ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ မြန်မာနိုင်ငံကို ဒီ အပတ်ထဲ မှာ သွားရောက် ပါလိမ့်မယ်။ မုန်တိုင်းဒဏ်ခံ အသက်ရှင် ကျန်ရစ်သူတွေကို အပြည့်အ၀ ကူညီတာကို လက်ခံဖို့ စစ်အစိုးရဟာ အပြည့်အ၀ ဖိအားပေး ခံနေရပါတယ်။
ဗုဒ္ဒဟူးနေ့ ဒါမှမဟုတ် ကြာသပတေးနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိ လိမ့်မယ်လို့ မျှော်လင့်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက တနင်္ဂနွေနေ့က ပြောကြား ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ၂ ကြိမ်တိုင် ဖုန်းခေါ်ခဲ့တာကို လက်ခံ စကား မပြောခဲ့ပါဘူး။
နိုင်ငံတကာ အကူအညီတွေ တဖြည်းဖြည်း ပိုများလာနေတာကို ဖွင့်လှစ် လိုက်ဖို့ စစ်အစိုးရကို ဖိအားပေး ရအောင် ကုလသမဂ္ဂ ထိပ်တန်း ကယ်ဆယ်ရေး အရာရှိ John Holmesဟာ မြန်မာနိုင်ငံ ကို တနင်္ဂနွေနေ့က ရောက်ရှိခဲ့ပါတယ်။
နိုင်ငံတကာ အကူအညီကို လက်ခံလိုတဲ့ စစ်အစိုးရရဲ့ ဆန္ဒရှိမှုဟာ အလှည့်အပြောင်း နား နီးလာနေ ပြီလို့ ဗြိတိသျှ အကြီးတန်း အရာရှိ Mark Malloch Brown က ပြောကြားပါတယ်။
အချို့ ကယ်ဆယ်ရေး ပစ္စည်းတွေကိုတော့ မြန်မာနိုင်ငံ အစိုးရက လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ ငတ်မွတ် ခေါင်းပါးနေကြတဲ့ ဒုက္ခနဲ့ ရောဂါ ဘယဘေးဒဏ်ကို ရင်ဆိုင် နိုင်လောက်အောင် လိုအပ်တဲ့ အရေအတွက်ကိုတော့ မပြည့်မီနိုင်ကြသေးပါဘူး။
မုန်တိုင်း ဒဏ် သင့်ခဲ့တဲ့ ရန်ကုန်မြို့ ဆင်ခြေဖုံးတဝိုက် ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သွားရောက် ကြည့်ရှုနေတာကို မြန်မာ့ ရုပ်မြင်သံကြားက တနင်္ဂနွေနေ့က ပြသခဲ့ပါတယ်။ မုန်တိုင်းကျအပြီး၊ ၂ ပတ် အကြာမှ သွားရောက်ကြည့်ရှုတဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ ပထမဆုံး ခရီးစဉ် ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်တို့ ကြား တွေ့ဆုံတဲ့ သတင်း မရှိသေးပါဘူး။
မုန်တိုင်းကြောင့် တရားဝင် ထုတ်ပြန်ထားတဲ့ သေဆုံးသူ စာရင်း က ၇၈၀၀၀ နီးနီးရှိနေပြီး၊ ပျောက်ဆုံး နေသူ က ၅၆၀၀၀ ရှိပါတယ်။
စားနပ်ရိက္ခာတွေ ကို လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ အလျင်အမြန် မပို့နိုင်ဘူး ဆိုရင်၊ အစာငတ်ပြီး ကလေးတွေ ထောင်ချီ သေဆုံးကြ လိမ့်မယ်လို့ နိုင်ငံတကာ ကူညီထောက်ပံ့ရေး အဖွဲ့ Save The Children က ဆိုပါတယ်။
အမေရိကန် နဲ့ ပြင်သစ်က ကယ်ဆယ်ရေး ပစ္စည်းတွေ တင်ထားတဲ့ သဘောၤတွေကို မြန်မာနိုင်ငံ အနီး ပင်လယ်ပြင်သို့ စလွှေတ်ထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရက ဧရာဝတီ တိုင်းအတွင်းကို သွားခွင့် ငြင်းဆိုထားပါတယ်။
သဘာ၀ ဘေးအန္တရာယ်ကို တုံ့ပြန်ဆောင်ရွက်ကြရာမှာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဖို့ အရှေ့တောင်အာရှ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ စင်္ကာပူနိုင်ငံမှာ ယနေ့ တနင်္လာနေ့ တွေ့ဆုံ ဆွေးနွေးကြပါမယ်။ ကယ်ဆယ်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ရာမှာ တုံ့နှေးနေခဲ့တဲ့ အတွက် အာဆီယန် အဖွဲ့ဟာ အဝေဖန်ခံနေရပါတယ်။