သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုင်ကလုံး နာဂစ် မုန်တိုင်းဒဏ်ခံရတဲ့ မြန်မာပြည်


အင်အာကြီးတဲ့ နာဂစ် ဆိုင်ကလုံး မုန်တိုင်းဒဏ်ကြောင့် မြန်မာပြည်မှာ လူ ၃၅၀ ကျော်သေဆုံးပြီး၊ အိမ်ခြေ ထောင်နဲ့ချီ ပျက်ဆီးခဲ့ရပါတယ်လို့ စစ်အစိုးရ သတင်းဌာနက တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပါတယ်။

စနေနေ့က မုန်တိုင်း အပြီးမှာ စစ်အစိုးရကနေ ရန်ကုန် အပါအဝင် တိုင်းနဲ့ပြည်နယ် ငါးခုကို ဘေးဒုက္ခကပ်ဆိုက် နေတဲ့ နေရာအဖြစ် အရေးပေါ်ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဆိုင်ကလုံး နာဂစ်ကြောင့် လူ၃၅၁ယောက်သေဆုံးပြီး၊ ဟိုင်းကြီးကျွန်းက ၁၆၂ဦး ပါဝင်ပါတယ်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာလည်း လူအများအပြား သေဆုံးတယ်လို့ဆိုပါတယ်။

ဧရာဝတီတိုင်း လက်ပွတ္တာမြို့နယ်မှာရှိတဲ့ လူနေအိမ်ခြေ စုစုပေါင်းရဲ့ ၇၅ရာခိုင်နှုန်းဟာလည်း ပျက်ဆီးသွားပြီလို့ဆိုပါတယ်။

မိုးလေဝသဌာနရဲ့ ခန့်မှန်းချက်အရဆိုရင် ဒီရေတိုးမှုဟာ ပုံမှန်ထက် ၁၂ပေထိ မြှင့်တက်လာဖို့ ရှိပါတယ်။

ကုလသမဂ္ဂက မုန်တိုင်းကျရောက်ခဲ့တဲ့နေရာတွေကို သွားရောက်ဖို့ ကြိုးစား ပေမယ့်လည်း လမ်းမှာ တယ်လီဖုန်းကြိုးပျက်ကျနေတာတွေ၊ အိမ်အကျိုးအပဲ့၊ အပျက်အစီးတွေ ပိတ်ဆို့နေတာကြောင့် အနှောက်အယှက်ဖြစ်ခဲ့ရပါတယ်။

ကုလသမဂ္ဂရဲ့ အရာအရှိတွေက သူတို့ ထပ်ပြီးသွားနိုင်ဖို့ ကြိုးစားဦးမယ်လို့ ပြောပါတယ်။

မုန်တိုင်းဟာ အိမ်တွေရဲ့ အမိုးတွေကို လှန်ပစ်၊ ဟိုတယ်တွေ၊ ကျောင်းတွေ၊ ဆေးရုံတွေကို ဖြတ်ဆီး ပြစ်လိုက်တယ်၊ လျှပ်စစ် မီးတွေလည်း ပျက်ကုန်ပြီလို့ ရန်ကုန်မြို့နေ မျက်မြင်သက်တွေတွေက ဆိုပါတယ်။

တနင်္ဂနွေနေ့ထုတ် မြန်မာ့အလင်းသတင်းစာထဲမှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆက်ပြီး ပိတ်ထားဦးမှာဖြစ်ပြီး၊ ပြည်တွင်း ခရီးစဉ်တွေကိုလည်း မန္တလေးမြို့ကို လွှဲပြောင်းလိုက်ပါတယ်လို့ ကြေညာပါတယ်။

ရန်ကုန်မြို့ခံတွေကတော့ အခုအချိန်မှာ ပျက်ဆီးသွားခဲ့တဲ့ ကိုယ်အိမ်ကို ပြင်ဆင်ဖို့ ကြိုးစားနေ ပါတယ်။ စစ်အစိုးရက ကယ်ဆယ်ရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် မလုပ်ပေးတဲ့ အတွက်ကြောင့်လည်း ဒေါသထွက်နေကြပါတယ်။

ပြည်ပရောက် မြန်မာ့ဒီမိုကရေစီရေး ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်းတွေကတော့ မြန်မာပြည် အတွက် လူ့မှုရေး အထောက်အပံ့တွေ အမြန်ဆုံးပေးနိုင်ဖို့တွန်းနေပါတယ်။ စစ်အစိုးရကိုလည်း ထောက်ပံ့ရေး အဖွဲ့တွေလာရင် လွတ်လွတ်လပ်လပ်လုပ်ကိုင်နိုင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

စစ်အစိုးရရဲ့ မုန်တိုင်းဒဏ်အတွက် ကြိုတင်ကာကွယ်ထားတာတွေ အားနည်းခဲ့တာကြောင့်လည်း နိုင်ငံတကာက သဘာဝဘေးအန္တရာယ်အကူအညီပေးရေး ကိစ္စတွေကို လုပ်ကိုင်နေတဲ့အဖွဲ့တွေ အမြန်ဆုံးလိုအပ်တယ်လို့ ထိုင်းနိုင်ငံအခြေဆိုက် မြန်မာနိုင်ငံဒီမိုကရေစီ ဆွေးနွေးရေးအဖွဲ့က ပြောပါတယ်။

ရန်ကုန်ရောက်နေတဲ့ ထိုင်းအခြေဆိုက် နိုင်ငံတကာ ကြက်ခြေနီအဖွ့ဲချုပ် အဖွဲ့ဝင်တွေကတော့ ရန်ကုန်မှာ တနင်္ဂနွေနေ့မှာ အမိုးအကာတွေနဲ့ တခြား အကူအညီ ပစ္စည်းတွေကို ဖြန့်ဝေခဲ့ပါတယ်။ အခုလို အကူအညီပေးနိုင်ဖို့ IFRCက အမေရိကန် ဒေါ်လာ ၂ သိန်းနီးပါးကို အသုံးပြုခဲ့ပါတယ်။

အခုလို ရန်ကုန်တဝိုက်နေရာအတော်များများမှာ မုန်တိုင်းဒဏ်ကြောင့် အသေအပျောက်၊ အပျက်အဆီး၊ ဒုက္ခတွေရောက်ခဲ့ရပေမယ့်လည်း အခုချိန်ထိတော့ မေလ ၁၀ရက်နေ့မှာ ကျင်းပမယ့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအတွက်နဲ့ ပတ်သက်ပြီး စစ်အစိုးရက ဘာမှ ပြောဆိုတာတွေ မရှိသေးပါဘူးရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG