သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလကိုယ်စားလှယ် ဂမ်ဘာရီနဲ့ အဲန်အယ်လ်ဒီ မနက်ဖြန် တွေ့ဆုံဆွေးနွေးမည်


မြန်မာ့အရေး ကြားဝင်ဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဲန်အယ်လ်ဒီ နဲ့ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ အဲန်အယ်လ်ဒီ ပါတီကပြောပါတယ်။ မြန်မာနိုင်ငံက နိုင်ငံရေး ပြဿနာတွေ ပြေလည်စေဖို့ သက်ဆိုင်သူတွေနဲ့ တွေ့မှဖြစ်မယ်လို့ ပြောနေတဲ့ အထူးကိုယ်စားလှယ်နဲ့ အဲန်အယ်လ်ဒီတို့ ဆွေးနွေးမယ့်ကိစ္စနဲ့ ပတ်သက်လို့ စုံစမ်းထားတာကို ဦးအောင်လွင်ဦး က တင်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဲန်အယ်လ်ဒီပါတီ ရဲ့ အလုပ်အမှုဆောင် ကိုယ်စားလှယ်တွေကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီ နဲ့ တွေ့ဆုံခွင့်ပြုမယ့် အကြောင်း အာဏာပိုင်တွေဖက်က ဒီကနေ့ နေ့လည်ပိုင်းကပဲ ပါတီကို လာရောက် အကြောင်းကြားသွားခဲ့တာပါ။ ဒီလို မနက်ဖြန် အထူးကိုယ်စားလှယ်နဲ့ ရန်ကုန်မြို့က အစိုးရ ဧည့်ဂေဟာတစ်ခုမှာ တွေ့ဆုံမယ့် ကိစ္စ၊ ဆွေးနွေးမယ့် ကိစ္စတွေနဲ့ ပတ်သက်လို့ နောက်ထပ် ဘာတွေများ သိရမလဲလို့ အဲန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို ဆက်သွယ် မေးမြန်းကြည့်ပါတယ်။

“သူတို့ အာဏာပိုင်တွေက မနက်ဖြန် နေ့ခင်းမှာ စီအီးစီ အဖွဲ့နဲ့ မစ္စတာ ဂမ်ဘာရီနဲ့ တွေ့မယ်လို့ လာအကြောင်းကြားထားပါတယ်။”

အဲန်ကယ်လ်တို့ အဲဒါ တွေ့တဲ့အချိန်ကျရင် ဘယ်သူတွေ ပါဖို့ရှိလဲ၊ အဲန်ကယ်လ်တို့ဖက်ကရော၊ ဟိုဖက်ကရော။ -

“အဲဒီ စီအီးစီထဲက ၅ ယောက် သွားမယ်။ ဘယ်သူတွေလဲ ဆိုတာကတော့ ဥက္ကဌနဲ့ သူတို့ ညှိပြီးတော့ သွားကြမှာပေါ့လေ။ ကျနော်တော့ ၅ ယောက်စလုံး နံမည်တော့ ကျနော် မရသေးဘူး။”

နောက် အဲန်ကယ်လ်တို့ဖက်က မစ္စတာ ဂမ်ဘာရီနဲ့ ဘယ်လို အကြောင်းအရာတွေကို ဆွေးနွေးဖြစ်မယ်လို့ အဲန်ကယ်လ်တို့ ယေဘုယျ စဉ်းစားထားတာတွေ ရှိခဲခင်ဗျ။ -

“ကျနော်တို့ ကြိုတင်ပြီး စဉ်းစားထားတာတွေ ရှိတယ်။ ကြိုတင်ပြီးတော့ ဆွေးနွေးထားတာတွေ ရှိတယ်။ အသေးစိတ်အနေနဲ့တော့ ကျနော့်အနေနဲ့ လူကြီးတွေ ကိုယ်တိုင် ပြောမှာမိုလို့ ကျနော် ပြောလို့မရပါဘူး။ အဓိက အားဖြင့် ကျနော်တို့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဦးတည်ပြီးတော့ ဆွေးနွေး တင်ပြမယ်လို့ပဲ ကျနော် အဲဒီလောက်ပဲ ယေဘယျ ပြောနိုင်လို့ရပါမယ်။”

ဟုတ်ကဲ့။ အဲဒီထဲမှာ အဲန်ကယ်လ်တို့ နောက်ဆုံး အစိုးရ ကြေညာခဲ့တဲ့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတို့၊ ရွေးကောက်ပွဲတို့ ကိစ္စတွေရော ပါမှာလား အဲန်ကယ်လ်။ -

“ပါနိုင်တာပေါ့လေ။ ကျနော် တိတိကျကျတော့ ကျနော် မသိပါဘူး။”

အဲန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ မစ္စတာ ဂမ်ဘာရီအနေနဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခွင့်ရဖို့ မျှော်လင့်ထားတာ ဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖြစ်မယ် မဖြစ်ဘူးဆိုတာ အခုအချိန်အထိတော့ မသိရသေးဘူးလို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။ မြန်မာ့အရေး ကြားဝင် ဆောင်ရွက်ပေးနေတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံက နိုင်ငံရေး ပြဿနာတွေ ပြေလည်အောင် ဆောင်ရွက်ရာမှာ နိုင်ငံရေးအင်အားစုတွေ အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တယ်ဆိုပြီးတော့လည်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဝိုင်းဝန်းတိုက်တွန်း တောင်းဆိုမှုတွေက ရှိနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG