နာဂစ်မုန်တိုင်းဒဏ်သင့်လူထုအတွက် ကူညီ
ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတဲ့ လူရွှင်တော်
ကိုဇာဂနာကို ဇွန်လ ၄ ရက်နေ့ညမှာ အာဏာပိုင်တွေ
က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
လူရွှင်တော် ကိုဇာဂနာကို စစ်အာဏာပိုင်တွေက ဘာကြောင့်ဖမ်းဆီးခဲ့သလဲဆိုတာ ဦးကျော်ဇံသာက သုံးသပ်တင်ပြထားပါတယ်။
တချိန်က ရန်ကုန် သံတမန်အသိုင်းအဝိုင်းကြားမှာ
Arrest Season ဖမ်းဆီးရာသီဆိုတဲ့စကားတခု ရှိခဲ့ပါ
တယ်။ အရေးအခင်းဖြစ်ပြီး အရေးအခင်း နှစ်ပတ်
လည်နေ့တွေ နီးလာပြီဆိုရင် လှုပ်ရှားမယ့်သူတွေကို ကြိုပြီး ဖမ်းဆီးတဲ့သဘော ဖြစ်ပါ
တယ်။ အခုတော့ အဲဒီဖမ်းဆီးရာသီက တဖြည်းဖြည်း ကျယ်ကျယ်လာပြီး တနှစ်လုံး
လိုလို အဖမ်းအဆီးရာသီ ဖြစ်လာနေပါတယ်။
ဒါပေမယ့် ကိုဇာဂနာကိုဖမ်းတာကတော့ ဒီလို ဖမ်းဆီးရာသီကြောင့် မဟုတ်ဘူးလို့
ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ ကိုဇာဂနာဟာ နိုင်ငံရေးသမားတယောက် မဟုတ်
ပါဘူး။ ဒီလိုနှစ်ပတ်လည်နေ့တွေမှာ ဆူပူလှုပ်ရှားမယ့်လူလည်း မဟုတ်ပါဘူး။ သူဟာ အနုပညာသမား၊ လူရွှင်တော်တဦးသာ ဖြစ်ပါတယ်။ သူက သူမြင်တာကိုဝေဖန်မယ်၊
ပြောမယ်၊ ဟာသမြောက်အောင်ပြောမယ်ဆိုပြီး ပြောနေပါတယ်။ အာဏာပိုင်တွေကို
လည်း ပြောမယ်။ အတိုက်အခံတွေကိုလည်း ပြောချင်ရင် ပြောမှာပါပဲ။ ဒီလို အနုပညာ
သမားတွေရဲ့ စရိုက်သဘာဝကို အနုပညာသမားအချင်းချင်းဖြစ်တဲ့ ဒါရိုက်တာ
အကယ်ဒမီ ဦးဝင်းဖေက အခုလိုပြောပါတယ်။
“ဇာဂနာနဲ့ပတ်သက်လို့ တည့်တည့်ပြောရရင် သူဟာ အနုပညာသည်တယောက်ပါ။
သူက တိုင်းပြည်က အသိအမှတ်ပြုထားတဲ့၊ ထင်ပေါ်ကျော်ကြားတဲ့ အနုပညာသည်
တယောက်ပါ။ သူ တောက်လျှောက် သူ့အနုပညာကို လုပ်ခဲ့တဲ့နေရာမှာ အဓိကအားဖြင့်
သူက ပြက်လုံးတွေထုတ်တဲ့ အနုပညာသည်။ သူ့လုပ်ရပ်တွေထဲမှာ ဘာတွေတွေ့ရလဲ
ဆိုတော့ အမြင်မတော်တာရှိရင်၊ ဒါမှမဟုတ် ပြက်လုံးထုတ်စရာရှိရင် နေရာမရွေး၊
ထောင့်မရွေး ပြက်လုံးတွေထုတ်ခဲ့တယ်။ အဖြူကိုပဲဖြစ်ဖြစ်၊ အမည်းကိုပဲဖြစ်ဖြစ်
အားလုံးကို ပြက်လုံးတွေထုတ်ခဲ့တယ်ဆိုတာ မြင်ရပါတယ်။
“အဲတော့ ပြက်လုံးထုတ်တဲ့အထဲမှာ မခံချင်တဲ့လူကတော့ မကြိုက်ဘူးပေါ့။ ဥပမာ ဗုဒ္ဓံ
သရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂန်းစာမိဆိုပြီးတော့တောင်မှ သူက ပြက်လုံးထုတ်ပါတယ်။ တချို့သံဃာတော်တွေဆိုရင် မကြိုက်ပါဘူး၊ ဒီစကားလုံးကို။
သို့သော် ဒီအဖြစ်အပျက်က တကယ်ဖြစ်ခဲ့တာ။ ဂစ္ဆာမိနဲ့ ဂန်းစာမိနဲ့က တိုက်ဆိုင်နေ
တယ်။ တကယ်လည်း ဖြစ်ပျက်သွားရင် သူက ပြောတာပဲ။ အဲတော့ သူဟာ တကယ် သူ့ရင်ထဲမှာရှိတာကို၊ အမှန်တရားကို သတ္တိရှိရှိနဲ့ ပြောရဲတဲ့လူတယောက်ဖြစ်ပါတယ်။
လူတွေဟာ အမှန်တရားကို ပြောချင်ကြပေမယ့် အထူးသဖြင့် ဒီခေတ်ကြီးမှာ လူ ၁၀၀
မှာ ၉၅ ယောက်၊ ၉၈ ယောက်လောက်က မပြောရဲကြပါဘူး။ သူဟာ သတ္တိရှိရှိနဲ့ အမှန် တရားကိုပြောရဲတဲ့ အနုပညာသည်တယောက် ဖြစ်ပါတယ်။”
အာဏာရှင်ကြီး ဦးနေဝင်းလက်ထက်မှာတောင် လူရွှင်တော်ဇာဂနာဟာ ဒီလောက်
အထိ အဖမ်းအဆီး မခံခဲ့ရပါဘူး။ ၈၈ အရေးအခင်းနီးလာမှ သူ့ကို စတင်ဖမ်းဆီးခဲ့တာ
ပါ။ ဒါတင်မက သက်ဦးဆံပိုင်ပဒေသရာဇ်တွေတောင် လူရွှင်တော်တွေအပေါ်မှာ သဘောထားပျော့ပြောင်းမှုတွေ ရှိခဲ့ပါတယ်။ မြန်မာ့သမိုင်းမှာဆိုရင် ဦးပေါ်ဦးတို့လို
လူတွေဟာ ရှင်ဘုရင်ကိုတောင် ပြက်လုံးထုတ်ခဲ့ပါတယ်။ ဒါကိုလည်း ဆရာဦးဝင်းဖေ
က အခုလို ဆက်ပြီးသုံးသပ်ပြပါတယ်။
“အရင်တုန်းက လူရွှင်တော်ကို ဥရောပမှာပဲဖြစ်ဖြစ်၊ အရှေ့တိုင်းမှာပဲဖြစ်ဖြစ် သမိုင်း
တွေမှာတောင် Special License လိုဟာမျိုးပေးပြီးတောင် ခန့်ရတယ်။ ပျော့ပြောင်းတဲ့ အနုပညာဆန်ဆန်နဲ့ ပြက်လုံးလိုသဘောတရားနဲ့ ပြဿနာတွေကို တင်နိုင်အောင်
သူတို့တင်မက သဘင်သည်တွေ၊ အနုပညာသည်တွေကို ခန့်ထားတယ်။ ဒီလိုပဲ
အားကိုးတယ်။ နောက် ဒေါသဖြစ်လို့ အရေးယူခံရတာတွေရှိတာ တခြားပေါ့ဗျာ။
ကျနော်တော့ ဒီလိုကို နားလည်ထားတယ်။ လိုအပ်လို့သုံးတယ်ဆိုတဲ့ အနေအထား
မှာကိုရှိတယ်။”
လက်ရှိ မြန်မာနိုင်ငံ စစ်အာဏာပိုင်တွေဟာ သက်ဦးဆံပိုင် ဘုရင်တွေလောက်တောင် သည်းမခံနိုင်ကြတော့ဘူးလား၊ ဇာဂနာဟာ သူတို့သြဇာအာဏာကို စိန်ခေါ်တဲ့လူလည်း
မဟုတ်ဘဲနဲ့ ဘာကြောင့်ဖမ်းရပါသလဲ။ အများဆုံးဖြစ်နိုင်တာတခုကတော့ ဒီ
စစ်အာဏာပိုင်တွေ အကြောက်လွန်နေလို့ပါပဲ။ Paranoid ဖြစ်နေတယ်လို့ ဆိုရမှာပါ။
စစ်အစိုးရအနေနဲ့ စိုးရိမ်စိတ်လွန်ကဲလာမှုတွေကို အခုတလော ပိုပြီး ကြားလာနေရပါ
တယ်။ သူတို့ရဲ့ ဆွေမျိုးသားချင်းတွေ ရန်ကုန်မှာရှိနေတာကို လုံးဝဥဿုံနေပြည်တော်
ကို ပြောင်းရွှေ့ပြီးနေဖို့ ဒီရက်ပိုင်းအတွင်းမှာပဲ ညွှန်ကြားချက်ထုတ်ထားတယ်လို့ မြန်မာ
နိုင်ငံတွင်းက သံတမန်သတင်းရပ်ကွက်က သတင်းပေါ်ထွက်လာပါတယ်။
သူတို့ဟာ စစ်အစိုးရပီပီ အရာရာကို စစ်ရေးအမြင်နဲ့ပဲ ကြည့်တတ်ပါတယ်။ ကယ်ဆယ်
ရေးပစ္စည်းတွေ လာပေးတာတောင် စစ်သားတွေမလာနဲ့၊ စစ်ရဟတ်ယာဉ်တွေမလာနဲ့၊
အရပ်သားပဲ လာခိုင်းပါတယ်။ အရပ်သားတွေလာတာကိုလည်း သူတို့ ဆက်လက်
ကြောက်ဆဲပါပဲ။ အရပ်သားတွေလာတာကိုလည်း သူတို့ဟာ ကာကွယ်ရေးခံစစ်ကြီး
တခု ဆင်နွှဲနေရသလို လက်နက်တွေ၊ စစ်ပစ္စည်းတွေနဲ့ ကာကွယ်နေတယ်ဆိုတာ
ကြားနေရပါတယ်။
အမေရိကန်စစ်သင်္ဘောဟာလည်း ပြန်သွားခဲ့ပါပြီ။ ဒါပေမယ့်လည်း စစ်အာဏာပိုင်တွေ
ရဲ့ ကြောက်စိတ်ကတော့ လျော့မသွားတာ တွေ့နေရပါတယ်။ ဒီလို စိုးရိမ်စိတ်လွန်ကဲတဲ့
ဝေဒနာဟာ ဇာဂနာကို ဖမ်းမိရုံနဲ့တော့ သက်သာရာရလိမ့်မယ်လို့ မထင်မိပါဘူး။