စက်တင်ဘာလ ၂၀၀၇ ခုနှစ်က ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီကနေ ဌာနေ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ဆိုင်ရာ ကြေညာစာတမ်းကို ပြဌာန်းခဲ့ပြီးတဲ့နောက် ဒီနှစ်မှာတော့ ကမ္ဘာပေါ်က ဌာနေ တိုင်းရင်းသားလူမျိုးများရဲ့ နိုင်ငံတကာနေ့ကို ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဌာနေ တိုင်းရင်းသားတွေရဲ့ နိုင်ငံတကာ အထိန်းအမှတ် နေ့မှာ ကိုလံဘီယာနိုင်ငံက အတင်းအဓမ္မ အိုးအိမ် ရွှေ့ပြောင်းခံရပြီး အကြမ်းဖက်မှု အန္တရာယ်တွေနဲ့ ရင်ဆိုင်ကြုံတွေ့ နေရတဲ့ ဌာနေတိုင်းရင်းသားလူမျိုးစုတွေရဲ့ ကံကြမ္မာနဲ့ပတ်သက်လို့ အများ အာရုံစိုက်မှုရအောင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအဖွဲ့က ကြိုးပမ်းခဲ့တဲ့အကြောင်း ဗွီအိုအေ သတင်းထောက် Lisa Schlein က ဂျနီဗာမြို့ကနေ သတင်းပေးပို့ပါတယ်။
ကမ္ဘာတဝှမ်းမှာ ဌာနေ တိုင်းရင်းသား ဒါမှမဟုတ် ဒေသရဲ့ မူရင်းနေထိုင်သူ စုစုပေါင်း သန်း ၃၇၀ ရှိပြီး အများစုဟာ အခုချိန်ထိ လူမှုအသိုင်းအဝိုင်းရဲ့ ထုတ်ပယ်ဆက်ဆံမှုကို ဆက်လက် ခံနေကြရဆဲ ဖြစ်သလို ခွဲခြားဆက်ဆက်ခံရမှုတွေနဲ့ မတရား ပြုမှုဆက်ဆံခံရမှုတွေနဲ့ တွေ့ကြုံ ခံစားနေကြရဆဲ ဖြစ်ပါတယ်။
ဌာနေ တိုင်းရင်းသားများဆိုင်ရာ ကြေညာစာတမ်းဟာ အလွန် အရေးပါတဲ့ စာတမ်းတခု ဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ပြောခွင့်ရသူ Rupert Colville က ဆိုပါတယ်။
"ကမ္ဘာပေါ်က ဌာနေတိုင်းရင်းသားတွေရဲ့ အကျိုးစီးပွား နဲ့ အသက်ရှင် ရပ်တည်ခွင့်တွေအတွက် အခြေခံ ရှိသင့်တဲ့ အချက်အလက်တွေကို ဒီကြေညာစာတမ်းမှာ ပြဌားန်ထားပါတယ်။ သူတို့တွေ ရင်ဆိုင်ကြုံတွေ့ရတဲ့ သမိုင်းစဉ်ဆက် မတရားမှုတွေ အထူးသဖြင့် ဌာနေ တိုင်းရင်းသားတွေ အဓိက ကြုံတွေ့ရတဲ့ မြေယာပိုင်ဆိုင်မှု အခွင့်အရေးလိုမျိုး ကိစ္စတွေမှာ ဖြေရှင်းပေးနိုင်ဖို့အတွက် ကြိုပမ်းချက်တခုလည်း ဖြစ်ပါတယ်။ ဌာနေ တိုင်းရင်းသားတွေဟာ သူတို့ရဲ့ မြေယာတွေ အတင်းအဓမ္မ သိမ်းပိုက်တာ ခံရသလို အဲဒီလိုမြေတွေ ပြန်ရဖို့ ကြိုးစားရာမှာလည်း ဒုက္ခ အမျိုးမျိုးနဲ့ ရင်ဆိုင်ကြရပါတယ်။"
ဌာနေ တိုင်းရင်းသားများ အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်း အတည်ပြုပြဌာန်းနိုင်ဖို့ ဆယ်စုနှစ် ၂ စုကျော် ကြာခဲ့ပါတယ်။ ဌာနေ တိုင်းရင်းသားတွေ ရင်ဆိုင်ရတဲ့ အကျပ်အတည်း ပြဿနာတွေကို ဒီ ကြေညာစာတမ်းက အသိအမှတ်ပြုတာပါ။ ကမ္ဘာပေါ်က နိုင်ငံပေါင်းများစွာမှာ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို စနစ်တကျ ဆက်ပြီး ချိုးဖောက်နေဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီက ကိုလံဘိုနိုင်ငံက ဌာနေတိုင်းရင်းသားတွေရဲ့ ဝမ်းနည်းစရာကောင်းတဲ့ အခြေအနေတွေကိ မီးမှောင်းထိုးပြပါတယ်။ ကိုလံဘိုနိုင်ငံရဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကြောင့် ဒီဌာနေ တိုင်းရင်းသားအုပ်စုတွေ အားလုံးနီးပါးဟာ သူတို့ နေထိုင်ရာ ဒေသတွေကနေ အတင်းအဓမ္မ ရွှေ့ပြောင်းခံရတာ ဒါမှမဟုတ် ခြိမ်းခြောက် မောင်းနှင်ခံရတာတွေနဲ့ ကြုံတွေ့နေကြရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအဖွဲ့ UNHCR ပြောခွင့်ရသူ Roy Redmond က ဆိုပါတယ်။
"နိုင်ငံရဲ့ ဌာနေတိုင်းရင်းသားများ အဖွဲ့ ONIC ရဲ့ အဆိုအရ ဌာနေတိုင်းရင်းသား လူမျိုးစုငယ် ၁၈ ဖွဲ့ဟာ လူမျိုး ပျောက်လုနီးပါး အန္တရာယ်နဲ့ ကြုံတွေ့နေရပါတယ်။ အစိုးရ စာရင်းအရ နှစ်စဉ်နှစ်တိုင်း နေရပ် ဒေသကနေ ထွက်ပြေးကြရပြီးတဲ့ ဌာနေတိုင်းရင်းသား ခန့်မှန်းချေ ၁ သောင်းကနေ ၂ သောင်းအထိ ရှိပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်း အရေအတွက်ဟာ အခုထက် အများကြီး ပိုများနိုင်တယ်လို့ ONIC အဖွဲ့က ခန့်မှန်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ ဌာနေတိုင်းရင်းသားတွေရဲ့ နေရပ်ဒေသတွေက ဝေးလံပြီး လူသူခေါင်တဲ့နေရာတွေမှာ ရှိတာကြောင့် ဒါမှမဟုတ် သူတို့အနေနဲ့ စပိန်ဘာသာစကားကို မပြောနိုင်တာ၊ ဒါမှမဟုတ်ရင်လည်း သန်းခေါင်းစာရင်း စနစ်နဲ့ အကျွမ်းတဝင် မရှိတာတွေကြောင့် အစိုးရရဲ့ စားရင်းထဲမှာ ဌာနေ တိုင်းရင်းသား အတော်များများ မပါကြပါဘူး။"
အစိုးရရဲ့ စာရင်းဟာ ကိုလံဘီယာမှာရှိတဲ့ ဌာနေတိုင်းရင်းသား လူမျိုးစုတွေ ဆိုးဆိုးရွားရွား ကြုံတွေ့ရင်ဆိုင်နေကြရတဲ့ နေရပ်က အတင်းအဓမ္မ ရွှေ့ပြောင်းခံရမှုတွေထဲက တစိတ်တပိုင်းကိုပဲ ဖော်ပြနိုင်တာ ဖြစ်တယ်လို့ Redmond က ဆိုပါတယ်။ ဌာနေတိုင်းရင်းသားတွေရဲ့ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု စတာတွေ ဆက်လက် ရှင်သန်နိုင်ရေးဟာ သူတို့ ဘိုးဘွားစဉ်ဆက် မှီတင်းနေထိုင်လာခဲ့တဲ့ နေရပ်ဒေသနဲ့ အများကြီး ဆက်စပ်နေတာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
သူတို့ရဲ့ နေရင်းဇာတိမြေတွေ ဆုံးရှုံးတဲ့အခါ၊ သူတို့ရဲ့ နေရပ်ကနေ မြို့ကြီးတွေကို အတင်းအဓမ္မ ရွှေ့ပြောင်းခံရတဲ့ အခါမျိုးတွေမှာ ဌာနေတိုင်းရင်းသားတွေရဲ့ အသက်ရှင် ရပ်တည်နိုင်ရေးကို အကြီးအကျယ် ခြိမ်းခြောက်တာမျိုး ကြုံတွေ့ကြရတာတွေ အများကြီး ရှိတယ်လို့လည်း Redmond က ပြောပါတယ်။ ဒီအထဲမှာ စစ်အစိုးရ အုပ်ချုပ်တဲ့ မြန်မာနိုင်ငံက ဌာနေ တိုင်းရင်းသားတွေလည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံက တိုင်းရင်းသားနယ်မြေတွေမှာလည်း လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက် ဖြစ်နေဆဲဖြစ်သလို စစ်ပွဲတွေအကြား ထွက်ပြေးတိန်းရှောင်နေရတဲ့ ဌာနေတိုင်းရင်းသားတွေဟာ သူတို့ရဲ့ ရိုးရာ ယဉ်ကျေးမှုတွေနဲ့ အသက်ရှင်ရပ်တည်နိုင်ရေးတွေ ခြိမ်းခြောက်ခံနေရတာ ဖြစ်တယ်လို့ ဒီလို မြန်မာနိုင်ငံက ဌာနေတိုင်းရင်းသားတွေရဲ့ ကြုံတွေ့ရတဲ့ အခြေအနေတွေကို ၂၀၀၅ ခုနှစ်က ကုလသမဂ္ဂရဲ့ အမြဲတမ်း ဌာနေတိုင်းရင်းသား အခွင့်အရေး ညီလာခံမှာ သွားရောက်ဆွေးနွေးခဲ့တဲ့ ကိုဝေလင်းအောင်က ပြောပြပါတယ်။
"ဌာနေတိုင်းရင်းသား လူငယ်တယောက်အနေနဲ့ ကျနော်တို့ မြန်မာပြည်မှာရှိတဲ့ ဌာနေတိုင်းရင်းသား အခွင့်အရေးဟာ ဘယ်လို ရှိတယ် ဆိုတဲ့ဟာကို ကျနော်တို့ သွားပြီးပြောတယ်။ အဲဒီနေရာမှာ အများသောအားဖြင့်က ကျနော်တို့ မြန်မာပြည်မှာရှိတဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ အခြေအနေဟာ အစာရေစာ ငတ်မွတ်ခေါင်းပါးမှု ပြဿနာတွေနဲ့ ကြုံတွေ့ရတယ်၊ အခြေခံ ပညာရေး အဆင့်အတန်းတွေတောင်မှ ဆုံးရှုံးရတယ် ဆိုတဲ့ အခြေအနေဟာ မြန်မာပြည်မှာ ကျနော်တို့ ဌာနေတိုင်းရင်းသားတွေရဲ့မြေမှာ ဆယ့်နှစ်ရာသီ စစ်ဖြစ်နေတဲ့အတွက်ကြောင့် ဌာနေတိုင်းရင်းသားတွေရဲ့ ရိုးရာ၊ ဓလေ့၊ ယုံကြည်မှု၊ ဘာသာစကားတွေ၊ အခွင့်အရေးတွေ မလုပ်ဆောင်နိုင်တဲ့အပြင်၊ ဒီ စစ်ပွဲတွေ ကြားမှာပဲ ထွက်ပြေးတိန်းရှောင်နေရတဲ့အပြင် ဒီလိုမျိုး ကိုယ့်ရဲ့ ဘာသာ၊ ဓလေ့၊ ထုံးတမ်း မိရိုးဖလာ ဗဟုသုတတွေ ပျောက်ဆုံး ရတယ်။ ပျောက်ဆုံးရတော့ ကိုယ့်ရဲ့ အသက်ရှင်သန် နေထိုင်နိုင်ဖို့အထိ ခြိမ်းခြောက်လာတဲ့ အနေအထားပေါ့။ ဥပမာအားဖြင့် - မိဘဓလေ့ထုံးတမ်းကနေပြီးတော့ ဒီရာသီမှာ ဒီလိုမျိုး ကောက်ရိတ်သိမ်းပွဲတွေ၊ ကောက်စိုက်ရတယ် စသဖြင့် ဗဟုသုတတွေ မျိုးဆက်သစ်တွေမှာ အစဉ်တစိုက် ဆက်ပြီးတော့ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း နဲ့ ဆက်ပြီး လုပ်နိုင်တဲ့ အနေအထားတွေကလည်း ပျောက်ဆုံးရတယ်။ ဒီစစ်ပွဲတွေကြောင့်၊ ဒါတွေကို ကျနော်တို့က အဓိက ၂၀၀၅ ခုနှစ်က ဌာနေတိုင်းရင်းသားတွေရဲ့ ညီလာခံမှာ ပြောဆိုခဲ့တာပါ။"
မြန်မာနိုင်ငံက တိုင်းရင်းသား လူငယ်တဦးဖြစ်တဲ့ ကိုဝေလင်းအောင် ပြောပြခဲ့တာဖြစ်ပါတယ်။