မြန်မာနိုင်ငံအတွင်း အလုပ်သမားအခွင့် အရေးလှုပ်ရှားသူတွေကို မြန်မာ စစ်အစိုးရက ဖမ်းဆီးနေတာတွေနဲ့ မတရားသဖြင့် အရေးယူ အပြစ်ပေး နေမှုတွေဟာ ပြန်လည် စဉ်စားပေးဖို့ ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်က မြန်မာ စစ်အစိုးရကို တောင်းဆိုခဲ့သလိုပဲ ဒီ ဖမ်းဆီးခံနေရတဲ့ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေနဲ့ ILO ကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံအတွင်း သွားရောက်စဉ်မှာ တွေ့ဆုံခွင့် ရခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်း ကိုဇော်ဝင်းလှိုင် က တင်ပြ ပေးထားပါတယ်။
ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်က အမှူဆောင် ညွန်ကြားရေးမှူး ကာရီ တာပီယိုးလား (Kari Tapiola) ဟာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက် လုပ်အားပေးမှုတွေ ဆိုးရွားနေတဲ့ အခြေအနေနဲ့ အဖမ်းခံထားရတဲ့ အလုပ်သမား အခွင့်အရေး လုပ်ရှားသူတွေ ကိစ္စတွေကို မြန်မာစစ်အစိုးရ အရာရှိတွေနဲ့ အခု သီတင်းပတ်ထဲ မြန်မာနိုင်ငံကို သွားပြီး တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
အကြမ်းဖက် လုပ်အားပေး ခိုင်းစေမှုအတွက် လာရောက် တိုင်ကြားသူတွေရဲ့ အမှု ကြားနာတဲ့ကိစ္စ၊ အဲဒီ အမှုတွေကို ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲဆိုတဲ့ မြန်မာစစ်အစိုးရနဲ့ အိုင်အယ်လ်အို အဖွဲ့ကြားက သဘောတူညီချက်ကို သက်တမ်းတိုးဖို့ ကိစ္စတွေကို လက်မှတ် ရေးထိုးနိုင်ခဲ့တဲ့ အပြင် တခြား အကြောင်းအရာ တော်တော် များများကိုလည်း မြန်မာ စစ်အစိုးရကိုယ်စားလှယ် ဦးအောင်ကြည်နဲ့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့နှစ် မေလအတွင်း အလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်ပြီး အမေရိကန် စင်တာမှာ ဟောပြေခဲ့မှုနဲ့ ဖမ်းဆီး ခံထားရတဲ့သူတွေရဲ့ အမှုဟာ တရား မျှတမှုမရှိတဲ့အကြောင်း အိုင်အယ်လ်အို အနေနဲ့ ခိုမာတဲ့ အထောက်အထားတွေ ရှိတဲ့အတွက် ဒီကိစ္စကို မြန်မာစစ်အစိုးရကို တင်ပြခဲ့တယ်လို့ မစ္စတာ တာပီယိုးလား က ဆက်ပြောပါတယ်။
“တခြား အကြောင်းအရာတွေနဲ့ အတူ မြန်မာ နိုင်ငံသားတိုင်း အိုင်အယ်လ်အို အဖွဲ့နဲ့ ထိတွေ့ ဆက်ဆံပိုင်ခွင့် ရှိတယ်ဆိုတဲ့ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက် ရှိနေပေမယ့် အကြမ်းဖက် လုပ်အားပေး ခိုင်းစေမှုနဲ့ပတ်သက်ပြီး အိုင်အယ်လ်အို အဖွဲ့ကို တိုင်ကြားသူတွေကို စစ်အစိုးရက ဖမ်းဆီး အရေးယူတာတွေ၊ ကိုယ်ထိ လက်ရောက် စော်ကားတွေ လုပ်ဆောင်နေတုန်းပဲ ဖြစ်တယ် ဆိုတဲ့ကိစ္စတွေကိုလည်း ဆွေးနွေး ဖြစ်ခဲ့ပါတယ်။”
ဒါ့အပြင် ဖမ်းဆီးခံထားရတဲ့ ဦးသက်ဝေရဲ့ မိသားစုဝင်တွေနဲ့ အိုင်အယ်လ်အို အဖွဲ့အကြား ထိတွေ့ ဆက်ဆံမှု အမြဲတမ်း ရှိတဲ့အကြောင်းနဲ့ ဦးသက်ဝေ အဖမ်းခံထားရတဲ့ ကိစ္စကိုလည်း စစ်အစိုးရ ကိုယ်စားလှယ်နဲ့ တွေ့ဆုံစဉ်မှာ မေးမြန်း ဆွေးနွေးခဲ့တဲ့ အကြောင်းနဲ့ တခြား အဖမ်းခံထားရတဲ့ မိသားစုဝင်တချို့နဲ့ တွေ့ဆုံခွင့် ရခဲ့တဲ့အကြောင်း မစ္စတာ တာပီယိုးလား က ပြောပါတယ်။
“အမေရိကန်စင်တာမှာ အလုပ်သမား အခွင့်အရေးအတွက် ဟောပြောပြီး လွတ်လပ်စွာ စည်းဝေးခွင့်အမှုနဲ့ အဖမ်းခံထားရသူ ၆ ယောက်ရဲ့ မိသားစုဝင်တွေနဲ့လည်း တွေ့ဆုံခွင့်ရခဲ့ပါတယ်။”
တာဝန်ဝတ္တရား နှောက်ယှက်မှုနဲ့ အဖမ်းခံထားရတဲ့ ဦးသက်ဝေရဲ့ ဇနီးဖြစ်သူ ဒေါ်သန်းသန်းကတော့ အိုင်အယ်လ်အို ကိုယ်စားလှယ်တွေ သူ့ကို တွေ့ဖို့ ကြိုးစားတဲ့အချိန်မှာ ဦးသက်ဝေ အတွက် ထောင်ဝင်စာ သွားတွေ့နေတဲ့ အတွက် သူကိုယ်တိုင် တွေ့ခွင့် မရခဲ့ပေမယ့် မိသားစုကိုယ်စား ဦးသက်ဝေရဲ့ မိတ်ဆွေ ၂ ဦးက မစ္စတာ တာပီယိုးလားနဲ့ သွားတွေ့ခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ အဖွဲ့ချုပ် ရုံးချုပ်မှာ တွေ့ဆုံခွင့် ရခဲ့ပြီး အဖွဲ့ချုပ် အနေနဲ့ မြန်မာ နိုင်ငံထဲမှာ ဖြစ်ပေါ်နေတဲ့ အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေအပေါ် စိုးရိမ်ပူပန်တဲ့အကြောင်းနဲ့ မြန်မာနိုင်ငံထဲမှာ အိုင်အယ်လ်အိုအဖွဲ့ တည်ရှိနေမှုဟာ အရေးပါကြောင်း အဖွဲ့ချုပ် ခေါင်းဆောင်တွေဖက်က သူ့ကို တင်ပြခဲ့တယ်လို့ မစ္စတာ တာပီယိုးလား က ပြောပါတယ်။
မစ္စတာ တာပီယိုးလားရဲ့ ဒီ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ပတ်သက်ပြီး သူ ပြန်ရောက်တဲ့အခါ အိုင်အယ်လ်အို အုပ်ချုပ်ရေးအဖွဲ့ကို အစီရင်ခံစာ တင်သွင်း သွားမှာဖြစ်ပြီး အဲဒီ အစီရင်ခံစာကတော့ ရှေ့လလယ်လောက်မှာ ထွက်ပေါ်လာလိမ့်မယ်လို့ ပြောပါတယ်။