သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထိန်းသိမ်းခံ ကျောင်းသားနှစ်ဦး ညှဉ်းပန်းနှိပ်စက်ခံရ


လွန်ခဲ့တဲ့သုံးပတ်က အဖမ်းအဆီးခံခဲ့ရတဲ့ စီးပွားရေးတက္ကသိုလ်ကျောင်းသား ကိုကျော်
ကိုကိုနဲ့ ကိုဉာဏ်လင်းအောင်တို့ကို သင်္ကြန်မတိုင်ခင် ဗုဒ္ဓဟူးနေ့က ပထမဆုံးအကြိမ်
အဖြစ် ရုံးထုတ်ခဲ့ပါတယ်။ သူတို့ကို အာဏာပိုင်တွေ ဖမ်းဆီးထားစဉ်အတွင်း ညှဉ်းပန်း
နှိပ်စက်မှုတွေ ရှိနေတာမို့ ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်သွားမယ်လို့
သူတို့ရှေ့နေက ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါ
တယ်။

စီးပွားရေးတက္ကသိုလ်က မဟာဘွဲ့ယူဖို့ စောင့်ဆိုင်းနေတဲ့ ကျောင်းသား ကိုကျော်ကို
ကိုနဲ့ ကိုဉာဏ်လင်းအောင်တို့ကို ဗွီဒီယိုအက်ဥပဒေပုဒ်မ ၃၂(က)(ခ) တို့နဲ့ တရားစွဲဆို
ထားပေမယ့် အမှုခိုင်လုံမှုမရှိဘူးလို့ သူတို့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့
လူငယ်ရှေ့နေ ကိုဖိုးဖြူက ပြောပါတယ်။

“ဗွီဒီယိုအက်ဥပဒေပုဒ်မ ၃၂(က)(ခ) နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။ ဗွီဒီယိုဆင်ဆာ
ဘုတ်အဖွဲ့က ခွင့်ပြုထားတဲ့ လက်မှတ်မပါတဲ့ ဗွီဒီယိုခွေတွေကို ဖြန့်ချိမှ၊ ထုတ်ဝေမှ၊
ဝေငှမှ ပြစ်ဒဏ်ချလို့ရတဲ့ ပြစ်မှုမျိုးဖြစ်ပါတယ်။ အခု အမှုတွဲပေါ်ပေါက်ချက်အရဆိုရင် ကျော်ကိုကိုတို့ဟာ ဒါကို ဝေငှနေတာ၊ ထုတ်ဝေနေတာ၊ ဖြန့်ချိနေတာ၊ သူများတပါးကို ကူးယူနေတဲ့အနေအထားမျိုး မပေါ်ပေါက်ပါဘူး။ ဒါကြောင့် ဒီပြစ်မှုပုဒ်မတွေနဲ့
ကျော်ကိုကိုဟာ သက်ဆိုင်ခြင်းမရှိဘူးလို့ ဥပဒေကြောင်းအရ ရှုမြင်နိုင်ပါတယ်။”
ကိုဖိုးဖြူ ရှင်းပြသွားတာ ဖြစ်ပါတယ်။

ဒီဗွီဒီယိုပုဒ်မဟာ ထောင်ဒဏ်သုံးနှစ်အထိ အပြစ်ပေးနိုင်တယ်လို့လည်း ပြောပါတယ်။
အခု အမှုမခိုင်လုံပေမယ့် မရမ်းကုန်းရဲစခန်းက တရားစွဲဆို အမှုဖွင့်ခဲ့တဲ့အတွက် သူတို့
ဟာ မရမ်းကုန်းတရားရုံးမှာ အမှုရင်ဆိုင်နေရပါတယ်။ တရားစွဲဆို ထိန်းသိမ်းထားစဉ် အတွင်းမှာလည်း ညှဉ်းပန်းနှိပ်စက်ခံရမှုတွေ တွေ့နေရတယ်လို့ ရှေ့နေကိုဖိုးဖြူက
ပြောပါတယ်။

“ကျော်ကိုကိုတို့ထွက်လာတဲ့အခါမှာ ခြေထောက်တွေ ယိုင်နေတယ်။ ကောင်းကောင်း လမ်းမလျှောက်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုပြီး အမှုသည်ဆီကနေ ရှေ့နေရဲ့ instruction လိုက်တောင်းတဲ့အခါကြတော့ သူတို့တွေ အနှိပ်စက်ခံရတယ်။ ဒါကြောင့် ဒူးတွေချောင်
နေတယ်။ နာလည်းနာနေတယ်။ ခြေထောက်တွေလည်း လှမ်းလို့မရဘူး။ ဘာဖြစ်လို့
လဲဆိုတော့ ခြေမလေးနဲ့ထောက်ပြီး အနှိပ်စက်ခံထားရတယ်လို့ သိရပါတယ်။”

ရှေ့နေတယောက်အနေနဲ့ ကိုယ့်အမှုသည် ဒီလိုမျိုး အနှိပ်စက်ခံရတာကို ဘယ်လိုများ အရေးယူဆောင်ရွက်ခဲ့ပါသလဲ။

“ကျနော်တို့မြန်မာနိုင်ငံမှာ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ ဆိုတာရှိတယ်။ ရဲ
စည်းကမ်းထိန်းသိမ်းရေးဥပဒေဆိုတာ ထွက်ထားသလို ရဲစည်းကမ်းထိန်းသိမ်းရေး နည်းဥပဒေလည်းရှိတယ်။ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေမှာဆိုရင် အမှုသည်ဖြစ်သူ၊
ဒါမှမဟုတ် စွပ်စွဲခံရသူကို စစ်ဆေးမေးမြန်းတဲ့အခါ နှိပ်စက်ညှဉ်းပန်းခြင်းမလုပ်ရဘူး၊ ခြိမ်းခြောက်ခြင်း မပြုလုပ်ရဘူး၊ တစုံတရာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကို ထိခိုက်
နစ်နာအောင် မပြုလုပ်ရဘူးဆိုတဲ့ ပြဆိုချက်တွေရှိတယ်။ အဲလိုပြဆိုချက်တွေ ရှိရုံတင်
မကဘူး၊ Law enforcement officials တွေနဲ့ပတ်သက်တဲ့ conduct ဆိုပြီး UN က
ချမှတ်ထားတဲ့ နည်းဥပဒေတွေလည်းရှိတယ်။ အဲဒီမှာလည်း အခုလို Physical, Mental
torture တွေမလုပ်ရဘူးလို့ ပြဋ္ဌာန်းချက်တွေရှိတယ်။

“ဒါနဲ့ပတ်သက်ပြီး ဥပဒေကြောင်းအရ ဆက်လက်လျှောက်ထားပြီး ဆောင်ရွက်သွားမှာ
ဖြစ်တယ်။ ပြဌာန်းချက်တွေ ရှိရုံနဲ့မပြီးပါဘူး၊ ဒါတွေကို အရေးတယူနဲ့ ကျင့်သုံးဆောင်
ရွက်ဖို့ လိုအပ်ပါတယ်။ အဲဒါတွေကို ကျင့်သုံးဆောင်ရွက်မှသာလျှင် ဥပဒေဟာ အသက်
ဝင်လာမှာဖြစ်တယ်၊ အတည်ဖြစ်လာမှာဖြစ်တယ်၊ ပြည်သူကြားမှာ ပျံ့နှံ့လာမှာ
ဖြစ်တယ်။ ဒါမျိုး နှိပ်စက်မှုတွေပြုလုပ်တဲ့ အလေ့အထတွေ၊ အလေ့အကျင့်တွေ ရပ်စဲ
သွားမှာ ဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့် ဥပဒေကြောင်းအရပဲ ဆက်လက်ရင်ဆိုင်
ဆောင်ရွက်မှာဖြစ်တယ်။”

ကိုကျော်ကိုကိုတို့ရဲ့အမှုကို သင်္ကြန်အပြီး ဧပြီ ၂၂ ရက်မှာ ဆက်ပြီး ကြားနာစစ်ဆေးဖို့ ရုံးချိန်းပေးထားတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG