ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်၊ ဒေါ်အောင်ဆန်း
စုကြည်မွေးနေ့က အန်န်အယ်လ်ဒီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်ရှေ့
မှာ မွေးနေ့အထိမ်းအမှတ် ဆုတောင်းနေ
ကြတုန်း အရပ်ဝတ်နဲ့လူတွေ အတင်း
ဝင်ဖမ်းတာခံခဲ့ရတဲ့ အန်န်အယ်လ်ဒီ
အဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးဖို့ အန်န်
အယ်လ်ဒီဥက္ကဋ္ဌက မြန်မာစစ်ကောင်စီ
ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီ
ကို ဇွန်လ ၂၆ ရက်နေ့စွဲနဲ့ စာတစောင်
ပေးပို့ခဲ့ပါတယ်။ လုံခြုံရေးတာဝန်ရှိသူ
တွေက ဖမ်းတာမဟုတ်ဘဲ အဲဒီလူတွေ
ရှေ့မှာတင် အရပ်ဝတ်နဲ့လူတွေက အတင်း
ဝင်ရောက် ထိုးကြိတ်ဖမ်းဆီးတာဟာ
ဥပဒေစိုးမိုးရေးဆိုတာနဲ့ ဆန့်ကျင်နေပြီး
ဥပဒေနဲ့ မညီညွတ်တာကြောင့် အမြန်ဆုံး
ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
ဒါပေမယ့် ခုချိန်ထိတော့ အစိုးရဘက်က ဘာမှအကြောင်းပြန်ကြားတာ မရှိသေးပါဘူး။
အပြည့်အစုံကို ဘန်ကောက်ရောက် ဗွီအိုအေဝိုင်းတော်သား ကိုကျော်ကျော်သိန်းက
တင်ပြပေးထားပါတယ်။
အဲဒီနေ့က ဝင်ရောက်ဖမ်းဆီးခဲ့သူတွေဟာ လူမှုရေးအသင်းအဖွဲ့ဆိုပြီး ဖွဲ့စည်းထားတဲ့
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းဝင်တွေနဲ့ စွမ်းအားရှင်အဖွဲ့ဝင်တွေဖြစ်တယ်
လို့ အန်န်အယ်လ်ဒီရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ၊ ရဲအထူး
သတင်းတပ်ဖွဲ့ဝင်တွေနဲ့ လုံခြုံမှုထိန်းသိမ်းရေး တပ်ဖွဲ့ဝင်တွေရှေ့မှာပဲ ဝင်ဖမ်းခဲ့တာ
ဖြစ်ပေမယ့် အဲဒီလုံခြုံရေးတာဝန်ရှိသူတွေက ဟန့်တားထိန်းသိမ်းတာ မလုပ်ခဲ့ဘူးလို့
ဆိုပါတယ်။
အန်န်အယ်လ်ဒီ တာဝန်ရှိသူတွေဘက်က သူတို့ရဲ့အဖွဲ့ဝင်တွေကို ထိန်းသိမ်းဆောင်ရွက်
ခဲ့လို့သာ ပြဿနာဟာ ပိုကြီးထွားမလာဘဲ အေးအေးချမ်းချမ်း ပြီးဆုံးသွားခဲ့တာ
ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
အခင်းဖြစ်ပြီး ၆ ရက်အကြာ၊ ဇွန်လ ၂၅ ရက်နေ့မှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်း
အဝေး ဆုံးဖြတ်ချက်အရ အန်န်အယ်လ်ဒီဥက္ကဋ္ဌက လက်မှတ်ရေးထိုးထားတဲ့စာကို
မြန်မာစစ်ကောင်စီဥက္ကဋ္ဌဆီ ၂၆ ရက်နေ့မှာ ပေးပို့ခဲ့တာပါ။ ခုချိန်ထိတော့ အကြောင်း
မပြန်ကြားသေးဘူးလို့ အန်န်အယ်လ်ဒီ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က
ဗွီအိုအေကို ပြောပါတယ်။
“အခုအချိန်ထိတော့ အကြောင်းပြန်ကြားတာ တခုမှမရှိသေးပါဘူး။ လောလောဆယ်
သူတို့မိသားစုတွေဆီကိုရော၊ ကျနော်တို့ရုံးကိုရော ဘာမှ အကြောင်းပြန်ကြားတာ
မရှိသေးပါဘူး။”
ဒါ့အပြင် ဖမ်းဆီးသွားသူတွေကို ဘယ်မှာထိန်းသိမ်းထားတယ်၊ သူတို့ရဲ့အခြေအနေ
ဘယ်လိုရှိတယ် ဆိုတာတွေကိုလည်း ဘာမှမသိရသေးပါဘူးလို့ ဒေါက်တာဝင်းနိုင်က
ဆက်ပြောပါတယ်။ ဒီဖြစ်ရပ်ဟာ စကတည်းကိုက ဥပဒေနဲ့ မညီညွတ်တဲ့အတွက်
မလုပ်သင့်တဲ့ကိစ္စပါလို့လည်း သူကပြောပါတယ်။ ဒါ့ကြောင့်လည်း အဖမ်းခံထားရသူ
တွေ ပြန်လွတ်လာမယ်လို့ မျှော်လင့်ထားပါတယ်။
“ထိန်းသိမ်းခေါ်ဆောင်သွားပြီးရင်လည်း မိသားစုတွေဆီ၊ သို့မဟုတ် အဖွဲ့က တာဝန်
ရှိတဲ့လူတွေဆီကို အကြောင်းကြားရမယ်။ ဒါပေမယ့် အခုထိ ဒါတွေကို သူတို့ဘက်က
ဆောင်ရွက်ခြင်းမရှိဘူး။ တခုတော့ ပြောစရာရှိတာပေါ့။ မေလ ၂၇ ရက်နေ့တုန်းက
ကျနော်တို့အဖွဲ့ချုပ်ဝင်တချို့ သူတို့ရဲ့ သဘောဆန္ဒအတိုင်း ဒေါ်အောင်ဆန်းစုကြည်
လွတ်မြောက်ဖို့ လမ်းလျှောက်ချီတက်ကြတယ်။ အဲဒီတုန်းကလည်း ဒီလိုပဲ ဖမ်းဆီး
ထိန်းသိမ်းခဲ့တာပဲ။ နောက် နှစ်ပတ်လောက်ကြာတဲ့အခါ သူတို့ စုံစမ်းမေးမြန်းပြီး
ပြန်လွှတ်ပေးခဲ့တယ်။ အခုကိစ္စမှာလည်း ကျနော်တို့အဖွဲ့ဝင်တွေက ဘာမှ အပြစ်မရှိတဲ့
အတွက် သူတို့ စုံစမ်းမေးမြန်းပြီးရင် အချိန်အတိုင်းအတာတခုအတွင်းမှာ ပြန်လွှတ်ပေး
လိမ့်မယ်လို့ ကျနော်တို့တော့ ယုံကြည်ပါတယ်။”
အန်န်အယ်လ်ဒီ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဒေါက်တာဝင်းနိုင် ပြောသွားတာဖြစ်ပါတယ်။
မေလ ၂၇ ရက်နေ့မှာ ဖမ်းဆီးခံရပြီးတော့ ပြန်လွှတ်ပေးလိုက်သူတွေနဲ့ပတ်သက်ပြီး
မြန်မာရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက အတည်ပြုပြောဆိုခဲ့တယ်လို့ ဇွန်လ ၂၆ ရက်
နေ့ အေအက်ဖ်ပီသတင်းတပုဒ်မှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် အခု ဇွန်လ ၁၉ ရက်နေ့
ဖမ်းဆီးမှုနဲ့ပတ်သက်လို့တော့ မြန်မာအစိုးရ တာဝန်ရှိသူတွေဘက်က တစုံတရာ
ပြောဆိုတာမျိုး မရှိသေးပါဘူး။