သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဘဏ် မြန်မာပြည်ကို ငွေကြေးကူညီဖို့ အစီအစဉ်မရှိသေး


မြန်မာနိုင်ငံကို လောလောဆယ် ငွေထုတ်
ချေးဖို့ အစီအစဉ်မရှိတဲ့အကြောင်း ကမ္ဘာ့
ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးက ပြောဆိုလိုက်ပါတယ်။ စီးပွားရေးပညာရှင်
တွေကတော့ နိုင်ငံတကာ ငွေကြေးအဖွဲ့
အစည်းတွေရဲ့ ထောက်ပံ့မှုတွေရဖို့ဆိုရင် မြန်မာစစ်အစိုးရအနေနဲ့ သင့်တော်တဲ့
စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ရှိရ
မယ်လို့ ပြောဆိုပါတယ်။ တချိန်တည်းမှာ
ဧရာဝတီတိုင်းအတွင်း စပါးစိုက်ပျိုးတဲ့ ဧက
အများအပြား ပျက်စီးသွားပြီး မြန်မာနိုင်ငံ
မှာ ဆန်ရှားပါးမှုတွေ ကြုံလာရနိုင်တယ်လို့လည်း သတိပေးပါတယ်။ အကြောင်းစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

အခုလို ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို ငွေထုတ်ချေးမှာမဟုတ်ဘူးဆိုပြီး ကမ္ဘာ့ဘဏ်
အရာရှိက ပြောဆိုလိုက်တာနဲ့ပတ်သက်ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဟောင်းလည်းဖြစ်၊ စင်ကာပူအမျိုးသားတက္ကသိုလ်ရဲ့ အငြိမ်းစားပါမောက္ခလည်းဖြစ်တဲ့ စီးပွားရေးပညာရှင် ပါမောက္ခ ဒေါက်တာခင်မောင်ကြည်ကတော့ ကမ္ဘာ့ဘဏ်က ကယ်ဆယ်ရေးလုပ်ငန်းတွေထက် စီးပွားရေးရင်းနှီးမြှုပ်နှံမှုကို အဓိကအားပေးတဲ့ ငွေကြေးအဖွဲ့အစည်းဖြစ်တယ်လို့ ရှင်းပြပါတယ်။

“ကမ္ဘာ့ဘဏ်က အဲဒီလို ကယ်ဆယ်ရေးလုပ်တဲ့ အဖွဲ့အစည်းမှမဟုတ်ဘဲ။ သူတို့က
Investment (ရင်းနှီးမြှုပ်နှံမှု) တွေကို တိုင်းပြည်ကြီးပွားအောင်လုပ်မယ်ဆိုရင် အဲဒီ ရင်းနှီးမြှုပ်နှံမှုအတွက် ငွေချေးတဲ့လူတွေပဲ။ ကယ်ဆယ်ရေးလုပ်တဲ့အလုပ်က
အလကားပေးမှရမှာ။ အလကားပေးတာကို ပေးတဲ့လူတွေက ပေးနေတာပဲ။ သူမယူ
တာတော့ ဘယ်တတ်နိုင်မလဲ။”

တကယ်လို့ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ဘဏ်က ငွေချေးဖို့ဆိုရင် သင့်တော်တဲ့ ငွေကြေး
စနစ်နဲ့ သင့်တော်တဲ့ စီးပွားရေးအခြေခံ၊ နောက် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ရှိရ
မယ်လို့လည်း ပါမောက္ခ ဒေါက်တာခင်မောင်ကြည်က သုံးသပ်ပါတယ်။

“ကမ္ဘာ့ဘဏ်က ငွေထုတ်ချေးဖို့ဆိုရင် ဗမာပြည်ရဲ့ စီးပွားရေးက Properly Functioning (စနစ်တကျလည်ပတ်) နေရမယ်။ ဆိုလိုတာက ဈေးကွက်ဆိုရင်လည်း ဈေးကွက် အပီ
အပြင် ဖြစ်နေရမယ်။ ဈေးကွက်ကို ကသောင်းကနင်းဖြစ်ရင် ထိန်းချုပ်နိုင်မယ့်ဟာတွေ
ရှိနေရမယ်။ ဘဏ်စနစ်မှာဆိုလည်း ငွေစက္ကူထုတ်တာတို့ ဘာတို့၊ ဒါတွေမှာလည်း
စနစ်တကျ ဖြစ်နေရမယ်။ အဲဒါတွေမဖြစ်ဘဲနဲ့တော့ ကမ္ဘာ့ဘဏ်က မလုပ်နိုင်ဘူး။
ကမ္ဘာ့ဘဏ်ဆိုတာ ပိုက်ဆံတွေ အလကားပေးတဲ့အဖွဲ့မဟုတ်ဘူးဗျ။”

အခုအချိန်က မြန်မာနိုင်ငံအတွင်း မုန်တိုင်းဘေးဒဏ် သင့်ခဲ့တဲ့သူတွေ၊ အကူအညီ လိုအပ်နေတဲ့သူတွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေ ဦးစားပေးပြီး လုပ်ကိုင်ရမယ့်
အချိန်လို့ ဒေါက်တာခင်မောင်ကြည်က သုံးသပ်ပါတယ်။ ဒီလိုဒုက္ခရောက်တဲ့လူတွေကို
အကူအညီ အမှန်တကယ် ပေးချင်တယ်ဆိုရင် မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံတကာက ကမ်းလှမ်းထားတဲ့ အကူအညီတွေ၊ နိုင်ငံတကာက ကူညီကယ်ဆယ်ရေး ကျွမ်းကျင်သူ
တွေကို လက်ခံဖို့လိုတယ်လို့ သူက ပြောပါတယ်။

“အခု သင်္ဘောတွေနဲ့ ရောက်နေတယ်။ အဲဒီသင်္ဘောကြီးတွေကို ခွင့်ပြုလိုက်ရင်
သင်္ဘောတွေက ကမ်းကပ်ပြီး လူတွေကယ်သွားမှာပေါ့၊ ကျန်းမာအောင် လုပ်ပေးမှာ
ပေါ့။ ပြီးတော့ Nurse (သူနာပြု) တွေပါလာတယ်၊ ဆေးတွေပါလာတယ်၊ ပစ္စည်းတွေ
အများကြီး ပါလာတယ်။ အဲဒါတွေကိုလုပ်တဲ့အဖွဲ့က အဲဒါတွေကို လုပ်မှာပေါ့။ ကျနော်
တို့ရဲ့ ပထမဦးစားပေးက အဲဒီလူတွေကို မြန်မြန် အခြေအနေပြန်ကောင်းလာအောင်
လုပ်ရမှာ။”

မြန်မာနိုင်ငံမှာ အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်ကြီး ရင်ဆိုင်ခဲ့ရပြီးနောက် မြန်မာ
နိုင်ငံရဲ့ စပါးကျီဟာ ပျက်စီးသွားခဲ့ပြီလို့ ပါမောက္ခ ဒေါက်တာခင်မောင်ကြည်က သုံးသပ်
ပါတယ်။ ဒါကြောင့် ရှေ့နှစ်တွေမှာ တတိုင်းပြည်လုံး ဆန်ရှားပါးမှုတွေ ကြုံရနိုင်တယ်လို့
သူက သတိပေးပါတယ်။

“အဲဒါက အင်မတန်အရေးကြီးတယ်၊ ကျနော်တို့အဖို့မှာ။ ဘာဖြစ်လို့လဲဆိုတော့ မြစ်ဝ
ကျွန်းပေါ်က စပါးအများဆုံးထွက်တာ။ Export (ပြည်ပပို့ကုန်) လုပ်တယ်ဆိုတာ မြစ်ဝကျွန်းပေါ်ကစပါးနဲ့ ကျနော်တို့ လုပ်ရတာ။ အမှန်က ပြည်ဘက်နဲ့ တောင်ငူဘက်ဆိုတာ
တဧကမှာ တင်း ၄၀၊ ၅၀ ပဲထွက်တာ။ မြစ်ဝကျွန်းပေါ်က တင်း ၁၀၀ ထွက်တာ။
အဲတော့ ကျနော်တို့ရဲ့ ဆန်အိုးကြီးက မြစ်ဝကျွန်းပေါ်ပဲ။ မြစ်ဝကျွန်းပေါ်မှာ ဒီနှစ်မစိုက်
နိုင်ရင် နောက်နှစ်ဆို ကျနော်တို့ အကြီးအကျယ် ဒုက္ခဖြစ်ပြီ။ ဒုဗ ္ဘိက္ခန ္တရကပ်ကို ရောက်
လိမ့်မယ်။ ကျနော်တို့ ကြီးမားတဲ့လူဦးရေ သန်း ၅၀ လောက်ရှိနေတာနဲ့ ဒီ ပြည်လိုင်းနဲ့ တောင်ငူလိုင်းနဲ့က စပါးသိပ်ထွက်တာမဟုတ်ဘူး။ သူတို့က မြေဆီမြေသြဇာလည်း ဒီလောက်ကောင်းတာမဟုတ်ဘူး။ အဲတော့ မြစ်ဝကျွန်းပေါ်သာ အခုနှစ် စပါးမစိုက်နိုင်
ရင် နောက်နှစ်မှာ ကျနော်တို့ ငတ်ဖို့ပဲရှိတယ်။ နောက်နှစ်အတွက် ကျနော်တို့ ဘယ်က
ဆန်ရမှာလဲ။”

မြန်မာနိုင်ငံအတွင်း စပါးစိုက်တဲ့လယ်ယာတွေ ပျက်စီးခဲ့တာကြောင့် ဆန်ရှားပါးမှုတွေ ကြုံလာရနိုင်ခြေကို ပါမောက္ခ ဒေါက်တာခင်မောင်ကြည်က သုံးသပ်သွားတာပါ။

WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးကတော့ ပြီးခဲ့တဲ့ မုန်တိုင်းဒဏ်အတွင်း ဧရာဝတီတိုင်း
မှာ ဆန်စပါးစိုက်ပျိုးတဲ့ဧက ၁.၇ သန်းကျော်က ပြန်လည်ပြုစုပျိုးထောင်ဖို့ အရေးတကြီး
လိုအပ်နေပြီး မြန်မာနိုင်ငံမှာ စပါးစိုက်ပျိုးတဲ့ ဧရိယာရဲ့ ၂၀% ကျော် ပျက်စီးသွားခဲ့တဲ့
အကြောင်း ပြောဆိုထားခဲ့ပါတယ်။

XS
SM
MD
LG