သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံ အကူအညီအဖွဲ့များ မြန်မာနိုင်ငံ ပြည်ဝင်ခွင့် စောင့်နေရဆဲ


မုန်တိုင်းဒဏ်ခံရပြီး ၅ ရက်အကြာမှာ လေဘေး ဒုက္ခသည်တွေအတွက် မြန်မာ ပတ်ဝန်းကျင် နိုင်ငံ တွေက အကူအညီတွေ မနေ့ကနဲ့ ဒီနေ့ တဖွဲဖွဲ ရောက်နေကြပေမယ့် ကုလသမဂ္ဂနဲ့ အနောက် နိုင်ငံက အကူအညီပေးရေးအဖွဲ့တွေ အခုအချိန်အထိ မြန်မာနိုင်ငံကိုသွားဖို့ ဘန်ကောက်မှာ စောင့်ဆိုင်း နေရဆဲ ရှိပါတယ်။ ပြည်တွင်းမှာတော့ ကုလသမဂ္ဂဌာနေအဖွဲ့တွေက အကူအညီ ပေးရေး လုပ်ငန်းတွေကို အခြားလူမှုရေးအဖွဲ့တွေ အစိုးရမဟုတ်တဲ့ အစု အဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက် နေကြတယ်လို့ သိရပါတယ်။ အကြောင်းစုံကို ဦးသားညွန့်ဦးက စုံးစမ်းတင်ပြ ထားပါတယ်။

မနေ့ကတော့ ထိုင်းနိုင်ငံက အရေးပေါ် အကူအညီပေးရေးအဖွဲ့တွေ အထောက်အပံ့ပစ္စည်းတွေ ရန်ကုန်ကို ရောက်ရှိခဲ့ပါတယ်။ ဒီနောက်တော့ ဘင်္ဂလားဒေ့ရ်ှ ဂျပန်က အကူအညီလေယာဉ်နဲ့ စင်္ကာပူဘက်က အထောက်အပံ့သင်္ဘောတွေ ရန်ကုန်ကို ရောက်ရှိတယ်လို့ သိရပါတယ်။ ဒီအကူအညီတွေကို မြန်မာအစိုးရ အာဏာပိုင် တာဝန်ရှိသူတွေကို လွဲှပြောင်းခဲ့တာမို့လို့ နှစ်နိုင်ငံချင်း ထောက်ပံ့ကူညီနေတဲ့သဘောပါ။ ဒါပေမယ့် ကမ္ဘာ့ ကုလသမဂ္ဂက အဖွဲ့တွေ၊ နိုင်ငံတကာက အစိုးရ မဟုတ်တဲ့အဖွဲ့တွေ၊ အနောက်နိုင်ငံဘက်က ဘေးဒုက္ခဆိုင်ရာ ကူညီရေးကျွမ်းကျင်သူတွေဟာ အခု ထိုင်းနိုင်ငံ ဘန်ကောက် မြန်မာသံရုံးကနေ မြန်မာနိုင်ငံကူးဗီဇာရရှိဖို့ စောင့်နေရဆဲပါ။ ထိုင်းနိုင်ငံ ဘန်ကောက်က ကုလသမဂ္ဂ လူသားချင်း စာနာ အကူအညီပေးရေး ရုံးရဲ့ ပြောခွင့်ရသူ ရစ်ချက် ဟိုဆေးက တကယ်ကို ဘေးဒုက္ခ ရောက်နေတဲ့ နေရာတွေကို နိုင်ငံတကာက အကူအညီပေးရေးတာဝန်ရှိသူတွေ ရောက်ရှိနိုင်ဖို့က အရေးကြီးနေတယ်လို့ အခုလို ပြောပါတယ်။

“အခုဆိုရင် ပုံမှန် လေယာဉ်တွေ အသွားအလာလုပ်နေပါပြီး။ အဓိကက ပြဿနာက ဒီ လိုအပ်ချက် တွေကို မြစ်ဝကျွန်းပေါ်ဒေသကို ဆက်ပြီး သယ်ဆောင် ပေးနိုင်ဖို့ပါ။ ဒါ့အပြင် အခုဆိုရင် နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေ ဒီမှာ သူတို့ ဗီဇာရဖို့ စောင့်နေကြပါ တယ်။ ကျနော်တို့အနေနဲ့တော့ ကနဦးအဆင့် အပြုသဘော တုန့်ပြန်ချက်တော့ ရထားပါပြီ။ မကြာခင် ဝင်ရောက်ခွင့် ရတော့မယ်လို့ ကျနော်တို့တော့ မျှော်လင့်ထားပါတယ်။”

မနေ့ ညနေပိုင်းကတော့ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ အခြား နိုင်ငံတကာ အစိုးရ မဟုတ်တဲ့ အဖွဲ့ အစည်း ကိစ္စတွေနဲ့ပတ်သက်လို့ တာဝန်ယူ ဆောင်ရွက်ဖို့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးကို ခန့်ထား လိုက်တယ်လို့ ရစ်ချက်ဟိုဆေးက ပြောပါတယ်။ ဒါ့ကြောင့်လည်း အခု သူတို့ မြန်မာနိုင်ငံ ဝင်ခွင့် ဗီဇာတွေ မြန်ဆန်လာနိုင်တယ်လို့ ယူဆပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံထဲမှာတော့ ကုလသမဂ္ဂ အေဂျင်စီအသီးသီးက အခြားနိုင်ငံတကာ အစိုးရ မဟုတ်တဲ့အဖွဲ့တွေက ကျွမ်းကျင်သူတွေနဲ့ စုပြီး ကယ်ဆယ်ရေးဆိုင်ရာ ညှိုနှိုင်းဆောင်ရွက်မှုအဖွဲ့တခု ဖွဲြ့ပီး ဆောင်ရွက်နေကြပါတယ်။ ဒီအဖွဲ့အတွက် ပြောခွင့်ရပေးထားတဲ့ ရန်ကုန် အိုင်အယ်အို ရုံးတာဝန်ခံ စတိမာရဲှလ်က အခုလို ပြောပါတယ်။

“အခုအခြေအနေမှာ ကျနော်တို့အနေနဲ့ အတူတကွ ညှိုနှိုင်းဆောင်ရွက်နေကြတာပါ။ ကုလသမဂ္ဂ အေဂျင်စီ တခုချင်းစီအနေနဲ့ တိုင်းပြည်တွင်းမှာ ဒီလူသားချင်း စာနာကူညီမှု အထောက်အပံ့တွေ ချက်ခြင်းလုပ်ပေးနိုင်ဖို့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့အဖွဲ့တွေနဲ့ရော ဒေသတွင်းက အစိုးရ မဟုတ်တဲ့အဖွဲ့တွေနဲ့ပါ ပူးတွဲဆောင်ရွက်နေပါတယ်။ ဒါဟာ အတော်လေး တာဝန်ကြီးပါတယ်။ ပထမဆုံးအချက်ကတော့ ဒီနေရာတွေမှာ ဘယ်လို အဓိက လိုအပ်ချက်တွေ ရှိနေသလဲဆိုတာကို လေ့လာအကဲဖြတ်ရေးဖြစ်ပါတယ်။”

အခုဆိုရင် သူတို့အနေနဲ့ ဒီအန်ဂျီအိုတွေနဲ့ တွဲပြီး မုန်တိုင်းဒဏ် ခံလိုက်ရတဲ့ အဆိုးဆုံး ဒေသတွေကို သင်္ဘောတွေနဲ့ ခေါက်တုန့် ခေါက်ပြန် အထောက်အပံ့ပစ္စည်းတွေ အရောက်ပို့နိုင်အောင် စီစဉ်နေ တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဒီအတွက် ဒီနေရာေတွေကို အရောက်သွားနိုင်ဖို့ အတော့်ကို ခက်ခဲ နေတယ်လို့ စတိမာရဲှလ်က ဗွီအိုအေကို ပြောပါတယ်။

အာဏာပိုင်တွေနဲ့တော့ သူတို့ ညှိုနှိုင်း ဆက်စပ်ဆောင်ရွက်နေတဲ့နေရာမှာ အောက်ခြေပိုင်းနဲ့တော့ အလုပ်ဖြစ်တယ်လို့ စတိဗ်က ပြောပါတယ်။

“အောက်ခြေအဆင့်မှာတော့ အေဂျင်စီကလူတွေ အန်ဂျီအိုတွေအနေနဲ့ ဒေသဆိုင်ရာ အာဏာပိုင် တွေနဲ့ အစိုးရပိုင်း တာဝန်ရှိသူတွေနဲ့ ပူးတွဲ ဆောင်ရွက်နေပါတယ်။ ဒါပေမယ့် အပေါ် အစိုးရပိုင်း အဆင့်မှာတော့ အစိုးရနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ညှိုနှိုင်း ဆောင်ရွက် နေဆဲရှိတယ်လို့ သိရ ပါတယ်။”

အခု လက်ရှိအားဖြင့် ကုလသမဂ္ဂ အေဂျင်စီတွေ အခြားအစိုးရ မဟုတ်တဲ့အဖွဲ့တွေရဲ့ ကူညီ ထောက်ပံမှုပိုင်းမှာတော့ အဓိက လိုအပ်ချက် ဖြစ်တဲ့ နေရာထိုင်ခင်းပေး သောက်ရေသန့်၊ ကျန်းမာရေး စောင့်ရှောက်မှုတွေကို အကူအညီပေးနေတယ်လို့ ပြောပါတယ်။ အခြား အစိုးရချင်း အကူအညီတွေကိုတော့ မြန်မာအစိုးရဖက်က တိုက်ရိုက် ကြီးကြပ်ပြီး ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်ခင်ဗျား။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG