သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်မြောက်ပိုင်း ကာဒ်သူပုန်နှင့် တူရကီတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်


ကာဒ်သူပုန်တွေနဲ့ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ အတွင်း ကာဒ်သူပုန် ၃၃ ယောက်နဲ့ တူရကီ စစ်သား ၈ ယောက် သေဆုံးခဲ့တယ်လို့ တူရကီ စစ်တပ်က ပြောပါ တယ်။ အီရတ်နိုင်ငံ မြောက်ပိုင်း မှာရှိတဲ့ သောင်းကျန်းသူ ကာဒ်အလုပ်သမား ပါတီ ဝင်တွေကို ပြီးခဲ့တဲ့ ကြာသပတေး နေ့က စတင် ထိုးစစ်ဆင်ကတည်းက ကာဒ် သူပုန်ပေါင်း ၁၁၂ ယောက်ကို သုတ်သင်ခဲ့နိုင် တယ်လို့ တူရကီ စစ်တပ်က ပြောပါတယ်။ ကာဒ်သူပုန်တွေ ကတော့ အဲဒီ အဆိုကို ငြင်းဆန်ပြီး တူရကီစစ်သား ၄၃ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ချေပ ပြောဆိုထားတဲ့အကြောင်း Istanbul မြို့ကနေ ဗွီအိုအေ သတင်းထောက် Dorian Jones သတင်းပေးပို့ထားတာကို ဦးဇော်ဝင်းလှိုင် က တင်ပြထား ပါတယ်။

အီရတ်နိုင်ငံနယ်စပ်မှာရှိတဲ့ လေဆိပ်ကို ခြေကုပ်ယူ တိုက်ခိုက်နေတဲ့ တူရကီ တိုက်လေယာဉ်တွေဟာ အီရတ်နိုင်ငံ မြောက်ပိုင်း အတွင်းကျကျမှာရှိတဲ့ ပစ်မှတ်တွေကို ထိမှန်နေပါတယ်။ အီရတ်နိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ ကာဒ်အလုပ်သမား ပါတီရဲ့ ခြေကုပ်စခန်းတွေကို ဝင်ရောက် တိုက်ခိုက်နေတဲ့ တူရကီ ခြေလျင် တပ်ရင်းကို သေနတ်တင် ဟယ်လီကော်ပတာနဲ့အတူ ဒီ တိုက်လေယာဉ်တွေက လေကြောင်းက ကူညီ တိုက်ခိုက်ပေးနေတာပါ။

တူရကီတပ်ဖွဲ့ဝင်တွေဟာ အီရတ်နဲ့ အီရန် နယ်စပ်မှာရှိတဲ့ Kandil တောင်တွေနားကို လေထီးနဲ့ ဆင်းခဲ့တဲ့အကြောင်း တူရကီ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ဒီ Kandil ဒေသဟာ သောင်းကျန်းသူတွေ ခြေကုပ်ယူထားတဲ့ အကြီးဆုံး စခန်းတခုဖြစ်ပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ဒေသဟာ လူဦးရေအရ ပြန့်နှံ့နေသလို တောင်တွေနဲ့ ထူထပ်နေတဲ့အတွက် ထိခိုက် ဒဏ်ရာရတဲ့ စာရင်း အတိအကျကို သီးခြား အတည်ပြုဖို့အတွက် အခက်အခဲတွေ ရှိနေပါတယ်။

PKK လို့ခေါ်တဲ့ ကာဒ်အလုပ်သမားပါတီ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အကြောင်းနဲ့ တူရကီ ဟယ်လီကော်ပတာ တစင်းကို သူတို့ ပစ်ချနိုင်ခဲ့တဲ့အကြောင်း ပြောဆိုခဲ့သလို တူရကီ အာဏာပိုင်တွေကလည်း သူတို့ ဟယ်လီကော်ပတာတစင်း ပျက်ကျခဲ့တယ်ဆိုတာ ဝန်ခံ ပြောဆိုပေမယ့် ရန်သူ့ လက်ချက်ကြောင့် ဟုတ် မဟုတ် ဆိုတာတော့ အတည်ပြု ပြောကြားခဲ့ခြင်း မရှိပါဘူး။

သူပုန်တွေဟာ ကဆင့်ကလျားဖြစ်နေပြီး တောင်ပိုင်းကို ထွက်ပြေးနေကြတယ်လို့ တူရကီ စစ်တပ် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောတာကို ကိုးကား ပြောဆိုနေကြပါတယ်။

အီရတ်နိုင်ငံထဲကို ဝင်သွားတဲ့ တူရကီ တပ်ဖွဲ့တွေထဲက ပထမဆုံး သေဆုံးခဲ့တဲ့ စစ်သားရဲ့ ဈာပနကို ထောင်နဲ့ချီတဲ့ ပြည်သူတွေ တက်ရောက်ခဲ့ကြပြီး PKK ဆန့်ကျင်ရေး ကြွေးကြော်သံတွေကို အော်ဟစ် ခဲ့ကြပါတယ်။

တူရကီဖက်က တိုက်ပွဲကျတဲ့လူတွေ များပြားလာနေပေမယ့် ဒီ စစ်ဆင်ရေးကို ထောက်ခံသူတွေ အားကောင်းနေဆဲ ဖြစ်ပါတယ်။

ဒါပေမယ့် အခုလို တိုက်ပွဲတွေ ပြင်းထန်လာနေတာကြောင့် တူရကီအနေနဲ့ ဒီ ကျူးကျော် ဝင်ရောက်မှု ကို အမြန် အဆုံးသတ်ဖို့ သံတမန်ရေးအရ ဖိအားတွေ ပိုမို ပြင်းထန်လာနေပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး Robert Gates ကလည်း တူရကီနိုင်ငံရဲ့ ဒီစစ်ဆင်ရေးဟာ တိုတိုနဲ့ လိုရင်းကို ရောက်စေတဲ့ စစ်ဆင်ရေးဖြစ်လိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် တူရကီဖက်ကတော့ ဒီ ကျူးကျော် တိုက်ခိုက်မှုကို ဆက်လက် လုပ်ဆောင်သွားဖို့ သန္နိဋ္ဌာန် ချထားပုံရပါတယ်။

အင်အား သုံးထောင်လောက်ရှိတဲ့ ကာဒ်သူပုန်တွေဟာ ကိုယ်ပိုင်အုပ်ချုပ်ရေး တစိတ်တဒေသ ရရှိထားတဲ့ အီရတ်နိုင်ငံထဲက ကာဒ်ဒေသကို ခြေကုပ်ယူပြီး တူရကီတပ်ဖွဲ့တွေကို တိုက်ခိုက်နေတာလို့ တူရကီ စစ်တပ်က ပြောပါတယ်။ PKK တပ်ဖွဲ့တွေဟာ ကာဒ်လူမျိုးတွေ အများစုနေထိုင်တဲ့ အရှေ့တောင်ပိုင်းဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေးဖို့ ၁၉၈၄ ခုနှစ်ကတည်းက တိုက်ပွဲဝင်လာခဲ့တာပါ။ တူရကီ ဝန်ကြီးချုပ် ရေဂျက်ပ် တိုင်ယစ်ပ် အာဒဝန် (Recep Tayyip Erdogan) ကတော့ သူ့အစိုးရ အနေနဲ့ ဒီ စစ်ဆင်ရေးကို ဆက်လက် လုပ်ဆောင်သွားမယ့်အကြောင်း သူ့ပါတီကို ထောက်ခံသူတွေ ကို ပြောကြားခဲ့ပါတယ်။

“ဒီသောင်းကျန်းသူတွေရဲ့ ရန်ကို ကာကွယ်ဖို့အတွက် ကျွန်တော်တို့ အားလုံး ညီညွတ်ကြမယ်၊ ဒါပေမယ့် ကျွန်တော်တို့ရဲ့ မိတ်ဆွေ အီရတ်လူမျိုးတွေကို ကျွန်တော်တို့ ပစ်မှတ်ထား တိုက်ခိုက်မှာမဟုတ်ပါဘူး၊ ကျွန်တော်တို့ ပစ်မှတ်ထားတာက PKK အကြမ်းဖက်သမားတွေပဲ ဖြစ်ပါတယ်။”

ဒါပေမယ့် အီရတ်နိုင်ငံထဲမှာ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာနဲ့အမျှ ဒီ ကျူးကျော် တိုက်ခိုက်မှု အမြန်ဆုံး အဆုံးသတ်ဖို့အတွက် နိုင်ငံတကာရဲ့ ဖိအားတွေ တဖြည်းဖြည်းနဲ့ များလာမယ် ဆိုတာကို မစ္စတာ အာဒိုဂန် သဘောပေါက် နားလည်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG