သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်လွှတ်တော်ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ Idiom အသုံးအနှုန်းများ အပိုင်း - ၃


Gloves Are Off

ပန်ဆာဗေးနီးယားပြည်နယ်မှာ ဒီမိုကရက်သမ္မတ ကိုယ်စားလှယ် လောင်း ပဏာမရွေးကောက်ပွဲမှာ အထက်လွှတ်တော်အမတ် ဟီလာရီ ကလင်တန်က သူ့ယှဉ်ပြိုင်ဘက် ဘားရတ်ခ် အိုဘားမားကို ၁၀ မှတ်နဲ့အပြတ် အနိုင်ရလိုက်တဲ့အတွက် အမေရိကန်သတင်းမီဒီယာတွေမှာတော့ ဒီပွဲဟာ ကြည့်ကောင်းလာနေပြီလို့ ရေးသားကြတာ တွေ့ရပါတယ်။

ပွဲကြမ်းလာပြီဆိုပြီး ဝါရှင်တန်ပို့စ် သတင်းစာက အိုဘားမား Gloves Are Off ဆိုပြီး ရေးသားလာပါတယ်။ ဒီနေရာမှာ Gloves Are Off ဆိုတဲ့ အီဒီယမ်ကို ပထမဦးဆုံး တင်ပြချင်ပါတယ်။

စာလုံးပေါင်းက Gloves လက်အိတ်၊ Are Off က ချွတ်ထားတာဆိုတော့ စကားပိုဒ်တခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ လက်အိတ်ကို ချွတ်ထားတာပေါ့ရှင်။ ဒီအသုံးဟာ အားကစားလောက ကနေ ဆင်းသက်လာတာပါ။ အထူးသဖြင့် လက်ဝှေ့နဲ့ ဟော့ကီ ကပါ။

လက်ဝှေ့မှာ တဖက်လူ အထိနာ အထိသက်သာရလေအောင် လက်အိတ်ဝတ်ပြီး ထိုးကြတာကို သောတရှင်များ သိကြမှာပါ။ ဒါပေမဲ့ လက်အိတ်မပါပဲ လက်သီးသက်သက်ကြီးပဲ ထိုးမယ်ဆိုရင်တော့ လက်သီးစာ မိရင်တော့ မလွယ်တဲ့ သဘောပေါ့ရှင်။ ဒီအသုံးဟာ လက်ဝှေ့မှာသာမက ဟော့ကီဆိုတဲ့ အားကစားမှာလည်း သုံးလေ့ရှိပါတယ်။ လက်အိတ်ဝတ်ပြီး ကွင်းထဲမှာ ဟော့ကီရိုက်တံနဲ့ ဘောလုံးကို ရိုက်ကစားရတာဖြစ်ပါတယ်။ တကယ်လို့ အနည်းဆုံး ကစားသမားနှစ်ဦး က သူတို့ဝတ်ထားတဲ့ လက်အိတ်ကို ချွတ်ကြပြီဆိုရင် ရန်ဖြစ်ကြဖို့ အဆင်သင့်ဖြစ်နေပြီ။ ထိုးကြကြိတ်ကြတော့မယ့် သဘောရှိပါတယ်။

အီဒီယမ်အသုံးအရတော့ Gloves Are Off ဆိုရင်တော့ တဖက်နဲ့တဖက် မညှာတမ်း ချကြတော့မယ့် သဘောရှိပါတယ်။နိုင်ငံရေးလောကမှာတော့ ပွဲကြမ်း လာတဲ့သဘောပေါ့ရှင်။ မကြာသေးခင်က ကျင်းပခဲ့တဲ့ ပန်ဆာဗေးနီးယား ပြည်နယ် ပဏာမရွေးကောက်ပွဲမှာ ပြိုင်ဘက် ဟီလာရီ ကလင်တန် က အနိုင်ရသွားတဲ့အပေါ် အခြေခံပြီးတော့ George Grow ပေးတဲ့ ဥပမာကို နားဆင်ကြည့်ကြရအောင်။

“Unable again to score a knock out in Pennsylvania, Senator Obama is likely to take his gloves off and may need to stay off until the May 6 primary in Indiana and North Carolina.”

ပန်ဆာဗေးနီးယားမှာ တဖက်လူကို အလဲ မထိုးနိုင်ခဲ့တဲ့အတွက် အထက် လွှတ်တော်အမတ် အိုဘားမားအတွက်ကတော့ ပွဲကို ခပ်ကြမ်းကြမ်းကိုင်ဖို့ အခြေစိုက်နေပြီ။ အင်ဒီးယားနားနဲ့ မြောက်ကယ်ရိုလိုင်းနားမှာ မေလ ၆ ရက်နေ့ ပဏာမရွေးကောက်ပွဲတွေ ကျင်းပတဲ့အထိ ဆက်ကြမ်းသွားရမယ့် အခြေအနေရှိနေပါတယ်လို့ အဓိပ္ပါယ်ရပါတယ်။

ပန်ဆာဗေးနီးယားပြည်နယ်မှာ အထက်လွှတ်တော်အမတ် ကလင်တန်အပေါ် အနိုင်ရဖို့ အိုဘားမားက ငွေသုံးဆပို အကုန်ခံပြီး မဲဆွယ်လှုပ်ရှားခဲ့လို့ သတင်းစာတချို့ကတော့ - Obama's campaign Go for broke strategy လို့ ရည်ညွှန်းရေးသားခဲ့ကြပါတယ်။

Go For Broke

ဒုတိယတင်ပြမယ့် အီဒီယမ်အသုံးကတော့ - Go For Broke ပဲဖြစ်ပါတယ်။ စာလုံးပေါင်းက Go သွားတာ၊ For အတွက်၊ Broke အဓိပ္ပါယ်အမျိုးမျိုးရှိရာမှာ ဒီနေရာမှာတော့ ငွေပြတ်သွားတာ ပိုက်ဆံမရှိတော့တဲ့သဘောဖြစ်ပါတယ်။ အီဒီယမ်အဓိပ္ပါယ်ကတော့ ရှိသမျှ ငွေအားရော၊ လူအားရော အနိုင်ရဖို့အတွက် ပုံအောလိုက်တဲ့သဘောဖြစ်ပါတယ်။ နိုင်ရင်တော့ ကောင်းပါရဲ့။ မနိုင်ရင်တော့ ကျမတို့ မြန်မာ အဆိုအရ - ခါလီ ဖြစ်မှာပေါ့ရှင်။ ဒီအသုံးနဲ့ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို နားဆင်ကြည့်ကြရအောင်။

“After the record breaking is spending go for broke strategy in Pennsylvania. Senator Obama's image suffers for his negative attacks.”

ပန်ဆာဗေးနီးယားမှာ စံချိန်ကျိုး ငွေကို ပုံအောသုံးလိုက်ရတဲ့ တဖက်လူအပေါ် ပြစ်တင်ဝေဖန် ထိုးနှက်မှုတွေကြောင့် အထက်လွှတ်တော်အမတ် အိုဘားမားအနေနဲ့ အထင်သေးခံရတဲ့ အခြေအနေစိုက်ခဲ့တယ်လို့ အဓိပ္ပါယ်ရပါတယ်။

ပန်ဆာဗေးနီးယားပြည်နယ်အပြီး ဒီမိုကရက် ပဏာမရွေးကောက်ပွဲတွေ နောက်သီတင်း ၆ ပတ်အတွင်း ကျင်းပဖို့ရှိရာမှာ အိုဘားမားက မြောက်ကယ်ရိုလိုင်းနား၊ အော်ရဂွန်နှင့် တောင်ဒါကိုတာ တို့မှာ နိုင်ချေရှိသလို ဟီလာရီ ကလင်တန်ကတော့ အနောက် ဗာဂျီးနီးယားနဲ့ ကန်တပ်ကီ တို့မှာ နိုင်ချေရှိပါတယ်။ ဒါပေမဲ့လို့ ပြည်နယ် နှစ်ခုမှာတော့ သူပဲ နိုင်မလား၊ ကိုယ်ပဲ နိုင်မလား ဆိုတဲ့ အခြေအနေရှိနေပါတယ်။ အဲဒါကတော့ - “Indiana and Montana are up for grabs.” လို့ သတင်းစာတွေက ရေးသားကြပါတယ်။

Up For Grabs

ဒီနေ့နောက်ဆုံးတင်ပြမှာကတော့ - Up For Grabs ပဲဖြစ်ပါတယ်။ စာလုံးပေါင်းက Up အပေါ်မှာ၊ For အတွက်၊ Grabs လုယူတာလို့ အဓိပ္ပါယ်ရပါတယ်။ ဒီအသုံးဆင်းသက်လာတာကို ရှင်းပြပါရစေ။ ပိုင်ရှင်မဲ့ရင်၊ ဘယ်သူ့ကို ပေးရမှန်း မသိရင် အပေါ်ကို မြှောက်ပစ်လိုက်ပြီး အောက်ပြန်အကျမှာ ဖမ်းမိသူက ရတဲ့သဘောကနေ ဆင်းသက်လာတာပါ။ အီဒီယမ်အဓိပ္ပါယ် ကတော့ ဦးသူနိုင်သူယူ၊ အရင်ရသူယူ၊ ကြိုက်တဲ့သူယူတဲ့သဘောပါရှင်။ ဒီအသုံးနဲ့ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို နားဆင်ကြည့်ကြရအောင်။

“The May 6 primary in Indiana is important for both of Obama and Clinton. The State has 72 delegates and since it is up for grabs both of them are campaigning hard.”

မေ ၆ ရက် အင်ဒီးယားနားပြည်နယ်မှာ ကျင်းပမယ့် ပဏာမ ရွေးကောက်ပွဲဟာ အိုဘားမားရော၊ ကလင်တန်အတွက်ပါ အရေးကြီး လှပါတယ်။ ကိုယ်စားလှယ်ပေါင်း ၇၂ တို့ ရှိကြတဲ့အပြင် အဲဒီပြည်နယ်ဟာ ဘယ်သူနိုင်မလဲဆိုတာ မပြောနိုင်သေးတဲ့ ပြည်နယ်ဖြစ်တဲ့အတွက်လည်း ကြိုးစားတဲ့သူ အနိုင်ရမှာပါ။ ဒါကြောင့် နှစ်ဦးစလုံးတို့က အပင်ပန်းခံ မဲဆွယ်လှုပ်ရှားနေကြလေရဲ့လို့ အဓိပ္ပါယ်ရပါတယ်။

ဒီသီတင်းပတ်အတွက် တင်ပြခဲ့တဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သတင်းစာ တွေမှာ သုံးနှုန်းထားတဲ့ အီဒီယမ်အသုံးတွေကတော့ - Gloves Are Off, Go For Broke, Up For Grabs တို့ဖြစ်ကြပါတယ်။ နောက်သီတင်းပတ် အခုလို အချိန်မျိုးမှာလည်း နောက်ထပ် အီဒီယမ်အသုံးတွေကို တင်ပြပေးဦးမှာမို့ စောင့်မျှော်နားဆင်ကြပါရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG