သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ဖိအားပေးဖို့ လုံခြုံရေးကောင်စီကို တိုက်တွန်း


မြန်မာစစ်အစိုးရက အခြေခံဥပဒေမူကြမ်းတရပ်ကို အတည်ပြုနိုင်ဖို့ မကြာခင် ကျင်းပပေးမယ့် လူထု
ဆန္ဒခံယူပွဲကို လက်မခံဖို့ အဆိုတရပ်ကို ကုလ
သမဂ္ဂ လုံခြုံရေးကောင်စီမှာ ဒီရက်ပိုင်းအတွင်း
ဆွေးနွေးကြဖို့ ရှိနေတယ်လို့ သိရပါတယ်။ မြန်မာ့
ဒီမိုကရေစီရေး အင်အားစုတွေက ဒီဆန္ဒခံယူပွဲကို
ဆန့်ကျင်ကြဖို့ အသံတွေ ကျယ်ကျယ်လောင်
လောင် ထွက်ပေါ်နေချိန်မှာပဲ ကုလသမဂ္ဂမှာ
အခုလို ဆွေးနွေးမယ့်အစီအစဉ်တွေ ထွက်ပေါ်
လာတာလည်း ဖြစ်ပါတယ်။ အကြောင်းစုံကို
ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရက ကြီးမှူးကျင်းပမယ့် လူထုဆန္ဒ
ခံယူပွဲဟာ သက်ဆိုင်သူ ပါဝင်သင့်သူတွေ မပါဝင်ဘဲ ရေးဆွဲထားတဲ့ အခြေခံဥပဒေကို
အတည်ပြုမှာ ဖြစ်တာကတကြောင်း၊ ဒီမိုကရေစီ အခြေခံတွေကလည်း မရှိတာမို့
ဆန့်ကျင်ကန့်ကွက်မှုတွေ ထွက်ပေါ်လာနေချိန်မှာပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ
လည်း ဒီကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးဆုံးဖြတ်ကြဖို့ အစီအစဉ်တွေလည်း ထွက်ပေါ်
လာတာပါ။

မကြာခင်ရက်တွေအတွင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံကိစ္စ
ဆွေးနွေးတဲ့အခါ ဒီကိစ္စနဲ့ပတ်သက်ပြီး ထုတ်ပြန်ကြေညာဖို့ ဗြိတိန်၊ အမေရိကန်၊
ပြင်သစ်နိုင်ငံတွေက ပူးတွဲအဆိုပြုထားတာဖြစ်ပါတယ်။ လုံခြုံရေးကောင်စီက မြန်မာ့ အရေးနဲ့ပတ်သက်လို့ အဖွဲ့ဝင် ၁၅ နိုင်ငံကြား ဆွေးနွေးကြမယ့် နောက်ဆုံး အခြေ
အနေတွေနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုရဲ့ ကုလသမဂ္ဂဆိုင်ရာ
လက်ထောက်သံအမတ်ကြီး အလက်ဟန်ဒရို ဝုဖ် (Alejandro Wolff) က ပြောဆိုခဲ့ရာ
မှာတော့ …

“လုံခြုံရေးကောင်စီ ကြေညာချက်က အလွန်အရေးကြီးပါတယ်။ မှတ်စုထဲမှာပါတဲ့
အတိုင်း ကျနော်တို့လုပ်မယ့် အစီအစဉ်တွေထဲမှာ မြန်မာနိုင်ငံကိစ္စကို ထည့်သွင်းထား
ပါတယ်။ မြန်မာနိုင်ငံက အခြေအနေတွေကို ကျနော်တို့က တကယ့်ကို နီးနီးကပ်ကပ် စောင့်ကြည့်နေတာပါ။ ကြေညာချက်ကို မကြာခင်ဖြန့်ဝေနိုင်မယ်၊ နောက်ပြီး တခြား
အဖွဲ့ဝင်နိုင်ငံတွေကလည်း ထောက်ခံကြလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။”

ဒီလို ဆွေးနွေးဆုံးဖြတ်ကြေညာချက် ထုတ်ပြန်ဖို့ ဖြစ်လာရတဲ့ အခြေအနေတွေနဲ့
ပတ်သက်လို့ သံအမတ်ကြီးက ဆက်လက်ပြောဆိုရာမှာလည်း …

“လုံခြုံရေးကောင်စီနဲ့ အဖွဲ့ဝင်နိုင်ငံတွေ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုတို့က
မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်လို့ အထူးစိုးရိမ်မကင်း ဖြစ်နေကြတာပါ။ ဒီလိုအခြေအနေတွေကြောင့်လည်း လူထုဆန္ဒခံယူပွဲ ကျင်းပမယ့်ကိစ္စ၊ အခြေခံဥပဒေ
ကိစ္စတွေ အပါအဝင် အခြေအနေတွေကို အနီးကပ်စောင့်ကြည့်သွားဖို့လိုပါတယ်။”

နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ အားလုံးပါဝင်ခွင့်ရှိဖို့၊ နောက် ဒီမိုကရေစီနည်းလမ်းတကျ
ပြည်သူတွေရဲ့ အသံတွေကိုလည်း ဖွင့်ဟထုတ်ဖော်ခွင့်ရှိဖို့ ယုံကြည်ကြောင်းလည်း
ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဒီလိုလုပ်ဆောင်ရာမှာ ပွင့်လင်းလွတ်လပ်ဖို့၊ ထင်သာ
မြင်သာရှိဖို့ လိုတယ်လို့လည်း အမေရိကန်ပြည်ထောင်စုရဲ့ ကုလသမဂ္ဂဆိုင်ရာ လက်ထောက်သံအမတ်ကြီး အလက်ဟန်ဒရို ဝုဖ်က ပြောဆိုသွားခဲ့ပါတယ်။

ဒါဟာဆိုရင် မြန်မာနိုင်ငံက အဓိကအတိုက်အခံ နိုင်ငံရေးပါတီကြီးတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) က မေလထဲကျင်းပဖို့ရှိတဲ့ လူထုဆန္ဒ
ခံယူပွဲမှာ ကန့်ကွက်မဲတွေပေးကြဖို့ တိုက်တွန်းချက် ထွက်ပေါ်အပြီး ဆက်တိုက်ဆိုသ
လို ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ ဒီလို အန်န်အယ်လ်ဒီရဲ့ ရပ်တည်ချက်တွေနဲ့ ထပ်တူကျနိုင်စရာရှိတဲ့ ဆောင်ရွက်ချက်တွေ ကုလသမဂ္ဂဘက်က ကြိုးပမ်းနေတဲ့
အပေါ် အန်န်အယ်လ်ဒီပါတီက ကြိုဆိုလိုက်ပါတယ်။

“ကျနော်တို့ အခု မနေ့ကလည်း ကြေညာချက်ထုတ်တာ သိပြီးသားပါ။ ကျနော်တို့က
ဝင်မယ်၊ ကန့်ကွက်မယ်။ ဒါက ကျနော်တို့အနေနဲ့ ဒီမှာ လက်တွေ့လုပ်နိုင်တဲ့ဟာကို
လုပ်တာ။ ဒါက referendum ကိုပဲဖြစ်ဖြစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပဲဖြစ်ဖြစ်
ကြိုက်လို့မဟုတ်ဘူး။ မကြိုက်လို့ ကျနော်တို့လုပ်တာ။ အဲတော့ ဒါကိုလက်မခံဘူး
ဆိုတာ ကျနော်တို့လည်း လက်မခံချင်ဘူး။ တခုမှကိုလက်မခံချင်ဘူး။ အများပြည်သူက
လုံးဝမကြိုက်ဘူး။ referendum လည်းမကြိုက်ဘူး။ constitution လည်းမကြိုက်ဘူး။
မကြိုက်ပေမယ့် constitution အတည်မဖြစ်ရေး လုပ်နည်းကတော့ ကန့်ကွက်ဖို့ပဲ
ဆိုတာကို ကျနော်တို့ ဒီလိုပဲနားလည်ပါတယ်။ ကျနော်တို့ကန့်ကွက်ရတာဟာ ကျနော်
တို့ လက်မခံနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ဖြစ်မှာစိုးလို့။ ကုလသမဂ္ဂက
လက်မခံဖို့ အဆိုတင်ဆွေးနွေးတာကို ကုလသမဂ္ဂရဲ့လုပ်ရပ်တွေကို ကျနော်တို့ တန်ဖိုး
ထားပါတယ်။”
အန်န်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။

အလားတူ မြန်မာ့အရေး မြန်မာနိုင်ငံသားတွေကိုယ်တိုင် ဆောင်ရွက်ရမှာဖြစ်ပေမယ့်
ကုလသမဂ္ဂလို နိုင်ငံတကာအသိုင်းအဝိုင်းက တွန်းအားပေး ဆောင်ရွက်ဖို့တွေလည်း လိုအပ်ပါတယ်လို့ တိုက်တွန်းလိုက်သူကတော့ တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်
တဦးဖြစ်တဲ့ ဦးအေးသာအောင်ပါ။

“နိုင်ငံတကာရဲ့သဘောထားတွေက နအဖကို ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင် တချိန်
မှာ နိုင်ငံတကာဆက်ဆံရေးမှာ ဒါဟာ ထိရောက်မယ့် ထုတ်ပြန်ချက်၊ ကြေညာချက်
ဖြစ်လိမ့်မယ်လို့ ကျနော့်အနေနဲ့ မျှော်လင့်တယ်။ အဓိကကတော့ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေနဲ့ ပြည်သူတွေရဲ့ လာမယ့် ပြည်သူ့ဆန္ဒခံယူပွဲမှာ သဘောထားကို တညီတညွတ်တည်း ပေးထားတာဟာ ပိုပြီးတော့ အဓိကကျလိမ့်မယ်လို့ ကျနော့်
အနေနဲ့ မြင်ပါတယ်။

“အန်ကယ်တို့ ပြည်တွင်းအနေနဲ့ လက်ရှိ နအဖသွားနေတဲ့လမ်းကြောင်းကို ပြောင်းလဲ
အောင် နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေနဲ့ ဆွေးနွေးလာအောင် နည်းအမျိုးမျိုးနဲ့ ကြိုးပမ်းဆောင်ရွက်ဖို့က အဓိကဖြစ်ပါတယ်။ အဲဒီဆောင်ရွက်တဲ့
ကိစ္စတွေမှာ နိုင်ငံတကာအဖွဲ့အစည်း၊ ကုလသမဂ္ဂ အပါအဝင် အားလုံးက ဝိုင်းဝန်း ဆောင်ရွက်ကြဖို့လိုမယ်လို့ အန်ကယ့်အနေနဲ့ တိုက်တွန်းလိုပါတယ်။”

မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေအတွက် ကုလသမဂ္ဂလို နိုင်ငံတကာရဲ့ ပံ့ပိုးမှုတွေ လိုအပ်ပါတယ်လို့ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးလည်းဖြစ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးအေးသာ
အောင်က ပြောသွားတာပါ။

ဒီလို ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ထုတ်ပြန်ကြေညာ
တာဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် ဘာတွေများ အကျိုးရှိနိုင်ပါသလဲ။ အဝေး
ရောက် ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ (NCGUB) ရဲ့ ကုလသမဂ္ဂဆိုင်ရာ
ကိုယ်စားလှယ် ဒေါက်တာသောင်းထွန်းက အခုလို ပြောပြပါတယ်။

“လုံခြုံရေးကောင်စီက မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်လို့ လုပ်သင့်လုပ်ထိုက်တဲ့ အကြံပြုချက်တွေကို အကြံပြုမှာပါ။ အလှည့်ကျဥက္ကဋ္ဌရဲ့ ထုတ်ပြန် ကြေညာချက်ဆိုတဲ့ သဘောထားဟာ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံစလုံး အကြေအလည်ညှိနှိုင်းပြီးမှ ထုတ်တဲ့ သဘောထားဖြစ်ပါတယ်။ ဒီလိုသဘောထားမျိုး
တွေကို ထုတ်ပြန်တဲ့အကြောင်းရင်းက နိုင်ငံတနိုင်ငံအနေနဲ့ ဒီလိုမျိုးသဘောထားတွေ
ကို လိုက်နာဖို့ တိုက်တွန်းတဲ့အနေအထားမှာ မှတ်တမ်းတင်ထားတာပေါ့၊ လုံခြုံရေး
ကောင်စီက။ ဒီလိုလိုက်နာဖို့ ပျက်ကွက်မှုတွေများလာရင် လုံခြုံရေးကောင်စီအနေနဲ့
နောက်တဆင့်ဖြစ်တဲ့ စည်းနှောင်မှုရှိတဲ့ ဆုံးဖြတ်ချက်တွေချမှတ်ဖို့၊ သွားဖို့ အကြောင်း
တရား ဖြစ်လာပါလိမ့်မယ်။ ဆိုလိုတာက လုံခြုံရေးကောင်စီမှာ အဖွဲ့ဝင်အားလုံး
သဘောတူညီချက်တွေ ထုတ်ပြန်ကြေညာခြင်းဟာ နိုင်ငံရေးအရ အင်မတန်အဓိပ္ပာယ်
ရှိပါတယ်။”

မကြာခင် လုံခြုံရေးကောင်စီက ထုတ်ပြန်ဖွယ်ရာရှိတဲ့ ကြေညာချက်နဲ့ ပတ်သက်လို့ ပြည်ထောင်စုမြန်မာနိုင်ငံ ညွန့်ပေါင်းအစိုးရ (NCGUB) ရဲ့ ကုလသမဂ္ဂဆိုင်ရာ
ကိုယ်စားလှယ် ဒေါက်တာသောင်းထွန်း ဖြစ်ပါတယ်။

ဒီတပတ်ထဲမှာလည်းပဲ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ ရွေးချယ်ခံခဲ့ရတဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၁၄ ယောက်က မြန်မာစစ်အစိုးရက ဦးဆောင်ရေးဆွဲထား
တဲ့ ဖွဲ့စည်းပုံဟာ သက်ဆိုင်သူတွေ ပါဝင်ရေးဆွဲထားတာ မဟုတ်တာမို့ တရားမဝင်
တာကြောင့် ဒါကိုလက်မခံဖို့၊ ကမ္ဘာတဝန်းက အစိုးရတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်
တွေကို တိုက်တွန်းလိုက်သလို မြန်မာနိုင်ငံကိစ္စကို လုံခြုံရေးကောင်စီက အရေးယူမှု
တွေ လုပ်သွားဖို့အထိလည်း တောင်းဆိုထားတာတွေ ရှိခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG