သုံးရလွယ်ကူစေသည့် Link များ

site logo
နောက်ဆုံးရသတင်း

သံတမန်တွေကို မြန်မာအစိုးရက မုန်တိုင်းဒဏ်ခံရတဲ့ ဒေသသို့ခေါ်ပြ


မြန်မာနိုင်ငံက လေဘေးဒုက္ခသည်များအား ထောက်ပံ့ရေးအဖွဲ့များက ကယ်ဆယ်ရေး ပစ္စည်းများ သွားပြီး ဝေငှနိုင်အောင် ပိတ်ပင်လို့ နိုင်ငံတကာရဲ့ ပစ်တင်ဝေဖန်မှု ခံနေရတဲ့ မြန်မာစစ်အစိုးရက စနေနေ့မှာ လေဘေးသင့်ရာ ဧရာဝတီတိုင်းကို နိုင်ငံခြား သံတမန်များအား သွားရောက်ပြသပါတယ်။ သံတမန် ၆၀ ကနေ ၇၀ လောက်ကို ရဟတ်ယာဉ် ၄ စင်းနဲ့ ခွဲပြီးတော့ တင်ဆောင်ကာ အစီအစဉ်ချမှတ်ကာ ပြသပါတယ်။ အမေရိကန်သံရုံး ယာယီတာဝန်ခံသံမှူး ရှရီ ဗယ်လာရိုဆာ က တမင်လုပ်ပြထားတာတွေပါလို့ အေပီသတင်းဌာနကို ပြောဆိုပါတယ်။

နာဂစ်ဆိုင်ကလုန်း လေမုန်တိုင်းကြောင့် သေဆုံးသူ၊ ပျောက်ဆုံးသူ ၁၃၃,၀၀၀ ကျော် ရှိသွားပြီလို့ ကြေညာလို့ စောစောပိုင်းက ကြေညာခဲ့တဲ့ဦးရေထက် နှစ်ဆနီးပါး တိုးလာပါတယ်။

စနေနေ့မှာ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ်အရေးယူမှု နောက်ထပ် သက်တမ်းတစ်နှစ် တိုးလိုက်ကြောင်း သမ္မတ ဘုရှ်က လက်မှတ်ရေးထိုး တုံ့ပြန်လိုက်ပြီး အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေကို အကြီးအကျယ် စစ်အစိုးရက နှိပ်ကွက်နေတယ်လို့ ပြောဆိုပါတယ်။ ဒီဒဏ်ခတ်အရေးယူမှုကြောင့် လေဘေးကယ်ဆယ်ရေး လုပ်ငန်းကိုတော့ မထိခိုက်စေရဘူးလို့ သမ္မတ ဘုရှ်က ရှင်းချက်ထုတ်ထားပါတယ်။

အသက်မသေ ရှင်ကျန်နေသူ ဒုက္ခသည် ၂ သန်းခွဲအပေါ် စစ်အစိုးရက လူမဆန်စွာ လုပ်ဆောင် နေတယ်လို့ ဗြိတိသျှ ၀န်ကြီးချုပ် ဂေါ်ဒန်ဘရောင်း က ပြစ်တန်ဝေဖန် လိုက်ပါတယ်။ ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်းများ တင်ဆောင်တဲ့ ရေတပ်သင်္ဘော ဆိုက်ကပ်ခွင့် ရရှိရေး စစ်အစိုးရနဲ့ စေ့စပ် ဆွေးနွေးနေကြောင်း ပြင်သစ်အစိုးရ အရာရှိကြီးများက ပြောကြားကြပါတယ်။

ထောက်ပံ့ရေးပစ္စည်း အမြောက်အများ တင်ဆောင်ထားတဲ့ အမေရိကန်နဲ့ ပြင်သစ်သင်္ဘောများ ဒေသတွင်းကို ရောက်ရှိနေကြပေမယ်လို့ ပင်လယ်ရေကြောင်းက ဧရာဝတီတိုင်းဘက်ကို တိုက်ရိုက်ပေးပို့ရေးကို ခွင့်ပြုဖို့ စစ်အစိုးရက ငြင်းဆန်နေဆဲ ဖြစ်ပါတယ်။

လူသားချင်းစာနာမှု အထောက်အပံ့များ ပေးခွင့်မပြုလို့ ပြင်သစ်သံအမတ်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ စစ်အစိုးရကို ပြစ်တင်ဝေဖန်လိုက်ပြီး မြန်မာစစ်အစိုးရ ကိုယ်စားလှယ် ကတော့ ပြင်သစ်က မြန်မာကမ်းရိုးတန်းကို စစ်သင်္ဘောများ စေလွှတ်နေကြောင်း စွပ်စွဲ ပြောဆိုပါတယ်။ နိုင်ငံတကာ အထောက်အပံ့ တချို့ကို စစ်အစိုးရက လက်ခံပေမယ်လို့ ကျွမ်းကျင်သူ ကယ်ဆယ်ရေးဝန်ထမ်းများ မြန်မာနိုင်ငံတွင်း ၀င်ခွင့်ကိုတော့ ကန့်သတ်ချုပ်ချယ်ထားဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG