သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေရပ်ပြန်ပို့ခံရသည့် လေဘေးဒုက္ခသည်များ သောက်သုံးရေရှားပါးနေ


ဧရာဝတီတိုင်းအတွင်း နေရပ်ပြန်ပို့ခံရတဲ့ ဒုက္ခသည်တွေကြားမှာ သောက်ရေသန့်
ရှားပါးတဲ့ပြဿနာကို အဓိကရင်ဆိုင်နေရပြီး ဝမ်းရောဂါဖြစ်ပွားတဲ့အတွက် သေဆုံး
တာတွေလည်း ရှိတဲ့အကြောင်း လပွတ္တာမြို့နယ် အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ လေဘေးကယ်ဆယ်ရေး လုပ်ငန်းတွေ
မှာ ပါဝင်ဆောင်ရွက်နေတဲ့ ဒေါက်တာအေးကြူက ပြောပါတယ်။ ဒေါက်တာအေးကြူကို ကိုသိန်းထိုက်ဦး ဆက်သွယ်မေးမြန်းတဲ့အခါ လေဘေးဒုက္ခသည်တွေကို နေရပ်ပြန်ပို့
နေတဲ့ အခြေအနေနဲ့ပတ်သက်လို့ အခုလို စပြီးပြောပြပါတယ်။

“ဒုက္ခသည်တွေကို နှစ်ကြောင်းလမ်းဖွင့်ပေးလိုက်တယ်။ တကြောင်းက သူတို့ပေးတဲ့
စခန်းတွေမှာနေမလား၊ မနေလို့ရှိရင် တောပြန်ဆင်း၊ မြို့ပေါ်မှာနေခဲ့တဲ့ ဘုန်းကြီး
ကျောင်းတွေ၊ အထကတို့ အလကတို့ မူကြိုတွေမှာ သူတို့ လုံးဝမရှိစေရဘူး။ ဘုန်းကြီး
ကျောင်းတွေကို လာပြီးပြောတာ မနက် ၈ နာရီ၊ ည ၆ နာရီ မတွေ့စေရဘူး၊ အတင်း
နှင်နေတယ်။

ကျောင်းတွေကနှင်တော့ သူတို့ ဘယ်သွားနေနေကြလဲ။

တောပြန်မယ့်သူဆိုရင် သင်္ဘောစီစဉ်ပေးတယ်။ ပထမနှစ်ရက်လောက်ကတော့
သင်္ဘောနဲ့ လိုက်ပို့ပေးတယ်။ စစ်သင်္ဘောနဲ့ လိုက်ပို့ပေးတယ်။ အခုနောက်ပိုင်းတော့ သင်္ဘောလေးတွေနဲ့ လိုက်ပို့ပေးတယ်။ သူတို့ အဲဒီမှာ နေချင်နေ၊ နေရပ်ပြန်ချင်ပြန်၊
မပြန်ရင် ဒုက္ခသည်စခန်းဆိုတော့ မြို့စွန်မှာရှိတဲ့ ဘောလုံးကွင်းမှာ နေချင်နေ၊ မနေ
ချင်ရင် ဂေါက်ဖ်ကွင်း။ နောက်ပိတ်ဆုံးပို့တာကတော့ ငါးမိုင်ရှိတဲ့ အစုလေးရွာနားကို
ပို့တယ်။”

လပွတ္တာမှာ ဒုက္ခသည် ဘယ်လောက်လောက် ရှိပါသလဲခင်ဗျား။

“စဖြစ်တုန်းကတော့ ၅၀,၀၀၀၊ ၅၆,၀၀၀ လောက်ရှိတယ်။ အခုဟာက ဒုက္ခသည်စခန်း
မှာ ပို့တာထက် စခန်းမှာ မနေတော့ဘဲ များသောအားဖြင့် တောကိုပြန်ကြတာ။”

တောကိုပြန်တော့ရော နေလို့ရလို့လား၊ တောမှာ သူတို့ နေထိုင် ရပ်တည်လို့ရတဲ့
အနေအထားမျိုး ရှိလို့လားခင်ဗျား။

“နေထိုင်ဖို့က ဆန်ဆယ်ရက်စာပေးတယ်၊ အမိုးပေးတယ်။ နောက်ပြီးတော့ ပုဂ္ဂလိက
တွေ လှူတဲ့ဟာတွေ ဆန်၊ အမိုးနဲ့ ကျန်တဲ့ဟာတွေ ပေးလိုက်တယ်။ လုံလုံ
လောက်လောက်တော့ မရနိုင်ဘူး။ အဓိကက သောက်ရေ၊ သူတို့နှင်တာက အဓိက
နှင်တာ ပင်လယ်ဘက်ခြမ်းတွေ၊ ပင်လယ်ဘက်ခြမ်းက ရေမရနိုင်ဘူး။ ကန်တွေက ရေလွှမ်းသွားတော့ ရေငန်ရေလွှမ်းသွားတဲ့အတွက် အနည်းဆုံး သုံးလေးကြိမ်တော့
ပြန်ဆယ်ရမယ်၊ အလောင်းတွေက ကန်ထဲမှာရှိတော့၊ အလောင်းတွေဆည်ပြီး
ကန်ပေါ် သုံးလေးငါးခါလောက် ဆယ်ရမယ်။ ရေကြီးတုန်းက နွံတွေပါလာတော့ နွံတွေ
ကုန်အောင် သုံးလေးခါလောက် ဆယ်ရမယ်။ ဟိုတနေ့က ပဉ္စလူကို ငါ့အသိတယောက် ဆင်းသွားတယ်။ နေလို့မရဘူးတဲ့၊ အဓိကက ရေပြဿနာပဲ၊ သောက်ရေပြဿနာပဲ။
မိုးကရွာပေမယ့် ကန်တွေက ရေတွေက မသန့်ဘူး။ မသန့်လို့လည်း ရွေးကျေးရွာမှာ
ရေမသန့်လို့ လူ ၉ ယောက်သေတယ်။”

ဝမ်းရောဂါအပြင် တခြားရောဂါဖြစ်တာတွေရော တွေ့ရသလား။

“ဆေးခန်းတွေမှာ ကလေးတွေ နည်းတာမဟုတ်ဘူး။ လူကြီးတွေလည်းပါတယ်။ ကိုယ့်
ဆေးခန်းမှာပဲ၊ ကိုယ်ဖွင့်တဲ့ ပုဂ္ဂလိက ဆေးခန်းမှာပဲ၊ ဒါမြို့ပေါ်မှာတောင် ဖြစ်နေတာ။ မြို့ပေါ်ကနေမပြန်ခင် သုံးလေးရက်မှာ မပြန်ခင် သင်္ဘောဆိပ်အဆင်း ဆေးဝင်ထိုး
သွားကြတာ။ ငါလည်း မပြန်ခင် ဆေး သုံးလေးရက်စာ၊ လေးငါးရက်စာ ပေးလိုက်
တယ်။ ပေးလိုက်ပေမယ့် စိတ်မချရဘူး။ သူတို့က ဆင်းသွားတဲ့အခါ အဆောက်အဦး
လည်း မရှိဘူး၊ အဆောက်အဦးကလည်း သူတို့ပေးလိုက်တာ ပလပ်စတစ်စတွေ အဲဒါ
တွေမိုးနေ၊ တောမှာ ဓနိလေးတွေ ကြံဖန်မိုးနေ၊ အိမ်အဟောင်းတွေမှာ တိုင်ပဲကျန်တာ
ကို ဓနိလေးမိုးနေနော်၊ အဲလိုပဲ နေကြတာ၊ ပဉ္စလူမှာ တရာလောက်ရှိတယ်။ ရွေးမှာ လေးငါးဆယ်ရှိတယ်။ သင်္ကန်းကြီးမှာ ၁၀၀ လောက်ရှိတယ်။ သူတို့က စပြီးတော့
အလောင်းတွေကို ပြန်ပြီးတော့ရှင်း။

“ရွာတွေကို နေပြန်တော့ ကျေးရွာတွေရဲ့ အုပ်စုရှိတယ်၊ အုပ်စုတွေမှာပဲ နေခိုင်းတယ်။ အနီးနားရွာတွေမှာ မနေခိုင်းတော့ဘဲ ကျေးရွာအုပ်စု တခုတည်းမှာ ဥပမာ သင်္ကန်း
ကြီးဆိုရင် သူ့ဘေးနားမှာ ရွာတွေရှိတယ်။ ရွေးတို့ဘာတို့ ရှိတယ်။ သူ့အနီးနားမှာ ရှိတဲ့
ရွာတွေကို ဘယ်လိုစုလဲဆိုတော့ သင်္ကန်းကြီးမှာစု၊ ဒါပေမယ့် အဲဒီလုပ်ငန်းတွေက
သင်္ကန်းကြီးမှာမရှိဘူး။ တော်တော်လှမ်းတဲ့ သူတို့ကိုယ်ပိုင် ကျေးရွာတွေမှာရှိတော့
ပြဿနာရှိတယ်။ နောက်တော့ အလောင်းတွေက ရှိနေတုန်းပဲ၊ မရှင်းရသေးဘူး။
အလောင်းတွေ ရှင်းတယ်ဆိုတာကလည်း ရှင်းရှင်းပြောရရင် အရပ်သားတွေပဲ ရှင်းရ
တာ။ တပ်ကရှင်းတာမဟုတ်ဘူး။ ကျွမ်းကျင်တဲ့လုပ်သားလည်း ရှင်းတာမဟုတ်ဘူး။
အလောင်းတွေကို အရပ်သားတွေပဲ ရှင်းရတာ။ ကုန်းပေါ်က အလောင်းတွေကို
တိမ်တိမ်ပဲတူးပြီး ဖြစ်သလို မြှုပ်ရတာ။ ဒုက္ခသည်တွေ ပြန်လုပ်ရတာဆိုတော့ ဒုက္ခ
သည်တွေပဲ ထပ်ပြီး ဒုက္ခထပ်ရောက်နေကြတာ။”

လပွတ္တာမြို့နယ် အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စား
လှယ်လည်းဖြစ် လေဘေးကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ ဒေါက်တာအေးကြူ ပြောပြသွားတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG