သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်အိမ်အနီး ဓားပြမှု လူငါးဦး အသတ်ခံရလို့ လုံခြုံရေး စိုးရိမ်


မနေ့ကညနေပိုင်းမှာ လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ်ချထားတဲ့ မြန်မာ့ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
နေအိမ်နားမှာ လူငါးဦးကို သေနတ်နဲ့ပစ်ခတ် သွားတဲ့အမှုတခု ဖြစ်ပွားခဲ့ပါတယ်။ ၁၉၆၀
ခုနှစ်နောက်ပိုင်း အရပ်သားတွေ လက်နက် ပိုင်ဆိုင်မှုအတွက် အာဏာပိုင်တွေက
တင်းတင်းကျပ်ကျပ် ဥပဒေတွေ ပြဋ္ဌာန်းထား
တာပါ။ အခုလို အရပ်ထဲမှာ သေနတ်နဲ့ပစ်
ခတ်မှု ဖြစ်ပွားတာမျိုးဟာ သိပ်ကိုရှားပါးပါ
တယ်။ ဒီလိုရှားရှားပါးပါး ဖြစ်ပွားမှုတွေထဲက အခု ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်
ချုပ်ချထားတဲ့ နေအိမ်နားမှာ ဖြစ်သွားတာမို့ ဒေါ်အောင်ဆန်းစုကြည်အတွက် လုံခြုံရေး
ကို စိုးရိမ်မကင်းဖြစ်ရတယ်လို့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေက ပြောပါတယ်။ အပြည့်
အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ပြ ပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့ နေရာ
အနီးမှာ သေနတ်နဲ့ပစ်ခတ်ခံရတဲ့ မိသားစုတစုရဲ့ အလောင်းငါးလောင်းကို တွေ့ရှိခဲ့ရ
တာကြောင့် တက္ကသိုလ်ရိပ်သာလမ်းမှာ နေထိုင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံ
ရေးအတွက် ဒီမိုကရေစီအင်အားစုတွေက စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းမှာ ဖွင့်လှစ်ထားတဲ့ ဖူဂျီဟောက်စ် ဆိုင်ပိုင်ရှင်ရဲ့ဇနီးနဲ့ သူ့ရဲ့မိသားစုဝင်တွေကို သေနတ်နဲ့ ပစ်ခတ်သွားတာကြောင့်
ဆိုင်ပိုင်ရှင် ဦးသူဇော်ရဲ့အိမ်မှာ အာဏာပိုင်တွေက စစ်ဆေးနေပြီး ရဲအများအပြား
ချထားတယ်လို့ ဆိုပါတယ်။ ဦးသူဇော်ရဲ့အိမ်ကို ဘယ်သူမှ ဆက်သွယ်လို့မရတဲ့
အကြောင်း အိမ်နီးနားချင်းတဦးက အခုလို ပြောပြပါတယ်။

“သူ့အိမ်ဖုန်းနံပါတ်က ရှိတော့ရှိတယ်။ ဒါပေမယ့် ဆက်လို့မရဘူး၊ ပိတ်ထားတယ်။ အဲဒီ
မှာ ရဲတွေရောက်နေလို့။”

ဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ
ဦးဉာဏ်ဝင်းကလည်း အခုလိုပြောသွားပါတယ်။

“ကျနော်တို့ကတော့ အစ်မအတွက် အမြဲတမ်းစိုးရိမ်နေတာပဲ။ ဘာဖြစ်လို့လဲဆိုတော့
လုံခြုံရေးက သူတို့ဘက်က ယူထားတာလေ။ အဲတော့ တစုံတခုဆိုရင် ကျနော်တို့မှာ
ဘာမှမရှိဘူး။ အမြဲတမ်းစိုးရိမ်နေရပါတယ်။”

တက္ကသိုလ်ရိပ်သာလမ်းဆိုတဲ့နေရာမှာ လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ချထားတဲ့
ကြားက အခုလို လူသတ်မှု ကျူးလွန်နိုင်ခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး
အတွက် စိုးရိမ်ရတယ်ဆိုပြီး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုစိုးထွန်းက အခုလိုပြောပါတယ်။

“ဒေါ်စုလုံခြုံရေးကိုလည်း ချထားတဲ့နေရာဖြစ်တယ်။ ပြီးတော့ နိုင်ငံတော်ဧည့်ဂေဟာ
လည်းရှိတယ်။ သူတို့လုံခြုံရေးတွေ တင်းကျပ်စွာရှိနေတဲ့ နေရာပေါ့။ ဟိုဘက် ကုက္ကိုင်း လမ်းဆုံဘက်မှာလည်း လုံခြုံရေးဂိတ်တွေ၊ အဝင်အထွက်တွေ၊ ဒေါ်စုခြံနားတဝိုက်မှာ ရှိနေတဲ့အနေအထားအရ၊ ဒီလောက် တင်းတင်းကျပ်ကျပ် လုံခြုံရေးချထားတဲ့အနေ
အထားမှာ အခုလိုဖြစ်သွားတာ ကျနော်တို့အနေနဲ့ စိုးရိမ်မှု တော်တော်ဖြစ်တယ်။ ရန်ကုန်မြို့ကြီးလိုအနေအထားမျိုးမှာ လုံးဝမကြားဘူးတဲ့ အနေအထားပေါ့ဗျာ။
လူငါးယောက်တောင် အသတ်ခံလိုက်ရတယ်လို့ကြားတယ်။ အခုဆိုရင် အမေရိကန်
သံရုံးလည်း အဲဒီနားမှာရောက်နေပြီ။ အဲဒီလို လုံခြုံရေးတွေ ဒီလောက်ရှိနေတဲ့ အနေ
အထားမှာ ဒီလိုဖြစ်သွားတော့ ကျနော်တို့ စိုးရိမ်မှုတော့ တော်တော်ဖြစ်တယ်။ အထူး
သဖြင့် ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း ကျနော်တို့ အထူးစိုးရိမ်မှုဖြစ်တယ်။”

မြန်မာနိုင်ငံမှာ လက်နက်ဆိုရင် လေးခွကိုင်တာကအစ ဖမ်းဆီးပြီး တရားစွဲဆို
ထောင်ချခဲ့တာကြောင့် လက်နက်ကိုင်ဆောင်တဲ့သူတွေဟာ ဘယ်သူတွေဖြစ်တယ်
ဆိုတာ မသိနိုင်ပေမယ့် ပြည်သူတွေအနေနဲ့တော့ ကိုင်ဆောင်ခွင့်မရတဲ့အကြောင်း အခုလိုပြောပါတယ်။

“လက်နက်ဆိုရင် မြန်မာပြည်မှာ တုတ်တွေ၊ ဓားတွေတောင် ကိုင်ခွင့်ရခဲ့တာ မဟုတ်
ဘူးလေ။ အကုန်လုံး တောက်လျှောက် အစစ်ဆေးခံရတယ်။ အဖမ်းခံရတယ်။ ခဲလုံး
လေး တလုံးကိုင်ရင်တောင် သူတို့က ဒါကို ဖမ်းဖို့ပြုဖို့ လုပ်နေတာတွေ ရှိနေတာကိုး။
အဲတော့ ဒီလိုတင်းကျပ်ထားတဲ့၊ လက်နက်နဲ့ပတ်သက်ပြီး လိုက်လံစစ်ဆေးမှုတွေ တင်းကျပ်တဲ့ကြားထဲက ဒီလိုဖြစ်သွားတယ်ဆိုတော့ ဒါ ဘယ်လိုကြောင့်ဖြစ်တယ်
ဆိုတာတော့ ကျနော်တို့ မသိဘူးပေါ့လေ။ ဒီလိုလက်နက်က ဘယ်က ဘယ်လိုရသလဲ
ပေါ့။ အဲဒါလည်း ကျနော်တို့ လုံး၀ စဉ်းစားလို့မရတဲ့အနေအထား ဖြစ်တယ်။”

မြန်မာနိုင်ငံမှာ မှုခင်းသတင်းတွေနဲ့ပတ်သက်ပြီး သတင်းတွေအများအပြားရှိတဲ့ကြားက အခုလိုလူသတ်မှုကတော့ ထူးခြားတဲ့ဖြစ်စဉ်မှာပါကြောင်း၊ ဒီလိုလူသတ်မှုတွေဟာ စီးပွားရေးသမားအချင်းချင်းကြား အဝေမတည့်မှုတွေ၊ အငြိုးထားမှုတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေကြား စီးပွားရေးဝေစုခွဲမှုတွေကြောင့် ဖြစ်တာများပြီး အကျယ်တဝင့်
ဖော်ပြဖို့အတွက် အခက်အခဲရှိကြောင်း မှုခင်းသတင်းစုံစမ်းနေတဲ့ စာနယ်ဇင်းသမား
တချို့က ပြောပါတယ်။

အခုကိစ္စမှာလည်း သေဆုံးသူမိသားစုဟာ ကျောက်ကိစ္စတွေနဲ့ ပတ်သက်ဆက်နွယ် နေကြောင်းကိုလည်း သတင်းရရှိတယ်ဆိုပြီး ပြောပြခဲ့ပါတယ်။

အခုဖြစ်ရပ်ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်ရဲ့လုံခြုံရေးကို အာမခံဖို့အတွက် စစ်အစိုးရမှာ တာဝန်ရှိကြောင်း တိုင်းနဲ့ပြည်နယ်
အသီးသီးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေက ပြောဆိုနေကြပါတယ်။

XS
SM
MD
LG