သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီး အမေရိကန်ပြည်ထောင်စုကို ရောက်ရှိ


ပုပ်ရဟန်းမင်းကြီး ဘန်နာဒစ် (Benedict)
ဟာ ဝါရှင်တန်မြို့တော်ကို ရောက်လာပါပြီ။
ရောမမြို့ကနေ ဝါရှင်တန်ကိုလာဖို့ ထွက်လာ
ခဲ့တဲ့အချိန် လေယာဉ်ပေါ်မှာ ပုပ်ရဟန်းမင်း
ကြီးက သတင်းထောက်တွေကို တွေ့ဆုံပြီး
အမေရိကန်ပြည်ထောင်စု ကက်သလစ်
ကျောင်းတွေမှာ ကလေးငယ်တွေနဲ့ လိင်
ဆက်ဆံမှု အရှုပ်အထွေးတွေကြောင့် ဘာသာရေးကျောင်းတွေရဲ့ဂုဏ်သိက္ခာ ထိခိုက်ခဲ့ရတာတွေနဲ့ပတ်သက်ပြီး သူ့အနေနဲ့
အလွန်အမင်း ရှက်ရွံ့မိတယ်လို့ ပြောဆိုပါ
တယ်။ ဗွီအိုအေသတင်းထောက် မဲရယ်ဒစ်သ်
ဗျူရယ် (Meredith Buel) ဝါရှင်တန်မြို့တော်က သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်
ဦးက ဆက်ပြီးတင်ပြပေးပါလိမ့်မယ်။

ဒီခရီးစဉ်ဟာ ပုပ်ရဟန်းမင်းကြီးအနေနဲ့ သူ ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်ခံခဲ့ရပြီး
တဲ့နောက် အမေရိကန်ပြည်ထောင်စုကို ပထမဆုံး လာရောက်တဲ့ခရီးစဉ် ဖြစ်ပါတယ်။
ဝါရှင်တန်မြို့တော်အပြင်ဘက် အင်ဒရူးလေတပ်စခန်းကို ပုပ်ရဟန်းမင်းကြီး ရောက်
လာတယ်ဆိုရင်ပဲ ကက်သလစ်ဘာသာဝင်တွေ ရင်ဆိုင်နေရတဲ့ အခက်ခဲဆုံး၊ အရှုပ်
ထွေးဆုံး အကြောင်းအရာတခုကို ပုပ်ရဟန်းမင်းကြီးက တိုက်ရိုက်မိန့်ကြားခဲ့ပါတယ်။
အဲဒါကတော့ အမေရိကန်ပြည်ထောင်စု ကက်သလစ်ကျောင်းတော်တွေရဲ့ လိင်ကိစ္စ
အရှုပ်တော်ပုံပါ။

ရောမမြို့ကနေ လေယာဉ်နဲ့လာခဲ့တဲ့ လမ်းမှာလည်း လေယာဉ်ပေါ်မှာ ပုပ်ရဟန်းမင်းကြီး
က ဒီကလေးငယ်တွေကို မဖွယ်မရာလုပ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး မိန့်ကြားခဲ့ပါတယ်။
ကလေးတွေကို ဘုန်းတော်ကြီးတွေက လိင်ပိုင်းဆိုင်ရာ မတော်တရော် လုပ်တယ်ဆိုတဲ့
ကိစ္စက အမေရိကန်ပြည်ထောင်စုက ဘုရားကျောင်းတွေအပေါ်မှာရော၊ သူ့အပေါ်
အကြီးအကျယ် ထိခိုက်စေခဲ့ပါတယ်လို့ မိန့်ကြားပါတယ်။

သူ့အနေနဲ့ ဒီအရှုပ်ကိစ္စအတွက် အကြီးအကျယ် ရှက်ရွံ့မိတဲ့အကြောင်းနဲ့ ကလေးငယ်
တွေနဲ့ လိင်ဆက်ဆံဖို့ စိတ်ဝင်စားတဲ့သူတွေကို ကက်သလစ်ကျောင်းတွေမှာ မရှိတော့
အောင် သူဟန့်တားမယ်လို့လည်း ကတိပေး မိန့်ကြားပါတယ်။

ဒီလို လိင်ကိစ္စအရှုပ်တော်ပုံ ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း မတော်မတရား ဆက်ဆံခံရတဲ့
သူတွေကို အမေရိကန်ဒေါ်လာ သန်းပေါင်းနှစ်ထောင်လောက် ဘုရားကျောင်းက ပေးလျော်ခဲ့ပြီးပြီဖြစ်ပါတယ်။ ရာနဲ့ချီတဲ့ ဘုန်းတော်ကြီးတွေကိုလည်း ကျောင်းတွေက ဖယ်ရှားခဲ့ပါတယ်။

ကက်သလစ်တက္ကသိုလ်၊ ဘာသာရေးအယူအဆ လေ့လာရေးကျောင်း အကြီးအကဲ
ဘုန်းတော်ကြီး မွန်ဆင်ဂါ ကယ်လ်ဗင် အိုင်ဝင် (Monsignor Kevin Irwin) ဒီ အရှက်
တကွဲဖြစ်ခဲ့ရတဲ့ နာကျင်မှုတွေ ပျောက်ကင်းအောင် ကုစားဖို့ အချိန်လိုလိမ့်မယ်လို့
ပြောပါတယ်။

“ဒီအကျပ်အတည်းကို ဘယ်သူကမှ မဖြေရှင်းပေးနိုင်ပါဘူး။ အချိန်တွေအကြာကြီး
နာကျင်ခံခက်တဲ့ ဒဏ်ရာတခုအဖြစ် ရှိနေမှာပါ။ ရှက်ရွံ့သိမ်ငယ်မှုတွေ၊ ဒီအတွက်
ဆုတောင်းပြီး ချေပမှုတွေ အများကြီး ရှိနေဦးမှာပါ။ တနည်းအားဖြင့် ဒီ အကျပ်အတည်း
က ဘုရားကျောင်းတော်တွေကို မူလအနေအထားဆီ ပြန်ရောက်တဲ့အထိ နိမ့်ကျသွား
စေခဲ့တာပါ။ ကျနော်တို့ ရို့ရို့ကျိုးကျိုးနဲ့ ဖြေရှင်းရပါလိမ့်မယ်။ ဘာသာရေးကို တန်ဖိုး
ထားတဲ့ ဘုရားကျောင်းတော်ဖြစ်လာအောင် လုပ်ရပါလိမ့်မယ်။”

အမေရိကန်သမ္မတ ဘုရှ် (Bush) နဲ့ သမ္မတကတော် လော်ရာဘုရှ် (Laura Bush)
တို့ဟာ သမီး ဂျီနာ (Jenna) နဲ့အတူ လေတပ်စခန်းကိုလာပြီး အထူးတလည် ပုပ်ရဟန်း
မင်းကြီးကို နှုတ်ဆက်ပါတယ်။ ဒီလေတပ်စခန်းမှာ ပြည်ပကရောက်လာတဲ့ဧည့်သည်ကို သမ္မတအနေနဲ့ ပထမဆုံး သွားရောက်နှုတ်ဆက်တာဖြစ်ပါတယ်။

သမ္မတဘုရှ်နဲ့ ပုပ်ရဟန်းမင်းကြီးအကြားမှာ အီရတ်စစ်ပွဲကိစ္စ၊ သေဒဏ်စီရင်တဲ့ ကိစ္စ
တွေမှာ သဘောကွဲလွဲပါတယ်။ ဒါပေမယ့်လည်း ကိုယ်ဝန်ဖျက်ချတဲ့ ကိစ္စတွေနဲ့ လိင်တူခြင်းလက်ထပ်တဲ့ကိစ္စတွေမှာတော့ နှစ်ယောက်စလုံး ဆန့်ကျင်ကြပါတယ်။ သမ္မတအိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဒေနာ ပရီနို (Dana Perino) ကတော့
သမ္မတအနေနဲ့ ပုပ်ရဟန်းမင်းကြီး ဝါရှင်တန်ကို လာရောက်တဲ့ ခရီးစဉ်အပေါ် စိတ်
လှုပ်ရှား ဝမ်းသာနေတယ်လို့ ပြောပါတယ်။

ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ပုပ်ရဟန်မင်းကြီးကို တရားဝင်ကြိုဆိုတဲ့ အခမ်းအနား ကျင်းပမှာ
ဖြစ်ပါတယ်။ ခြောက်ရက်ကြာ လာရောက်လည်ပတ်တဲ့ ခရီးစဉ်အတွင်းမှာ အားကစား
ကွင်းထဲမှာ ဧည့်ပရိတ်သတ်ကိုတွေ့တဲ့ အစီအစဉ်၊ ကုလသမဂ္ဂကို သွားရောက် မိန့်ခွန်း ပြောကြားတာတွေအပြင် ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်
ခံရတဲ့နေရာကို တခြားဘာသာရေးခေါင်းဆောင်တွေနဲ့ သွားရောက်မယ့်အစီအစဉ်
တွေလည်း ပါဝင်ပါတယ်။

အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်းမှာ ပုပ်ရဟန်းမင်းကြီး ဘန်နာဒစ်အနေနဲ့
ထူးခြားတဲ့ အခါသမယနှစ်ခုကို ဖြတ်သန်းရမှာ ဖြစ်ပါတယ်။ ဒီနေ့ ဗုဒ္ဓဟူးနေ့ဟာ
ပုပ်ရဟန်းမင်းကြီးရဲ့ ၈၁ နှစ်မြောက်မွေးနေ့ဖြစ်ပြီး လာမယ့် စနေနေ့ကတော့ သူ ပုပ်ရဟန်းမင်းကြီးအဖြစ် တင်မြှောက်ခံခဲ့ရတဲ့ သုံးနှစ်ပြည့်နေ့ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG