲ့
နေအိမ်မှာ သူပုန်တွေက သေနတ်နဲ့ပစ်ခတ်
တိုက်ခိုက်တာ ခံခဲ့ရတဲ့အတွက် ဒဏ်ရာရသွား
တယ်လို့ စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ လွတ်လပ်ရေးရပြီးတာ မကြာသေးတဲ့ အရှေ့
တီမောနိုင်ငံထဲမှာ မကြာသေးခင်ကာလအတွင်း မငြိမ်သက်မှုတွေဖြစ်ပွားအောင် လုပ်ဆောင်ခဲ့တဲ့
တပ်ပြေးစစ်သားလည်း သမ္မတအိမ်ကို ဝင်စီးတဲ့
အချိန်မှာ သေသွားခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Phil Mercer ဆစ်ဒနီမြို့
ကနေ သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်
က တင်ပြပေးထားပါတယ်။

အရှေ့တီမောမြို့တော် ဒီလီ (Dili) ကလာတဲ့
သတင်းတွေအရတော့ သမ္မတ ဂျိုဆေး ရာမို့စ်
ဟော်တာဟာ နှစ်ဖက် အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတုန်း ဗိုက်ကို သေနတ်မှန်သွားခဲ့တာလို့ ဆိုပါတယ်။ လောလောဆယ်မှာတော့ သမ္မတ ဂျိုဆေး
ရာမို့စ် ဟော်တာဟာ သြစတြေးလျနိုင်ငံ ဒါဝင်မြို့မှာ အရေးပေါ် ဆေးကုသမှုခံယူနေရ
တယ်လို့ ဆိုပါတယ်။

အရှေ့တီမော ရုပ်မြင်သံကြားသတင်းဌာနရဲ့ သတင်းပေးပို့ချက်အရတော့ ဝန်ကြီးချုပ်
ဇေနားနား ဂုစ်မားအိုး (Xanana Gusmao) လည်း သေနတ်နဲ့ အပစ်ခံခဲ့ရပေမယ့်
တယောက်မှ ထိခိုက်ဒဏ်ရာရခဲ့ခြင်းမရှိဘူးလို့ ပြောပါတယ်။

သမ္မတရာမို့စ်ကို တိုက်ခိုက်မှုကတော့ ဒေသစံတော်ချိန် တနင်္လာနေ့မနက် ၇ နာရီ
လောက် သူ့အိမ်ရှေ့ကဖြတ်သွားတဲ့ ကားပေါ်က လူတွေက အိမ်ထဲမှာရှိတဲ့လူတွေကို
သေနတ်နဲ့ စတင်ပစ်ခတ်ရာက ဖြစ်ပွားခဲ့တာပါ။ သမ္မတ ရာမို့စ် သြစတြေးလျနိုင်ငံမှာ ဆေးကုသမှုခံယူနေတုန်း ဝန်ကြီးချုပ် ဂုစ်မားအိုးက တိုင်းပြည်ကို ယာယီထိန်းသိမ်း
ထားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဇာကားရီးယပ်စ် ဒါ ကော့စ်တာ (Zacarias da
Costa) က စီအဲန်အဲန် ရုပ်မြင်သံကြား သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ပြည်ပြေးသူပုန်ခေါင်းဆောင် အယ်လ်ဖရေးဒိုး ရေနားဒိုး (Alfredo Reinado) ကတော့ သေဆုံးသွားခဲ့ပါတယ်။ အရင်က တပ်ထိန်းချုပ်ဖြစ်ခဲ့တဲ့ မစ္စတာရေနားဒိုးဟာ ပြီးခဲ့တဲ့
၂၀၀၆ ခုနှစ်အတွင်း အစိုးရတပ်ဖွဲ့နဲ့ သူပုန်တွေအကြား တိုက်ပွဲတွေဖြစ်ပွားအောင်
လုပ်ဆောင်ခဲ့မှု၊ လူသတ်မှု စတာတွေနဲ့ တရားစွဲဆိုခံရပြီး ထောင်ချခံခဲ့ရသူတဦး
ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေကြောင့် လူ ၃၀ လောက် သေဆုံးခဲ့ရပြီး ထောင်
သောင်းချီတဲ့ ပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။ ဒါကြောင့်လည်း
သြစတြေးလျ၊ နယူးဇီလန်၊ ပေါ်တူဂီနဲ့ မလေးရှားနိုင်ငံတို့က တပ်ဖွဲ့တွေနဲ့ စုပေါင်း
ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ ထိန်းသိမ်းရေးတပ်ဖွဲ့လို့ခေါ်တဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ အရှေ့တီမောနိုင်ငံမှာ ကြားဝင်ဆောင်ရွက်ပေးရတဲ့ အခြေအနေကို ရောက်ခဲ့တာပါ။

သမ္မတကို လုပ်ကြံတယ်လို့ ယူဆရတဲ့ ဒီတိုက်ခိုက်မှုဟာ ရုတ်တရက် မမျှော်လင့်ဘဲ
ဖြစ်ပေါ်ခဲ့တာလို့ ဒီလီမြို့က စီးပွားရေးသမားတဦးဖြစ်တဲ့ အယ်လ်ချီးနိုး ဒါ ဆေးလ်ဗား
(Alchino da Silva) က ပြောပါတယ်။
“ဒါဟာ အံအားသင့်စရာဖြစ်ရပ်ပါပဲ။ ကုလသမဂ္ဂက ရဲတပ်ဖွဲ့တွေနဲ့ နိုင်ငံတကာ ထိန်းသိမ်းရေးတပ်ဖွဲ့တွေ ရှိနေတဲ့အတွက်ကြောင့် ဒီလီမြို့မှာ ဒီလိုတိုက်ခိုက်မှုမျိုး
ဖြစ်ပွားလိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ခဲ့ကြဘူး”

အရင်က ပေါ်တူဂီကိုလိုနီဖြစ်ခဲ့တဲ့ အရှေ့တီမောနိုင်ငံဟာ အကြမ်းဖက် ဆူပူမှုတွေကြား
ကပဲ အင်ဒိုနီးရှားနိုင်ငံကခွဲထွက်ဖို့ ၁၉၉၉ ခုနှစ်မှာ မဲပေးဆုံးဖြတ်ခဲ့ကြပါတယ်။ ကုလ
သမဂ္ဂရဲ့ အုပ်ချုပ်မှုအောက်မှာ ခေတ္တနေခဲ့ပြီး နောက်ပိုင်း ၂၀၀၂ ခုနှစ်မှာ လွတ်လပ်တဲ့
နိုင်ငံတခု ဖြစ်လာခဲ့ပေမယ့် ကမ္ဘာမှာ အဆင်းရဲဆုံးနိုင်ငံတခု ဖြစ်နေဆဲပါ။

ပေါ်တူဂီနိုင်ငံက ၁၉၇၅ ခုနှစ်မှာ အရှေ့တီမောရဲ့ ကိုလိုနီနိုင်ငံအဖြစ်က ထွက်ခွာသွားပြီး
နောက်ပိုင်း အင်ဒိုနီးရှားနိုင်ငံရဲ့ အုပ်ချုပ်မှုအောက်က လွတ်မြောက်ဖို့ ကြိုးစားမှုတွေမှာ
ဂျိုဆေး ရာမို့စ် ဟော်တာက အဓိက အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်လုပ်ဆောင်ခဲ့ပါ
တယ်။ နောက်ထပ် ဆယ်စုနှစ်တခုလောက် အကြာမှာတော့ သူဟာ နိုဘဲလ်ငြိမ်းချမ်း
ရေးဆုကို ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG