မြန်မာ့ဒီမိုကရေစီခေါင်းဆောင် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  အသက် ၆၃ နှစ်ပြည့်မွေးနေ့အထိမ်း အမှတ်အခမ်းအနားတွေကို ပြည်တွင်းပြည်ပက မြန်မာ့ဒီမိုကရေစီရေး ထောက်ခံသူတွေက ကမ္ဘာနိုင်ငံ တော်တော်များများမှာ ကျင်းပခဲ့ကြပါတယ်။
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရန်ကုန် ရုံးချုပ်မှာလည်း ဇွန်လ ၁၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အခမ်း အနားကို လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ကြားက ကျင်းပခဲ့ပြီး အဲဒီမှာ စစ်အစိုးရက အထောက်အပံ့ ပေးထားတဲ့ စွမ်းအား ရှင်နဲ့ ကြံ့ ခိုင်ဖွံ့ ဖြိုးရေးအဖွဲ့တွေ ရောက်လာပြီး ရိုက်နှက်ဖမ်းဆီးမှုတွေလုပ်ခဲ့လို့ NLD အဖွဲ့ ဝင် ၄ဦး လောက် အဖမ်းခံခဲ့ရပါ တယ်။ ကမ္ဘာ့ခေါင်းဆောင် တော်တော်များများကလည်း အဖမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ မြန်မာစစ်အစိုးရကို တိုက်တွန်းခဲ့ကြပါတယ်။
ဇွန်လ၁၉ရက်နေ့က အမေရီကန်နိုင်ငံမြို့ တော် ၀ါရှင်တန်ဒီစီက အောက်လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ ကိုကျင်းပခဲ့ပြီး အဲဒီအခမ်းအနားမှာ ဒေါ်စုရဲ့ မိသားစုဝင်တဦးက ငှားရမ်းထားလို့ ဒေါ်စုလွတ်မြောက်ရေး ရှေ့ နေလိုက်ပေး နေတဲ့ ဂျဲရက် ဂျန်ဆာ (Jared Genser) လည်း တက်ရောက်ခဲ့ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကို လေးကြိမ်တိုင်တိုင် အရင်က ဖမ်းဆီးခဲ့တုန်းကလည်း ကုလသမဂ္ဂ ဘက်ကနေ ဒီလိုဖမ်းဆီးမှုတွေဟာ တရားမ၀င်တဲ့ ဖမ်းဆီးမှုတွေ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ အခုလိုဖမ်းဆီးထားတာဟာ နိုင်ငံတကာ ဥပဒေနဲ့လည်း မညီညွတ်ပါဘူး။ အဲဒါကြောင့် ဇွန်လ ၁၈ ရက်နေ့ကပဲ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ကုလသမဂ္ဂဘက်ကနေ တရားဝင်နည်းလမ်းတွေနဲ့ အရေးပေါ် အရေးယူဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံချက်တစောင် ကျနော်ပေးပို့ခဲ့ပါတယ်” လို့ ရှေ့နေ ဂျဲရက် ဂျန်ဆာက ရှင်းပြခဲ့တာပါ။
အမေရီကန်နိုင်ငံခြားရေး ၀န်ကြီးဌာနက အာရှဖိစိဖိတ်ရေးရာ ညွန်ကြားရေးမှုး အလီးနား နာဂီး ကလည်း ဒေါ်စုလွတ်မြောက် ရေးအတွက် အမေရိကန်ဘက်ကဆက်လက် တွန်းအားပေး လုပ်ဆောင် သွားမယ်လို့ ပြောခဲ့ပါတယ်။
“ဒီကနေ့ပဲ နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် (Condoleezza Rice) က ကုလသမဂ္ဂမှာ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Ban Ki-moon) နဲ့ တွေ့ဆုံပြီး ဒေါ်စုလွတ်မြောက်ရေးအပြင် မြန်မာပြည်အတွက် ဒီမိုကရေစီ အပြောင်းအလဲ လုပ်ဆောင်မှုတွေအကြောင်း ဆွေးနွေးခဲ့ပါတယ်” လို့ ပြောသွားခဲ့တာပါ၊
အခန်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အကိုဝမ်းကွဲတော်တဲ့ NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်း အစိုးရရဲ့ ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်း၊ နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါက်တာဆလိုင်းထွန်းသန်း နဲ့ မြန်မာ့အရေးလှုပ် ရှားထောက်ခံသူတွေတက်ရောက်ခဲ့ကြပါတယ်။
မွေးနေ့တော်တော်များများကို အကျဉ်းချခံပြီး ဖြတ်ကျော်နေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက်ကျင်းပကြတဲ့အခမ်းအနားတွေမှာ ပျော်ရွှင်ပါစေလို့ ဆုတောင်ကြမယ့်အစား ဒေါ်အောင်ဆန်းစုကြည် အမြန် ဆုံးလွတ်မြောက်ပါစေလို့ပဲ ဆန္ဒပြုဆုတောင်းခဲ့ကြပါတယ်။