မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့က ဖမ်းဆီးခံခဲ့ကြရတဲ့ သူမကို ထောက်ခံသူတွေကို အာဏာပိုင်တွေက ပထမဆုံးအကြိမ်အဖြစ် တရားရုံးတင်ခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) က ပြောပါတယ်။ တချိန်တည်းမှာပဲ ပါတီဝင်တချို့ကို အာဏာပိုင်တွေဖက်က မေးမြန်းစုံစမ်းမှုတွေ လုပ်ဆောင် နေတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ ဒါတွေကို စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြပေးပါမယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၃) နှစ်မြောက် မွေးနေ့ပွဲကို ပြီးခဲ့တဲ့လ ၁၉ ရက်နေ့မှာ ကျင်းပခဲ့တုန်းက ဖမ်းဆီးခံခဲ့ရသူ တွေကို ရန်ကုန်မြို့က တရားရုံးတခုမှာ ရုံးထုတ်ခဲ့တာပါ။ မနေ့တုန်းက ဒီလို ရုံးထုတ်ခဲ့တဲ့နေရာမှာ သူတို့အပေါ် စွဲဆိုချက်နဲ့ ပတ်သက်လို့ အတိအကျ မသိရသေးပေမယ့် မတည်မငြိမ် ဖြစ်အောင် လှုံ့ဆော်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စွဲဆိုခဲ့တယ် ဆိုတာမျိုး ကြားရတဲ့အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဲန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က အခုလို ပြောပြပါတယ်။
"မနေ့ကပေါ့ သောကြာနေ့ ၄ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ကျနော်တို့ အဲဒီသတင်းကို ရတယ်။ အဲဒီသတင်းဆိုတာက ကျနော်တို့ တရားရုံးမှာ ဗဟန်းတရားရုံးမှာ ကြုံကြိုက်လို့ ရှေ့နေတယောက်က အဲဒါကို တွေ့ခဲ့တယ်။ အဲဒီ ၁၄ ယောက်ပေါ့။ သူကတော့ အဲဒီ ၁၄ ယောက်လို့တော့ မပြောဘူး။ အဲဒီနေ့က လူတွေကို ရုံးထုတ်တယ်တဲ့။ ရုံးထုတ်တာ ဆိုပေမယ့် ရမန်ယူတာလား၊ တရားစွဲတင်တာလား ဆိုတာ ကျနော်တို့ အခုထိ မသိရသေးဘူး။ အဲဒီနေ့ကလည်း ၄ နာရီလောက်မှသိတော့ ကျနော်တို့ အချိန်မရလို့ ကျနော်တို့ မသိလိုက်ရဘူးပေါ့လေ။ အဲတော့ အဲဒီဟာတော့ ဗဟန်းတရားရုံးကို ရုံးထုတ်တယ်ဆိုတာကတော့ မှန်တာပေါ့။ ၅၀၅ (ခ) နဲ့ ရမန်ယူတယ်လို့ ကျနော် ကြားတယ်။ ဒါပေမယ်လို့ ဒီဟာကိုတော့ သိပ် Confirm တော့ မလုပ်နိုင်သေးဘူး။ ၅၀၅ (ခ) က ရပ်ရွာ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်အောင်ဆောင်ရွက်တဲ့အခါမှာ တပ်တဲ့ပုဒ်မပါ။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ဒီလူတွေက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကြွေးကြော်တယ်။ ဒေါ်အောင်ဆန်းစုကြည် မတရား ဖမ်းဆီးခံနေရလို့ လွတ်မြောက်ရေး ကြွေးကြော်တာ အေးချမ်းသာယာရေးနဲ့ ဘာမှမဆိုင်ဘူ။ ဥပဒေအရ တဖက်သက်ကြီး ကိုယ်ပြောချင်ရာပြော လုပ်တာကတော့ မမှန်ဘူးပေါ့ဗျာ။ ဒီဥပဒေ ဒီပုဒ်မနဲ့တော့ မဆိုင်ဘူးလို့ ကျနော်တို့ ယူဆတယ်။"
အခုလို အဲန်အယ်လ်ဒီ အဖွဲ့ဝင်တွေကို ဖမ်းဆီးတဲ့လုပ်ရပ်နဲ့ ပတ်သက်လို့ ကန့်ကွက်တဲ့ စာတစောင်ကိုလည်း အဲန်အယ်လ်ဒီက မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံကို မကြာသေးခင်ကပဲ ပေးပို့ခဲ့ပါတယ်။ ဒါပေမယ့်လို့ မြန်မာစစ်အစိုးရ အာဏာပိုင်တွေ ဖက်ကတော့ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ တစုံတရာ ပြောတာ ဆိုတာမျိုးတော့ မကြားရပါဘူး။ တကယ်တော့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ လူထုအုံကြွမှု ကာလကတည်းက ဖမ်းဆီးခံထားရသူတွေဟာ ဆိုရင်လည်း အလားတူ ပုဒ်မအမျိုးမျိုး တတ်လိုက် ပြောင်းလဲလိုက်၊ နောက်ထပ် ရမန်အချုပ် ထပ်ယူလိုက်နဲ့ ဆက်လက် ဖမ်းဆီးထိန်းသိမ်းတာကို ခံနေရတာပါ။ အခုနောက်ဆုံး ဖမ်းဆီးခံခဲ့ရသူ အဲန်အယ်လ်ဒီ အဖွဲ့ဝင်တွေဟာလည်းပဲ တရားရုံးထုတ်ပြီး ထိန်းသိမ်းခံနေရတာမို့ ဒီလို တရားလက်မဲ့ အဖြစ်တွေနဲ့ ရင်ဆိုင်ရနိုင်တဲ့ အခြေအနေတွေနဲ့ ကြုံနေရတာပါ။ ဒါနဲ့ ပတ်သက်လို့ အဲန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ကတော့ -
"အဲဒီကိစ္စတွေက လုံး၀ ဥပဒေနဲ့ မညီဘူး။ ဒီလိုဆောင်ရွက်လို့ ဥပဒေရဲ့ ပြဌာန်းချက် လုံး၀ မရှိဘူး။ ကျနော် ပြောချင်တာက အခုကိစ္စလည်း အဲဒီလို ဖြစ်မယ်မဖြစ်မယ် ကျနော်တို့ မပြောနိုင်ဘူး။ အရင်လုပ်ခဲ့တဲ့ ဒီ ၈၈ ကျောင်းသားတွေကို အခုဖမ်းမိန့် ချုပ်မိန့်ပေးထားတာတွေက လုံး၀ ဥပဒေနဲ့ ဆန့်ကျင်နေတယ်။ အဲဒီတော့ တရား ဥပဒေကို ပြည်သူချည်းပဲ လိုက်နာလို့မရဘူး။ အစိုးရပါ လိုက်နာမှ တရားဥပဒေ စိုးမိုးရေးဆိုတာ ရှိမယ်လို့ ကျနော် အဲဒါကို ပြောချင်ပါတယ်။"
အခုလို အဲန်အယ်လ်ဒီ အဖွဲ့ဝင်တွေ ဖမ်းဆီးခံနေရတဲ့ တချိန်တည်းမှာပဲ ကျန်နေတဲ့ အဖွဲ့ဝင်တွေ အနေနဲ့လည်း အာဏာပိုင်တွေရဲ့ မေးမြန်းတာတွေ၊ စစ်ဆေးတာတွေနဲ့ ရင်ဆိုင်နေရတာတွေ ရှိနေတယ်လို့ လူငယ်အဖွဲ့ဝင် တဦးဖြစ်တဲ့ ကိုနေခြည်ဝင်း ကပြောပါတယ်။
"သူတို့ရဲ့ မိသားစုရဲ့ နောက်ခံအကြောင်းတွေကို စုံစမ်းတာတို့၊ SB တွေ ထောက်လှန်းရေးတွေဆီ ပို့တာတွေ ရှိတယ်။ အခုလောလောဆယ် အဲဒီလို လုပ်တဲ့မြို့နယ်တွေက တောင်ဥက္ကလာပမြို့နယ်၊ သံလျင်မြို့နယ်၊ တောင်ဥက္ကလာ မြို့နယ်၊ အဲဒီသုံးမြို့နယ်မှာ လုပ်တာတွေ့ရတယ်။ ဘာကြောင့်လာမေးတာလဲဆိုရင် ဘယ်သူမေးခိုင်းလို့ မေးတာပါလဲ ဆိုတာမျိုးပဲ ပြောတယ်။ တကယ်ဆိုလို့ရှိရင် သူတို့က ဒီလို ကိစ္စမျိုးကို စုံစမ်းမေးမြန်းလို့ ရတယ်လေ။ ဒါကတော့ လူငယ် လုပ်ငန်း အဖွဲ့ဝင်တွေကို သွယ်ဝိုက်သောနည်းလမ်းနဲ့ ခြိမ်းခြောက်တာကိုး။ ဆန္ဒခံယူပွဲပြီးတဲ့အခါမှာ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတယ် ဆိုတော့ ဆန္ဒခံယူပွဲတုန်းကလည်း လူငယ်လုပ်ငန်းအဖွဲ့ဝင် တော်တော်များများက သူတို့ရဲ့ မတရားမှုတွေကို ဖော်ထုတ်ခဲ့တာတွေ ရှိတယ်လေ။ အဲတော့ အဲဒီဖော်ထုတ်မှုကို မကျေနပ်တာကလည်း တကြောင်း၊ နောက်တခုကလည်း နောက် ရွေးကောက်ပွဲလုပ်တဲ့အခါမှာလည်း အဖွဲ့ချုပ်လူငယ်တွေ အနေနဲ့ ပုံစံတမျိုးနဲ့ ကြိုးစားလာမှာကို စိုးရိမ်လို့လုပ်တာလို့လည်း ယူဆရပါတယ်။"
အဲန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင်တချို့ အာဏာပိုင်တွေ မေးမြန်းစစ်ဆေးတာတွေနဲ့ ကြုံနေရတဲ့အကြောင်း အဲန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင် တဦးဖြစ်တဲ့ ကိုနေခြည်ဝင်း ပြောပြသွားတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လ ၂၇ ရက်နေ့တုန်းကလည်း ရခိုင်ပြည်နယ် တောင်ကုတ်မြို့က လူထုဆန္ဒခံယူပွဲကာလ ကတည်းက ဖမ်းဆီးခံနေရတဲ့ အဲန်အယ်လ်ဒီ ပါတီဝင် ၄ ယောက်ကို တောင်ကုတ်မြို့ တရားရုံးတခုကနေ ထောင်ဒဏ်ပြစ်ဒဏ် ၁ နှစ်စီ အသီးသီး ချမှတ်ခဲ့ပြီးနောက် အခုနောက်ဆုံး သံတွဲထောင်မှာ ပြစ်ဒဏ်တွေ ကျခံနေရပြီလို့လည်း လုပ်ဖော်ကိုင်ဖက် အဲန်အယ်လ်ဒီ အဖွဲ့ဝင်တွေက ပြောပါတယ်။