သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေဘေးသင့် ဒေသမိဘမဲ့ ကလေးများ အခြေအနေ ဆိုးရွားနေဆဲ


မြန်မာနိုင်ငံက လေဘေးဒဏ်သင့်တဲ့ နေရာတွေမှာ လေဘေးဒဏ်ကြောင့် မိဘတွေ သေဆုံးခဲ့လို့ မိဘမဲ့ ဖြစ်ကျန်ရစ်တဲ့ ကလေးငယ်တွေဟာ အတော်လေးကို များနေပါတယ်။ ဒီကလေးငယ်တွေကို ဘယ်သူတွေက စောင့်ရှောက်ကြမလဲ ဆိုတာကို ဦးအောင်လွင်ဦးက တင်ပြပေးပါမယ်။

ဆိုင်ကလုန်းမုန်တိုင်း ဘေးဒဏ်ကြောင့် မိမဲ့ဖမဲ့ ဖြစ်နေကြရတဲ့ ကလေးငယ်တွေ အနေနဲ့ အကူအညီ အထောက်အပံ့ အပြင် ကာကွယ်စောင့်ရှောက်မှုတွေလည်း အရေးတကြီး လိုအပ်နေတယ်လို့ ကယ်ဆယ်ရေးလုပ်ငန်း လုပ်နေသူတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေက သတိပေးနေကြတာပါ။ အခုအချိန်အထိကတော့ လေမုန်တိုင်း ဘေးဒဏ်သင့်ရာ ဒေသတွေက ကလေးငယ်တွေ အနေနဲ့ စားဝတ်နေရေး၊ ကျန်းမာရေး အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ အခြေအနေတော့ မရှိသေးဘူးလို့ ကယ်ဆယ်ရေး လုပ်ငန်းလုပ်ကိုင်နေသူ ရန်ကုန်မြို့ခံ တယောက်က ပြောပါတယ်။

“နာဂစ်မုန်တိုင်းကို ခံရတဲ့အထဲမှာ သံလျင်မြို့နယ်လဲ ပါတယ်။ သံလျင်မြို့ပေါ်က ရပ်ကွက်တွေ ကအတော်အထိနာကြတယ်ဗျ။ ရွာတွေမှာဆိုရင် မုန်တိုင်းဒဏ်ကြောင့် တော်တော်များများ ဒုက္ခရောက်ခဲ့ရတယ်။ အိမ်တွေလည်း ပြိုကျတယ်။ အခုဆိုရင် ကလေးတွေ ရာဂဏန်းလောက်ရှိမယ်။ သူတို့ဟာ အမိုးအကာကင်းမဲ့ပြီးတော့ နေရတယ်။ မိုးရွာတဲ့နေ့တွေမှာဆိုရင် သူတို့ တော်တော် ဒုက္ခရောက်ကြတယ်။ နောက်ပြီးတော့ လုံလောက်တဲ့ အဟာရဓာတ်မရဘူး။ ထိရောက်တဲ့ ဆေးဝါးကုသမှုလည်း မရှိဘူး။ အခုက တနေ့တခြား အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ အခြေအနေကို ဆိုက်ရောက်နေတယ်ဗျ။ သံလျင်မြို့နယ်က ကျွန်တော်တို့က လက်လှမ်းမီလို့ အချက်အလက် အတိအကျရခဲ့တာပေါ့။ သံလျင်မြို့နယ်ထဲမှာဆိုရင် ကလေးတွေရဲ့ ဓာတ်ပုံတွေ ကျွန်တော်တို့ ဆီမှာ ရှိတယ်။ တခြားဧရာဝတီတိုင်းထဲမှာရှိတဲ့ မြို့ပေါ်တွေမှာထက် ကျေးရွာတွေမှာဆိုရင်လည်း ကလေးသူငယ်မှာ ထိရောက်တဲ့ ဆေးဝါးကုသခံယူခွင့်မရှိတာ။ လုံလောက်တဲ့အဟာရ မှီဝဲခွင့်မရှိတာ။ နောက်တခုက အမိုးအကာအောက်မှာ အေးချမ်းစွာမနေနိုင်ရတဲ့ ဒုက္ခ။ အဲဒီဒုက္ခတွေကို ကလေးတွေက ခါးသီးစွာ ခံစားနေရပါတယ်။”

ကုလသမဂ္ဂရဲ့ ကလေးငယ်များအရေးပေါ် ရံပုံငွေအဖွဲ့ (Unicef) ကလည်း မုန်တိုင်းဘေးဒဏ်ခံရတဲ့ ကလေးငယ်ပေါင်း ခန့်မှန်းချေ တသန်းလောက်ဟာ အရေးပေါ် အကူအညီတွေ လိုအပ်လိမ့်မယ်လို့ ပြောဆိုထားတာပါ။ ဒီလို အမိုးအကာအောက် ၀၀လင်လင်၊ လုံလုံခြုံခြုံနေနိုင်တဲ့ အခြေအနေမရှိတဲ့ ကလေးငယ်တွေ အနေနဲ့ နောက်ဆက်တွဲ ကြုံတွေ့နိုင်တဲ့ လူမှုရေး ပြဿနာတွေကလည်း ရှိနေတာပါ။ အထူးသဖြင့် ထိန်းသိမ်း စောင့်ရှောက်မဲ့သူမရှိ ဖြစ်နေရတဲ့ ကလေးသူငယ်တွေ အနေနဲ့ လူမှောင်ခိုကူးသူတွေရဲ့ သားကောင်ဖြစ်မှာကို စိုးရိမ်မကင်းဖြစ်တာတွေကလည်း ရှိနေတာပါ။ ဒေသတွင်းက ကလေးသူငယ်လူမှောင်ခိုကူးမှု တိုက်ဖျက်ရေးအဖွဲ့ နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ လူ့အခွင့်အရေး ပညာပေးရေးအဖွဲ့ (မြန်မာနိုင်ငံ) က ဒါရိုက်တာ ကိုအောင်မျိုးမင်း ကတော့ -

“အခုအရေးပေါ်အခြေအနေတွေ ဖြစ်နေတဲ့အချိန်မှာ ကြုံတွေ့နေရတဲ့ ကလေးတွေကို ကာကွယ်မဲ့ မိဘမဲ့ကလေးတွေ ကြားထဲမှာ မသမာတဲ့ သူတွေက ဒါကို အခွင့်ကောင်းယူပြီးတော့ လူကူးသန်းရောင်းဝယ်မှုလုပ်တဲ့ အစိအစဉ်တွေ ကျွန်တော်တို့ တွေ့ရတတ်တယ်။ ဒါတွေက ဖြစ်ခဲ့တာတွေကို ကျွန်တော်တို့ ကြည့်မယ်ဆိုရင် ဆူနာမီအပြီးမှာ သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံတို့ မှာ ကြုံတွေ့ရတယ်။ သူတို့ကိုယ်တိုင် လုပ်တဲ့အခါမှာ ထိုင်းနိုင်ငံမှာ မိဘဖြစ်ခဲ့တဲ့ မြန်မာအလုပ်သမာတွေရဲ့ ကလေးတွေကို လူပွဲစားတွေက ကူညီပေးမယ်၊ မွေးစားမယ်ဆိုပြီး ၊ လာမွေးတာတို့၊ ခေါ်သွားတာတို့ ရှိတယ်။ ကျွန်တော်တို့ အချိန်မှီ ကြားသိနိုင်တဲ့အတွက် အဲဒီကလေးတွေကို ကျွန်တော်တို့ မိဘမဲ့ဂေဟာတွေမှာ ထားခဲ့တယ်။ ကျောင်းတွေ ပြန်တက်တယ်။ အခု မြန်မာပြည်အခြေအနေတွေမှာ ကျွန်တော်တို့ စိုးရိမ် နေတာကတော့ နအဖစစ်တပ် အနေနဲ့ လူဒုက္ခသည်တွေအားလုံးကို ကာကွယ်မှုမပေးနိုင်ဘူး။ အခုချိန်ထိ လူတွေက ဒုက္ခရောက်နေတုန်းပဲ။ မိဘမဲ့ကလေးတွေဟာ လူကုန်ကူးတဲ့ လူတွေရဲ့ ပြစ်မှတ်ထဲမှာ ကျရောက်နေတယ်။ အထူးသဖြင့် အကာအကွယ်မဲ့တဲ့ မိဘမဲ့ ကလေးတွေမှာ ပိုအန္တရာယ်ကျရောက် နိုင်ပါတယ်။”

မြန်မာစစ်အစိုးရကတော့ မုန်တိုင်းဒဏ် အဆိုးရွားဆုံးခံခဲ့ရတဲ့ ဧရာဝတီတိုင်းထဲက ဖျာပုံခရိုင် နဲ့ လပွတ္တာမြို့တွေမှာ မိဘမဲ့ကလေးငယ်တွေအတွက် သင်တန်းကျောင်းတွေ ဖွင့်လှစ်ပေးဖို့ အစိုးရပိုင်သတင်းစာတွေမှာ ဒီကနေ့ပဲ ဖော်ပြလိုက်ပါတယ်။ ဒါဟာလည်း အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဒီဒေသတွေကို သွားရောက်ပြီးတဲ့နောက် လမ်းညွှန်ချက်အရ ဆောင်ရွက်ခဲ့တာလို့လည်း ဆိုပါတယ်။ စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူ ရန်ကုန်မြို့ခံကတော့ အခု ကြေငြာချက်အပေါ် ဒီလို မှတ်ချက်ပေးပါတယ်။

“နိုင်ငံတော် ငြိမ်းချမ်းသာယာရေး ဖွံ့ဖြိုးရေးကောင်စီ အစိုးရကနေပြီး ကြေညာတယ်လေ၊ မုန်တိုင်းဒဏ်ခံရတဲ့ မိဘမဲ့ ကလေးငယ် ဂေဟာတွေ ဆောက်ပေးမယ်။ ဘာညာပြောတဲ့ ကြေညာတာတွေ ကြားရတယ်။ တကယ်တော့ ဒီကိစ္စက မုန်တိုင်းဖြစ်ပြီး နှစ်ပတ်ကြာတော့မှ လာတာ။ အစိုးရ တရပ်အနေနဲ့ဆိုရင် ဒီလုပ်ရပ်ဟာ အင်မတန်မှ နောက်ကျပြီး အရမ်းနှေးတယ်။ ကလေးတွေက မုန်တိုင်းပြီးကတည်းက ထမင်းငတ်နေတာ။ မုန်တိုင်းပြီးကတည်းက ရောဂါဝေဒနာ ခံစားနေရတာ။ မုန်တိုင်းပြီးကတည်းက အမိုးအကာမဲ့နေလာရတာ။ နှစ်ပတ်အတွင်းမှာ အသက်ရှင်တဲ့ ကလေးလောက်သာ မိဘမဲ့ ဂေဟာရောက်မှာ။ တကယ်တမ်း အစိုးရအနေနဲ့ သူ့ရဲ့ ပြည်သူ ပြည်သားပေါ်မှာ တာဝန် ကျေပွန်တဲ့ အစိုးရဆိုရင် ဒါမျိုးတွေဟာ မုန်တိုင်း ပြီးလျင်ပြီးချင်းမှာ လာလုပ်ရမယ့် အလုပ်တွေ ဖြစ်တယ်။”

လေမုန်တိုင်းဒဏ် သင့်သူတွေအတွက် စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေး လုပ်ငန်းလုပ်ကိုင်နေသူ ရန်ကုန်မြို့ခံ တယောက် ဖြစ်ပါတယ်။ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း ၂ သန်းခွဲလောက် ဒုက္ခရောက်ခဲ့ကြရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားတာဖြစ်ပြီး ဒီအထဲက မုန်တိုင်းဒဏ် အပြင်းအထန် ခံရသူတွေရဲ့ ၄၀ ရာခိုင်နှုန်းဟာလည်း ကလေးသူငယ်တွေ ဖြစ်တယ်ဆိုပြီး တွက်ဆထားတာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG