မြန်မာနိုင်ငံနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီအစည်းအဝေးမခေါ်ခင် တရက် မနေ့ကတော့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်းဟာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ မိတ်ဆွေနိုင်ငံများအစည်းအဝေးကို ခေါ်ယူကျင်းပခဲ့ပါတယ်။ တိတိပပ ရလာဒ်တွေမထွက်ခဲ့ပေမယ့်လို့ ဒါဟာ လုံခြုံရေးကောင်စီအစည်းအဝေးမှာ ဘယ်လိုဆွေးနွေးချက်တွေ ဘယ်လိုဆုံးဖြတ်ချက်တွေလုပ်မလဲဆိုတာ အတွင်းရေးမှုးချုပ်ကနေ အဖွဲ့ဝင်နိုင်ငံတွေအကြား ညှိုနှိုင်းတိုင်ပင်တဲ့ သဘောလို့ ယူဆရပါတယ်။ ဒီအကြောင်းကို ဦးသားညွန့်ဦးက တင်ပြပေးပါတယ်။
နယူးယောက် ကုလသမဂ္ဂဌာနချုပ် လုံခြုံရေးကောင်စီမှာတော့ အခု ဇူလှိုင် ၂၄ အမေရိကန်စံချိန် မွန်းလွဲပိုင်းမှာ မြန်မာ အရေးဆွေးနွေးပွဲ လုပ်ကြမှာပါ။ လုံခြုံရေးကောင်စီ အစည်းအဝေးမတိုင်ခင် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံတွေအကြား မတူညီတဲ့ သဘောထားတွေကို စုဆောင်းတာ၊ ညှိုနှိုင်းတာလုပ်တဲ့အနေနဲ့ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းကနေ အခု မြန်မာမိတ်ဆွေနိုင်ငံများအစည်းအဝေးကို ခေါ်ယူတာလို့ ယူဆရပါတယ်။ ဒီအစည်းအဝေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရသူတဦးဖြစ်တဲ့ Ms. Sound-AH က ဗွီအိုအေကို အခုလို ရှင်းပြခဲ့ပါတယ်။
"ကုလသမဂ္ဂအတွင်းရေးမှုးချုပ်အနေနဲ့ ဒီကနေ မွန်းလွဲပိုင်းမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဖွဲ့ထားတဲ့ မြန်မာမိတ်ဆွေနိုင်ငံများ အစည်းအဝေးကို ခေါ်ယူ ကျင်းပခဲ့ပါတယ်။ အစည်းအဝေးအတွင်းမှာ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီက အခုလာမယ့် သြဂုတ်လလယ် မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး ပြောဆိုဆွေးနွေးတင်ပြပါတယ်။ ဒီအဖွဲ့ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ဖွဲ့စည်းထားပြီးကတည်းကဆိုရင် အခု ၄ကြိမ်မြောက် အစည်းအဝေးလုပ်တာပါ။"
မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူတိုင်း ဆုံးဖြတ်ချက် ချမှတ်ရေး သဘောကွဲလွဲမှုတွေ ရှိတဲ့အတွက် အဖွဲ့ဝင်နိုင်ငံအများ ပါဝင်တဲ့ အထွေထွေ ညီလာခံကနေပဲ မြန်မာ့အရေးကို ဆုံးဖြတ်ချက်ယူလေ့ရှိပါတယ်။ အခု မြန်မာ မိတ်ဆွေ နိုင်ငံများဖွဲ့ရတဲ့ သဘောကလည်း လုံခြုံရေး ကောင်စီထက် ကျယ်ပြန့်တဲ့ အစုအဖွဲ့ ဖြစ်လာအောင် လုပ်တဲ့သဘောလို့ မြန်မာ့အရေး လေ့လာသူတွေက ယူဆပါတယ်။ ဒီကနေမှ အတွင်းရေးမှုးချုပ်က ကြားဝင် ညှိုနှိုင်းပြီး အခြားအဆင့်တွေအတွက် ဘယ်လို ဆက်မလဲဆိုတာ သဘောထားတွေ စုဆောင်း ညှိုနှိုင်းတာလို့ဆိုပါတယ်။ ဒါပေမယ့် အခု ဒီ မိတ်ဆွေနိုင်ငံများအသင်းကရော တကယ်တမ်း အထွေထွေ ညီလာခံလောက် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို ကိုယ်စားပြုနိုင်ပ့ါမလား။ ဒါက မစ္စတာဂင်ဘာရီခရီးစဉ်အတွက်ပဲ သက်သက် ညှိုနှိုင်းနေတဲ့သဘော မသက်ရောက် နေဘူးလားလို့ မေးတော့ ပြောခွင့်ရသူ မစ္စ ဆောင်အာ့က အခုလို ဖြေပါတယ်။
"ဒါဟာ အဖွဲ့ဝင်နိုင်ငံတွေကို အတော်လေး ကျယ်ကျယ်ပြန့်ပြန့်ကိုယ်စားပြုနိုင်ပါတယ်။ အတွင်းရေးမှုးချုပ်အနေနဲ့ သူဆောင်ရွက်ရမယ့်တာဝန်တွေကို ဆောင်ရွက်ဖို့ ဒီအဖွဲ့နဲ့ အရင်ကနဦး ညှိုနှိုင်းဆောင်ရွက်လိုပါတယ်။ အစည်းအဝေးရဲ့ ရည်ရွယ်ချက်ကတော့ အခြေအနေတွေ တိုးတက်ကောင်းမွန်လာအောင် ဘယ်လိုရှေ့ဆက်ဆောင်ရွက်မလဲဆိုတာကို အပြန်အလှန်အမြင်ချင်းဖလှယ်ကြတဲ့သဘောပါ။ အထူးသဖြင့်တော့ မစ္စတာဂန်ဘာရီ မြန်မာနိုင်ငံကို မသွားခင် အမြင်တွေ ဖလှယ်ကြတဲ့သဘောပါ။ မစ္စတာဂန်ဘာရီရဲ့ မြန်မာနိုင်ငံသွားတဲ့ အခုခရီးစဉ် ဒါမှမဟုတ် ခရီးစဉ်တွေအတွက်ပဲသက်သက် ဆောင်ရွက်တာမဟုတ်ဘူးဆိုတာကို အတွင်းရေးမှုးချုပ်က အလေးပေးပြောထားပါတယ်။ ဒါဟာ မြန်မာအစိုးရနဲ့ ညှိုနှိုင်းဆက်သွယ်နိုင်တဲ့ ပုံမှန်လမ်းကြောင်း တခုဖြစ်ပါတယ်။"
အတွင်းရေးမှုးချုပ်ရဲ့ ဒီမိတ်ဆွေနိုင်ငံများအဖွဲ့မှာတော့ သြစတေးသျှ၊ တရုတ်၊ ပြင်သစ်။ အိန္ဒိယ၊ အင်ဒိုနီးရှား ဂျပန် နော်ဝေး ရုရှား စင်ကာပူ တောင်ကိုရီးယား ထိုင်း ဗြိတိသျှ အမေရိကန်ပြည်ထောင်စု ဗီယက်နာမ် ဥရောပသမဂ္ဂနဲ့ ဥရောပ မိသားစုတို့ ပါဝင်ကြပါတယ်။
မနက်ဖြန် လုံခြုံရေးကောင်စီအစည်းအဝေးမှာတော့ မစ္စတာ ဂမ်ဘာရီကနေ မြန်မာ့နိုင်ငံရေးအခြေအနေကို အဖွဲ့ဝင်နိုင်ငံတွေကို တင်ပြဆွေးနွေးဖို့ရှိပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေအကြားမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အဆိုပြုချက်အမျိုးမျိုးရှိနေပေမယ့်လို့ ယတိပြတ် တခုခုကို အဖွဲ့ဝင်နိုင်ငံတွေအကြားမှာ အခုအချိန်အထိ ညှိုနှိုင်းလို့မပြီးသေးပြီလို့သိရပါတယ်။ ဒီအထဲမှာတော့ အာဆီယံဦးဆောင်တဲ့ အာရှနိုင်ငံတွေက ကမကထလုပ်ပြီး မြန်မာ့ဒီမိုကရေစီရေးအစည်းအဝေးခေါ်ယူဖို့ကိစ္စလည်း ပါဝင်တယ်လို့သိရပါတယ်။ အမေရိကန်ပြည်ထောင်စုဖက်ကတော့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်တခုခု ချမှတ်ရေး အရင်ကထက်က ကြိုးစားထားတာရှိပေမယ့် အခုမနက်ဖြန်မှာ အဆိုပြုချက်တခုခု ဆုံးဖြတ်ချက်မူကြမ်းတခုခု တင်ပြချေရှိမရှိ မသိရသေးပါဘူး။ ပြီးခဲ့တုန်းက ဗြိတိသျှနဲ့အမေရိကန်ပြည်ထောင်စုတို့တင်သွင်းခဲ့တဲ့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်မူကြမ်းကိုတော့ တရုတ် ရုရှားတို့က ဗီတိုသုံးပယ်ချခဲ့တာမို့၊ ဒီနိုင်ငံတွေအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီထဲ ကာဆီးကာဆီး လုပ်သွားဦးမယ်လို့တော့ လေ့လာသူတွေက ယူဆထားကြပါတယ်။