သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် NLDနဲ့တွေ့


ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တော်သစ်ဖြစ်တဲ့ တိုမာ့စ် အိုဟဲယား ကင်တာနား ဟာ သူ့ရဲ့ ခရီးစဉ် တစိတ်တပိုင်းအဖြစ် နိုင်ငံရေးနဲ့ တိုင်းရင်းသား အဖွဲ့အစည်း တချို့ကို တွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီလို တွေ့ဆုံတဲ့အထဲက အများစုဟာ မြန်မာ စစ်အစိုးရကို လိုလားတဲ့ အဖွဲ့အစည်းတွေဖြစ်နေတာ၊ အတိုက်အခံ ဒီမိုကရေစီရေး လှုပ်ရှားနေကြသူတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံနိုင်ခြင်း မရှိသေးတာတွေကြောင့် အားမလို အားမရ ဖြစ်နေတာတွေလည်း ရှိနေတာပါ။ အကြောင်းစုံကို ကိုအောင်လွင်ဦး က တင်ပြပေးပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းစစ်ဆေးဖို့ ရောက်နေတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တိုမာ့စ် အိုဟဲယား ကင်တာနား (Tomas Ojea Quintana) က မြန်မာနိုင်ငံက အဓိက အတိုက်အခံ နိုင်ငံရေး ပါတီကြီး တခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အပါအဝင် နိုင်ငံရေး အဖွဲ့အစည်း တချို့နဲ့ တွေ့ဆုံခဲ့တာပါ။ အစိုးရ ဧည့်ဂေဟာမှာ အထူးကိုယ်စားလှယ် တွေ့ဆုံခဲ့တာနဲ့ ပတ်သက်လို့ ရန်ကုန် ကုလသမဂ္ဂရုံးရဲ့ ပြန်ကြားရေး အရာရှိ ဦးအေးဝင်းက အခုလို ပြောပြပါတယ်။

"ရန်ကုန်မှာပါပဲ နိုင်ငံရေးပါတီတွေနဲ့ တွေ့ပါတယ်ခင်ဗျ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီရယ်၊ ဝံသာနု NLD အဖွဲ့ရယ်၊ တစ်သီးပုဂ္ဂလအဖွဲ့ရယ်၊ 88 Generation Student Union of Myanmar။ ပအို့ဝ် အမျိုးသားအဖွဲ့ အဲဒါပါပဲခင်ဗျ။"

အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့တဲ့ အန်အယ်လ်ဒီ ပါတီကတော့ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ သူတို့ဖက်က ပြောဆိုတင်ပြခဲ့တာတချို့ ရှိခဲ့တယ်လို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က ပြောပြပါတယ်။

"ကျွန်တော်တို့ ပြောဖြစ်တဲ့ ကိစ္စကတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အတွက် ဥပဒေအရ ပေးတဲ့ အယူခံ အခွင့်အရေးကို ငြင်းပယ်တဲ့ ကိစ္စကိုလည်း ပြောခဲ့တယ်။ နောက် နိုင်ငံရေး အကျဉ်းသားတွေ ကိစ္စ၊ နိုင်ငံရေး အကျဉ်းသားတွေဟာ ယုံကြည်ချက်ကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေ ဟိုပုဒ်မ ဒီပုဒ်မနဲ့ အကျဉ်းချထားတဲ့ကြားထဲက လူ့အခွင့်အရေး ချိုးဖောက်တဲ့ ကိစ္စ၊ အဲဒါတွေကိုလည်း တင်ပြခဲ့တယ်။ နောက်တခုက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ မသမာတဲ့ နည်းလမ်းတွေ သုံးခဲ့တယ်ဆိုတဲ့ အချက်အလက်တွေကိုလည်း ပြောပြဆွေးနွေးခဲ့ပါတယ်။ သွားတာက ဦးလွင်ရယ်၊ ဦးညွန့်ဝေရယ်၊ CECအဖွဲ့ဝင် ဦးသန်းထွန်းရယ်၊ နဂိုကတော့ ဥက္ကဌ ဦးအောင်ရွှေ သွားဖို့ပါ။ သို့သော်လည်း ဥက္ကဌက ဒီနေ့ ကျန်းမာရေး သိပ်မကောင်းတာနဲ့ မလိုက်ဖြစ်တာပါ။ ဒါကြောင့် သုံးယောက်ပဲ သွားပါတယ်။"

ဒါပေမဲ့လည်း ဒီလိုတွေ့ဆုံမှုတွေမှာ ဆွေးနွေးနိုင်ဖို့ အခွင့်မသာတဲ့အပြင် အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံဖို့ အချိန်တိုတိုသာ ရခဲ့တယ်လို့လည်း ဦးဉာဏ်ဝင်း က ဆိုပါတယ်။

"ဒီနေ့ မနက် ၁၀နာရီခွဲမှာ ကျွန်တော်တို့ လူကြီးတွေကို သက်ဆိုင်ရာက လာခေါ်သွားပါတယ်။ မြရိပ်ညို ဟိုတယ်မှာ နေရာချထားတယ်။ ၁၀နာရီခွဲကသွားတာ ၁နာရီၤခွဲကျမှ လူ့အခွင့်အရေး ကိုယ်စားလှယ်ကြီးနဲ့ တွေ့ခွင့်ရတယ်။ တွေ့ခွင့်ရတဲ့ အချိန်က ၁၀မိနစ်ပဲရတယ်။ ဘာကြောင့်လဲဆိုတော့ သက်ဆိုင်ရာက စီစဉ်ထားတာက NLD၊ တစည၊ နောက်နိုင်ငံရေး ပါတီမဟုတ်ဘဲနဲ့ နိုင်ငံရေး အလုပ်လုပ်တဲ့ အဖွဲ့တွေ၊ နာမည် တပ်ထားတာက ဝံသာနုတို့၊ ၈၈မျိုးဆက်ပြည်ထောင်စု မြန်မာနိုင်ငံတို့ အဲဒါမျိုးကလည်း လေးဖွဲ့လောက်ပါတယ်။ အားလုံး ခြောက်ဖွဲ့ဖြစ်သွားတာပေါ့။ အဲဒါကို တပြိုင်တည်း မစ္စတာ ကင်တားနားနဲ့ တွေ့ဖို့ စားပွဲတွေ၊ နေရာတွေ ဆင်ထားတယ်။ သို့သော်လည်းပဲ မစ္စတာ ကင်တားနားက ဒီလို တွေ့တာထက် ကို တဖွဲ့ချင်းတွေ့တာက ပိုကောင်းပါတယ်ဆိုတော့မှ တဖွဲ့ချင်း ပြန်ပြီးတော့ တွေ့ရပါတယ်။ NLDက ပထမဆုံးတွေ့ရတယ်။ အားလုံးက ၁၀မိနစ်ဆီပဲ ရပါတယ်။ ဒါကြောင့် အပြန်အလှန်ဆွေးနွေးဖို့ အချိန်မရဘူး။ "

လူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ ခရီးစဉ်အတွင်း အတိုက်အခံ ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေနဲ့ တွေ့ဆုံတာထက် မြန်မာစစ်အစိုးရနဲ့ နီးစပ်သူတွေနဲ့ တွေ့ဆုံတာတွေကသာ ပိုများနေတာပါ။ ဒီအတွက်ကြောင့် မို့လို့လည်း လူ့အခွင့်အရေး ကိုယ်စားလှယ်နဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားကြတဲ့ နိုင်ငံရေး အင်အားစုတွေကြား စိတ်ပျက် လက်ပျက် ဖြစ်နေရတာ တွေလည်း ရှိပါတယ်။ ဒီအထဲက တိုင်းရင်းသား နိုင်ငံရေးေ ခါင်းဆောင်တဦဖြစ်တဲ့ ဇိုမီးအမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးကျင့်ရှင်းထန် ကတော့ -

"ပြောချင်တာကတော့ ကျွန်တော်တို့ ဒီမှာ လူ့အခွင့်အရေး ချိုးဖောက်ခံထားရတဲ့သူတွေရဲ့ အခြေအနေကို လာကြည့်တဲ့ ပုဂ္ဂိုလ်အနေနဲ့က အခွင့်အရေးကို ချိုးဖောက်ခံနေရတဲ့ သူတွေနဲ့ တွေ့ဖို့က အရေးအကြီးုဆုံးလို့ ကျွန်တော်အနေနဲ့ မြင်ပါ တယ်။ အဲဒီလို မဟုတ်ဘဲနဲ့ သူတို့က နိုင်ငံတော်အစိုးရရဲ့ အသင့်ပြင်ပြီးတော့ သူတို့ပြချင်တဲ့သူ၊ သူနဲ့ တွေ့စေချင်တဲ့သူ လောက်နဲ့ပဲ တွေ့တယ်ဆိုတော့ သူတာဝန်မကျေဘူးလို့ ကျွန်တော်တော့ ဒီလိုပဲ ပြောချင်တယ်။"

ဒီလို လူ့အခွင့်အရေး ကိုယ်စားလှယ် တွေ့ဆုံခွင့် ရမယ်၊ မရဘူး အခုအချိန်အထိ မသေမချာ ဖြစ်နေရတဲ့အထဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း တဦးအပါအဝင် ဖြစ်ပါတယ်။ ဒီလို ဝေဖန်သံတွေ ကြားနေရတဲ့ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ရန်ကုန် ကုလသမဂ္ဂရုံး ပြန်ကြားရေး အရာရှိ ဦးအေးဝင်း ကို မေးကြည့်ပါသေးတယ်။

"လူ့အခွင့်အရေးကိုယ်စားလှယ်နဲ့ နိုင်ငံတော် အာဏာပိုင်နဲ့ ဆွေးနွေးပြီးတော့ အဆင်သင့်သလို ဆောင်ရွက်သွားတဲ့ကိစ္စမှာ ဖြစ်လာတဲ့ဟာတွေကို ကြိုမပြောနိုင်သေးပါဘူး။ ပြောခွင့်လည်း မရှိပါဘူး။"

အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ကတော့ အစိုးရနဲ့ ညှိနှိုင်း သွားလာနေရတဲ့ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ အခုလို ကောက်ချက်ချပါတယ်။

"ဒီနေ့ အစီအစဉ်တွေတင် မဟုတ်ပါဘူး။ အရင်နေ့ အစီအစဉ်တွေမှာလည်း တွေ့ရတယ်ဆိုတဲ့ သတင်း ကြားတာတွေ ကလည်း ဒီသဘောပါပဲ။ သူတို့ အစိုးရအတွက် ထောက်ခံပြောဆိုမယ့် အဖွဲ့အစည်းတွေက ပိုများမယ်၊ အသံပိုကျယ်မယ်၊ အသံများမယ်။ ဒါသေချာသလောက်ပါပဲ။ ကျွန်တော်တို့ ထင်တာကတော့ အဲဒီလို အစိုးရကလည်း စီစဉ်တယ်တဲ့ သဘောလို့လည်း ထင်တယ်။"

လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟာ မနေ့တုန်းကတော့ ရန်ကုန်မြို့ အင်းစိန်ထောင်ကို သွားရောက်ပြီး ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်ကြတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်၊ သံဃာတော်တပါးဖြစ်တဲ့ အရှင်ဂမ္ဘီရ၊ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေး အပါအဝင် အကျဉ်းကျခံနေရသူ ၅ ယောက်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒီနေ့ မွန်းလွဲပိုင်းမှာတော့ နေပြည်တော်ကို သွားပြီးတော့ အစိုးရ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဦးမှာပါ။ ဒီနောက် မနက်ဖြန် ရောက်ရင်တော့ သူ့ရဲ့ ခရီးစဉ်အဆုံးသတ်ပြီး မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာဖို့ ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG